Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 1, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်အတွက် နောက်ထပ်အိပ်မက်ဆိုးများ


ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် သူဖြုတ်ချခဲ့သော အရွေးကောက်ခံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထနာနှင့် သူမ၏ အစ်ကို ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထနာတို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၂၀၁၄ ခု မေလတွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးပရာယွတ်သည် ၂၀၁၅ နှစ်ဆန်းချိန်မှစ၍ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို နိုင်ငံတော်အပေါ် တာဝန်ပျက်ကွက်မှုဖြင့် လွှတ်တော်တွင် စွဲချက်တင်ကာ နိုင်ငံရေးမှ ငါးနှစ်ပိတ်ပင်မှုပြုရုံမက နိုင်ငံတော်ရှေ့နေချုပ်မှလည်း ရာဇဝတ်ကြောင်းအရ ဆက်လက်အရေးယူရန် ပြင်ဆင်လျက်ရှိသည်။

ထိုင်းပါလီမန်တွင် လာရောက်အစစ်ခံသော ယင်းလပ်က “ဆန်စပါးနဲ့ဆိုင်တဲ့ ထောက်ပံ့ကြေးကိစ္စဟာ ဝန်ကြီးတစ်ဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ကြတာပါ။ ဒီစီမံကိန်းကို အဖွဲ့နဲ့ လူအများကြီး လုပ်ကြရာမှာ ဘာပြုလို့ ကျွန်မတစ်ယောက်တည်း ရွေးပြီး စွဲချက်တင်တာလဲ။ ကျွန်မတစ်ယောက်တည်း ကွက်ပြီး အရေးယူဖို့ လုပ်နေတယ် ဆိုကတည်းက နောက်ကွယ်မှာ မရိုးသားတဲ့ အကြံအစည်တွေ ရှိနေတာ သိသာနေပါပြီ။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှု တစ်ခုသာ ဖြစ်ပါတယ်” ဟု အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးပုံကို တရားမျှတမှု မရှိကြောင်း ကန့်ကွက်ပြောဆိုခဲ့လေသည်။

ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာကြီးကတော့ ယင်းစစ်ဆေးမှုကို အလွန်ရယ်စရာကောင်းသော ပြကွက်ဟု ရေးသားလိုက်လေသည်။ ရာထူးမှ ဖြုတ်ချထားပြီးသော ဝန်ကြီးချုပ်ဟောင်းတစ်ဦးကို ပါလီမန်မှ အယုံအကြည်မရှိ စွဲချက်တင်ကာ ဖြုတ်ချဖို့ လုပ်ခြင်းမှာ မရှိသော အရာကို ခပ်တည်တည် အယုံအကြည်မရှိ အဆိုတင်ကာ ဖြုတ်ချနေခြင်းဖြစ်ပြီး အခြေခံဥပဒေတွင် အသုံးလုံးမကျေခြင်း ဖြစ်သည်ဟု ထိုသတင်းစာက ဆိုပါသည်။ အခြားသတင်းစာများကလည်း ထိုင်းနိုင်ငံတွင် အခြေခံဥပဒေလည်းမရှိ၊ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေချိန် ဖြစ်သလို ယခုစွဲချက်တင်သော ပါလီမန်ကလည်း အာဏာသိမ်းစစ်ကောင်စီ NCPO (ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု အမျိုးသားကောင်စီ) မှ စိတ်တိုင်းကျ ခေါင်းခေါက်ရွေးထားသော ပါလီမန် ဖြစ်နေသောကြောင့် NCPO ၏ ရည်ရွယ်ချက်သည် သက်ဆင်မောင်နှမကို နိုင်ငံရေးနယ်ပယ်တွင် လုံးဝနာလန်မထူနိုင်အောင် လုပ်လိုကြောင်း ထင်ရှားသည်ဟု ရေးကြလေသည်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို စွပ်စွဲထားသော ဆန်စပါးထောက်ပံ့မှု စီမံကိန်းတွင် ပေါ့လျော့မှုမှာ ထိုင်းနိုင်ငံအတွက် ဘဏ္ဍာငွေ အလွန်ပင် နစ်နာရသော အမှုကြီးတစ်မှုဆိုလျှင် မမှားပေ။ ယင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး တင်ပို့သော ထိုင်းနိုင်ငံသည် ဆန်များကို သိုလှောင်၍ ကမ္ဘာဆန်ဈေးနှုန်း တက်လာအောင် လုပ်ရန်ဖြစ်သည်။ ပထမဆင့်အဖြစ် ထိုင်းလယ်သမားများ လက်ထဲမှ ဆန်စပါးများကို ပေါက်ဈေးထက် နှစ်ဆ ပိုပေး၍ အစိုးရမှ ဝယ်ယူမည်။ ယင်းနောက် ထိုဆန်စပါးများကို သိုလှောင်ပြီး ဆန်ဈေးတက်လာအောင် စောင့်ကာ ထုတ်ရောင်းမည်ဖြစ်သည်။ လယ်သမားများကို ဆန်ဈေးတိုးမြှင့်မည်ဆိုပြီး မဲဆွယ်စည်းရုံးထားသော ယင်းလပ်အတွက် ထိုစီမံကိန်းသည် အလွန်သင့်လျော်နေတော့သည်။ သို့သော် ထိုစီမံကိန်းသည် ခန့်မှန်းသလို ဖြစ်မလာခဲ့။ ကမ္ဘာ့ဆန်ဈေးကွက်ထဲသို့ အိန္ဒိယနှင့် ဗီယက်နမ်တို့မှ ဆန်များ လှိမ့်ဝင်လာကြသဖြင့် ဆန်ဈေး တက်မလာသည့်အပြင် ထိုးကျသွားကာ ထိုင်းအစိုးရလက်ထဲတွင် ဆန်တစ်ပုံတစ်ခေါင်းကြီး ပိုက်မိနေလေသည်။ ထိုင်းအစိုးရလက်ထဲ ရောက်နေသော၊ ဈေးကြီးပေးဝယ်ထားသော ဆန်များသည် ထိုင်းလယ်သမားများ တကယ်စိုက်ပျိုးသော ဆန်ပမာဏထက် ပိုများနေသည်ကလည်း အံ့သြစရာ ကောင်းနေသည်။ အစိုးရအမှုထမ်းများသည် အိမ်နီးချင်း ကမ္ဘောဒီးယားမှ ဈေးသက်သာသော ဆန်များကို မှောင်ခိုသွင်းလာကြသလို အချို့ကလည်း စာရင်းပိုပြခဲ့ကြသည်။ အစိုးရ ဆန်ဂိုဒေါင်မျာ တွင် ပိုးထိုး၍ ပျက်စီးကုန်ကြသည်မှာလည်း တောင်ပုံယာပုံ ဖြစ်နေလေသည်။ ဤစီမံကိန်းကြောင့် ၂၀၁၁ ခုမှ ၂၀၁၃ ခုအတွင်း ဒေါ်လာ ၄.၄ ဘီလီယံ ဆုံးရှုံးခဲ့ရလေသည်။

ဤအမှုဖြင့် ယင်းလပ်ကို တာဝန်မှ ငါးနှစ်ပိတ်ပင်မည် ဖြစ်သလို ရာဇဝတ်ကြောင်းအရ အပြစ်ရှိကြောင်း ထင်ရှားလျှင် ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်အထိ ကျခံရနိုင်လေသည်။ နိုင်ငံရေး အကဲခတ်များကတော့ ဤသို့အရေးယူရန် ကြိုးပမ်းနေခြင်းကြောင့် ထိုင်းနိုင်ငံတွင် လိုအပ်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးကို အများကြီး နောက်ဆုတ်သွားစေသည်ဟု ဆိုပါသည်။ လက်ရှိ အာဏာသိမ်း စစ်အစိုးရဖြစ်သည့် NCPO သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်မည်ဟု ကြွေးကြော်ထားသော်လည်း ဤကိစ္စကြောင့် အမျိုးသားပဋိပက္ခကို ပို၍ကြီးထွားစေမည်ဟု ဆိုကြပါသည်။

ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာကမူ “စစ်အစိုးရ၏ CDC အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီနှင့် ထိုင်းနိုင်ငံသားများ အကြား၌ လက်ရှိပဋိပက္ခ၏ ပကတိသဘောအပေါ် တူညီသောအမြင် မရှိကြသေးပါ” ဟု ရေးသားလေသည်။ အချို့က ယခုပဋိပက္ခကို အဓိကပါတီကြီး နှစ်ခုအကြား (Pheu Thai နှင့် Democrats အကြား) ပဋိပက္ခဟု ယူဆကြသည်။ အချို့ကတော့ ရှပ်နီများ၏ အာဏာရှင်စနစ် ဆန့်ကျင်ရေး UDD တပ်ပေါင်းစုနှင့် ရှပ်ဝါများ၏ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ရေးကော်မတီ PDRC သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ PAD တို့ ပဋိပက္ခဟု မှတ်ယူကြသည်။ အချို့ကမူ ဤပဋိပက္ခ၏ ပင်မမြစ်ဖျားသည် သက်ဆင်ရှင်နာဝါထနာ ဖြစ်သည်ဟု လည်းကောင်း၊ ယင်းလပ်ရှင်နာဝါထနာ ဖြစ်သည်ဟုလည်း ကောင်းဆိုကြသည်။ တကယ်တမ်းဆိုသော် ဤပဋိပက္ခသည် မြို့နေလက်တစ်ဆုပ်စာ ထိပ်ပိုင်းရေပေါ်ဆီ တစ်စုနှင့် ကျေးလက်ဆင်းရဲသားများအကြား ပဋိပက္ခဖြစ်သည်။ ထိုင်းနိုင်ငံထိပ်ပိုင်း ၀ ဒသမ ၁ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံရှိ အရပ်ရပ်ပိုင်ဆိုင်မှု အားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်နေလေသည်။ အမေရိကန်တွင်ပင် ထိပ်ဆုံး ၀ ဒသမ ၁ ရာခိုင်နှုန်းသည် ပိုင်ဆိုင်မှုအဝဝ၏ ၂၀ ရာခိုင်နှုန်းသာ ပိုင်လေသည်။ တစ်နည်းအားဖြင့် ဘန်ကောက်ရှိ ငွေကြေးနှင့် အာဏာအဆောက်အဦကြီးက ထိုင်းတစ်နိုင်ငံလုံးကို စိုးမိုးထားလေသည်။ ယင်းဘန်ကောက်ရှိ အာဏာနှင့် ငွေကြေး အဆောက်အဦကို Pheu Thai နှင့် PDRC တို့ အပြိုင်အဆိုင် လုနေကြခြင်း ဖြစ်သည်။ ထိုပြိုင်ဆိုင်ပွဲတွင် စစ်တပ်က မကြာခဏ ကြားဝင်အာဏာသိမ်းခြင်း ဖြစ်သည်ဟု ရေးလေသည်။

ဘန်ကောက်ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှ ပါမောက္ခ တစ်တီနန်ဖုန်ဆူဒီရတ်က ထိုင်းနိုင်ငံတွင် အာဏာရှင် စနစ်နှစ်မျိုး ရှိသည်ဟု ဆိုပါသည်။ ပထမ အမျိုးအစားမှာ သက်ဆင်ရှင်နာဝပ်ထနာ လုပ်ခဲ့သော ရွေးကောက်ပွဲနည်းဖြင့် အာဏာရယူပြီး နိုင်ငံကို ခြယ်လှယ်သော အမျိုးအစားဖြစ်သည်။ ဒုတိယအမျိုးအစားမှာ စစ်အာဏာရှင်စနစ် ဖြစ်သည်ဟု ဆိုပါသည်။ သက်ဆင်၏ နည်းသည် ပေါ်ပြူလာဝါဒခေါ် ကျေးလက်နေသူ အများကြိုက်အောင် စည်းရုံးပြီး စီးပွားရေးကွန်ရက်နှင့် ဗျူရိုကရေစီယန္တရားကြီးကို ထင်သလို အသုံးပြု၍ မိမိကိုယ်ကျိုးစီးပွားကို ရှာဖွေရုံဖြင့် အားမရတော့ဘဲ နောက်ဆုံးတွင် အခြေခံဥပဒေခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်၊ အဂတိတိုက်ဖျက်ရေးကော်မရှင်၊ ရဲအဖွဲ့နှင့် စစ်တပ်များကိုပင် ခါးပိုက်ထဲ ထည့်လာတော့သည်။ သက်ဆင်သည် သူ့ဆွေမျိုးတစ်ဦးကိုပင် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်အပ်လာသည်။ ၂၀၀၅ ခုနှစ် ဒုတိယအကြိမ် မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသောအခါ စစ်တပ်သည် ၂၀၀၆ ခုတွင် သက်ဆင်ထံမှ အာဏာသိမ်းလေတော့သည်။

ယင်းလပ်ရှင်နာဝပ်ထနာကတော့ ကိုယ်ပိုင်အရည်အချင်းထက် သူ့အစ်ကို၏ အစွမ်းအစပေါ်တွင် ပို၍မှီခိုလေသည်။ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရချိန်မှစ၍ သူသည် ဒူဘိုင်းတွင် ခိုလှုံနေသော သူ့အစ်ကို သက်ဆင်ကြိုးဆွဲရာ ကနေသည့် ရုပ်သေးရုပ် ဖြစ်နေခဲ့သည်။ ၂၀၁၄ ခုတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ အခြေခံဥပဒေကိစ္စ ငြင်းခုံပွဲကြီး စီစီညံညံ ပေါ်ထွက်လာသောအခါ စစ်တပ်မှ ထပ်မံအာဏာသိမ်းပြန်လေသည်။ ထိုင်းနိုင်ငံတွင်တော့ စစ်တပ်အာဏာသိမ်းခြင်းနှင့် အခြေခံဥပဒေအသစ် ရေးဆွဲခြင်းများမှာ ထမင်းစားရေသောက်လို ရိုးနေသည်။ ၁၉၃၂ စည်းမျဉ်းခံ ဘုရင်စနစ် ပါလီမန်ဒီမိုကရေစီကို ပြောင်းလဲချိန်မှစ၍ စစ်အာဏာသိမ်းမှု ၁၇ ကြိမ် ရှိနေသည်။ ယင်းစာရင်းတွင် မအောင်မြင်သော အာဏာသိမ်းပွဲများ မပါချေ။ အခြေခံဥပဒေအသစ် ရေးဆွဲခြင်းကလည်း ၁၇ ကြိမ် ရှိခဲ့သည်။ ယခု အာဏာသိမ်း စစ်အစိုးရကတော့ ၂၀၀၆ ခုနှစ် စစ်တပ်မှ နောက်ဆုံးရေးဆွဲထားခဲ့သော အခြေခံဥပဒေကို ဆုတ်ဖြဲပစ်ကာ နောက်ထပ်အသစ်တစ်ခု ထပ်မံပွဲထုတ်ဖို့ ပြင်နေလေသည်။ ယခုအာဏာသိမ်းမှုကတော့ ယခင် စစ်အာဏာသိမ်းသူများကဲ့သို့ နိုင်ငံရေးမှ အဆောတလျင် ဆုတ်ခွာမည့်သဘော မတွေ့ရသေး။ အိမ်စောင်အစိုးရအဖြစ် NCPO ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကောင်စီမှ ဝန်ကြီးချုပ်နှင့် အစိုးရကက်ဘိနက်ကို ဖွဲ့ထားသလို NLA အမျိုးသားဥပဒေပြု လွှတ်တော်ကိုလည်း စိတ်တိုင်းကျ ခန့်အပ်ထားလေသည်။ ၎င်းအပြင် NRC အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီ CDC အခြခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီတို့ဖြင့်လည်း အနာဂတ်နိုင်ငံရေးကို စိတ်ကြိုက်ပုံဖော်ရန် ကြိုးပမ်းနေလေသည်။

NCPO စစ်အစိုးရသည် ထိုင်းနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းရန် အာဏာသိမ်းသည်ဟု ကြေညာထားသော်လည်း သူတို့ကို ကြားနေဒိုင်လူကြီးအဖြစ် မည်သူမျှ မမြင်ကြသေးပေ။ ရှပ်နီအုပ်စု UDD နှင့် ရှပ်ဝါအုပ်စု PDRC နှစ်ဘက်တွင် စစ်တပ်သည် ရှပ်ဝါအုပ်စု၏ ဘက်သား ဖြစ်သည်ဟု မြင်နေကြသည်။ ယခုအစိုးရ၏ ကက်ဘိနက်သည် လည်းကောင်း၊ NLA သည် လည်းကောင်း၊ NRC သည် လည်းကောင်း ယခင် အာဏာရထားသော Pheu Thai နိုင်ငံရေး အင်အားစုများအပေါ် ပြုမူပုံမှာ အောင်သေအောင်သား စားနေသော အောင်ပွဲခံ အနိုင်ရသူကဲ့သို့ ပြုကျင့်နေကြသည်ဟုယူဆနေကြလေသည်။ အထူးသဖြင့် ကျောင်းသားငယ်များကိုပင် ညှာတာရကောင်းမှန်း မသိတော့ဘဲ ဘုရင်ကိုထိလျှင် ဆတ်ဆတ်ထိမခံသော အပြုအမူများနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ပိတ်ပင်တားဆီးခြင်းများကြောင့် အမေရိကန် အပါအဝင် နိုင်ငံအများအပြားက စစ်အုပ်ချုပ်ရေး အမြန်ရုပ်သိမ်းရန် ဆော်သြနေကြလေသည်။

ထိုင်းနိုင်ငံ၏ ပြည်တွင်းပဋိပက္ခမှာ စစ်တပ်ဖြင့် ဖိနှိပ်ထားသောကြောင့်သာ ယာယီငြိမ်သက်နေခြင်း ဖြစ်သည်။ အင်အားစုကြီး နှစ်စုမှာ ကြာလေဆန့်ကျင်မှု ပြင်းထန်လေ ဖြစ်လာနေသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရန် NRC ကို တာဝန်ပေးထားသော်လည်း NRC က သက်ဆင်ရှင်နာဝပ်ထနာနှင့် တွေ့ဆုံဆွေးနွေးရန် အကြံပေးထားသည်ကိုတော့ ဝန်ကြီးချုပ် ပရာယွတ်က တူးတူးခါးခါး ငြင်းဆန်နေဆဲ ဖြစ်သည်။ သတင်းစာတစ်စောင်ကတော့ ထိုင်းနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဆိုသည့် အဓိပ္ပာယ်မှာ ဒီမိုကရေစီ အခွင့်အရေးများကို တိုးပေးသည့် အဓိပ္ပာယ် မဟုတ်၊ ပြိုင်ဘက်အင်အားစုကို တစ်သက်လုံး အာဏာမရအောင် ပိတ်ဆို့တားဆီးရေးသာ အဓိပ္ပာယ်ရသည်ဟု ရေးသားလေသည်။ ၂၀၁၄ မေလ အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံ ဆုံးရှုံးခဲ့ရသော စီးပွားရေး ပမာဏမှာ ၁၅ ဘီလီယံဒေါ်လာ ကျော်သည်ဟု ဆိုကြပါသည်။ အရှေ့တောင်အာရှတွင် တတိယ စီးပွားရေးအကြီးဆုံး နိုင်ငံတစ်ခု၌ အာဏာရှင်စနစ် ခြေကုပ်ရနေသည်မှာ သူ့စီးပွားရေးကို သူ့ဘာသာ ဟန့်တားပိတ်ပင်နေသည်နှင့် တူနေတော့သည်။ ထိုင်းနိုင်ငံ အာဏာရှင် အိပ်မက်ဆိုးမှ မည်သည့်အချိန်တွင် နိုးထလာမည်နည်း။

နေဦးဝေ
- See more at: http://thevoicemyanmar.com/index.php/foreign/item/5923-thi#sthash.9JAvUkXK.dpuf

No comments:

Post a Comment