CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 5, 2015
အင်္ဂ၀ိဇ္ဇာပညာမှာ ဆပွတ်ဂြိုဟ်
“ဆပွတ်ဂြိုဟ်” ဆိုတာ - တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ
ဆိုတဲ့ ဂြိုဟ် (၇)လုံး (နေ့ ၇နေ့) ရှိတဲ့အနက်က ဂြိုဟ်တစ်လုံးစီရဲ့ (၆) ခုမြောက်ဂြိုဟ်ကို “ဆပွတ်ဂြိုဟ်” လို့ ခေါ်တာဘဲ ဖြစ်တယ်။ ဒီတော့ –
တနင်္ဂနွေဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် သောကြာဂြိုဟ် (၁ < ၆)
တနင်္လာဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် စနေဂြိုဟ် (၂ < ၀)
အင်္ဂါဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် တနင်္ဂနွေဂြိုဟ် (၃ < ၁)
ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် တနင်္လာဂြိုဟ် (၄ < ၂)
ကြာသပတေးဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် အင်္ဂါဂြိုဟ် (၅ < ၃)
သောကြာဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် ဗုဒ္ဓဟူးဂြိုဟ် (၆ < ၄)
စနေဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် ကြာသပတေးဂြိုဟ် (၀ < ၅) ဆိုပြီး ဖြစ်လာပါတယ်။
အင်္ဂ၀ိဇ္ဇာပညာမှာ “ဆပွတ်ဂြိုဟ်” ဟာ အလွန်အရေးပါတဲ့ ဂြိုဟ်ဖြစ်ပါတယ်။ အင်္ဂ၀ိဇ္ဇာ
လင်္ကာလေး ရှိတယ်လေ။ “သူ့ကို နိုင်လို ဆ, ကိုခို ၊ လိုရာဆေးဖေါ်သုံး” တဲ့။ လက်ဆန်း ဗေဒင်ပညာလိုက်စားဘူးသူတိုင်း သိကြပါတယ်။
တကယ်တော့ အင်္ဂ၀ိဇ္ဇာတိုင် ဆိုတာကလည်း “ဆပွတ်ဂြိုဟ်” တွေကို အပေါ်တစ်လုံး အောက်တစ်လုံး “ခွင်ရိုက်” သွားတာ ကနေ “အင်္ဂ၀ိဇ္ဇာတိုင်” ရယ်လို့ ဖြစ်လာတာပါ။ အင်္ဂ၀ိဇ္ဇာပညာမှာ “ဆပွတ်ဂြိုဟ်” ဟာ မူလဂြိုဟ်ရဲ့ “အနိုင်ဂြိုဟ်” ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် သူ့ကို နိုင်ချင်ရင် ဆပွတ်ကို
သုံးပါ လို့ “သူ့ကို နိုင်လို ဆ, ကိုခို လိုရာဆေးဖေါ်သုံး” ဆိုပြီး လင်္ကာ ထားရစ်ခဲ့တာဖြစ်တယ်။
တကယ်တော့ ဂြိုဟ်(မွေးနံ) တစ်ခုကို နိုင်ချင်ရင် “ဆပွတ်ဂြိုဟ်” ကသာ အနိုင်ရတာ မဟုတ်ပါဘူး။ “စတုရန်းဂြိုဟ်” ကလည်း “နိုင်တဲ့ဓာတ်” ရှိပါတယ်။ “စတုရန်း” ဂြိုဟ်ဆိုတာ “မူလ(မွေးနံ)ဂြိုဟ်ကနေ (၄)ခုမြောက် ဂြိုဟ်ကို ခေါ်တာဖြစ်တယ်။ဒါပေမယ့် “ဆပွတ်” နိုင်ပုံ နဲ့ “စတုရန်း” နိုင်ပုံခြင်း မတူပါဘူး။ “ဆပွတ်” က ညင်ညင်သာသာ အေးအေးချမ်းချမ်းနဲ့ အနိုင်ရတဲ့ “ဓာတ်” သဘော ရှိတယ်။ “စတုရန်း” ကတော့ ကြမ်းကြမ်းတမ်းတမ်း ဆူဆူပူပူ နဲ့ အနိုင်ရတဲ့ “ဓာတ်” သဘော ရှိပါတယ်။
“ဆပွတ်” က သုံးတတ်ရင် “ဆေး” ဖြစ်ပြီး ဘေးဥပဒ်ဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။ “စတုရန်း” ကတော့ မသုံးတတ်ရင် ဘေးရန် ဖြစ်လွယ်ပြီး အဆိုးဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် “စတုရန်း” အကြောင်းကို နဲနဲ မေ့ထား လိုက်ကြရအောင်။
တကယ်တော့ “ဆပွတ်” ဟာ သုံးတတ်ရင် “စုတ်” ဆိုတဲ့ “ပီယ” သတ္တိရှိပါတယ်။ အင်္ဂလိပ်လို Charming Power ရှိပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးဟာ “ဆပွတ်” ဓာတ်ကို သုံးပြီး လူမှုဆက်ဆံရေးတွေ အဆင်ပြေအောင် ၊ အချစ်ရေး ကိစ္စတွေမှာ အဆင်ပြေအောင် လမ်းညွှန်ပေးမယ့် ဆောင်းပါးလေးဖြစ်ပါတယ်။
ခင်ဗျားမှာ ကိုယ်နဲ့ အဆင်မပြေတဲ့ အထက်လူကြီး ရှိတယ်ဆိုပါတော့။ ဒီလို ကိစ္စမှာ “ဆပွတ်”ဓာတ်လေးကို အသုံးပြုပြီး အထက်လူကြီးနဲ့ အဆင်ပြေလာအောင် ကြိုးစားလို့ ရပါတယ်။ ချစ်သူနဲ့ အဆင်မပြေဘူး ဆိုရင်လည်း ဒီ “ဆပွတ်” ဓာတ်ကို အသုံးပြုပြီး အဆင်ပြေလာနိုင်ပါတယ်။
မိန်းကလေးတွေ ကိုယ့်ကို ယောင်္ကျားလေးတွေက စိတ်ဝင်စားမှုနည်းနေတယ်လို့ ထင်ရင် ကိုယ့်မွေးနံရဲ့ ဆပွတ်ဓာတ် ကလေးသာ ဆောင်ထားလိုက်ပါ။ “စန်းပွင့်” လာပါလိမ့်မယ်။ ယုံယုံကြည်ကြည်သာ အသုံးပြုဖို့ လိုပါတယ်။ ဒီတော့ ဆပွတ်ဓာတ်ကို ဘယ်လို သုံးကြမလဲ။
ကိုယ့်အပေါ် ချစ်ခင်လာအောင် ဆပွတ်ဓာတ်ကို အသုံးပြုဖို့အတွက် တဖက်လူရဲ့ မွေးနံကိုတော့ သိဖို့လိုပါတယ်။ ဒါကတော့ နည်းနည်းကြိုးစား ကြည့်ပေါ့။ Facebook တို့ ၊ G+ တို့မှာ မွေးသက္ကရာဇ်ကို ရှာကြည့်ပေါ့။ ပြီးရင် ဘာနေ့သားလည်း ဆိုတာ တွက်ကြည့်လိုက်ပေါ့။
(မမှန်မကန် တဲ့ မွေးနေ့ တင်ထားရင်တော့ မတတ်နိုင်ဘူးပေါ့)
ကဲ - ကိုယ့်အထက်လူကြီးက တနင်္ဂနွေသား ဆိုရင် ဆပွတ်ဓာတ်က သောကြာနံ ဆိုတော့
(သီဟို ၊ သရက် ၊ သစ်တော့ ၊ သံပုရာ ၊ သစ်ကြားသီး ၊ သရဖီ ၊ သပြေ ၊ သခွား ၊ သလဲသီး) စတဲ့ သောကြာနံ အသီး၊ အရွက် တစ်ခုခုကို ကိုယ့်ရဲ့ ကိုယ်ပေါ်မှာ ဆောင်ထားပါ။ နေ့စဉ်ဆောင်ထားဖို့ လိုပါတယ်။ တကယ်လို့ အရေးကြီးတဲ့ စကားပြောရမယ်ဆိုရင် အထက်က သောကြာနံ အသီး/ဖျော်ရည်/ယို တစ်ခုခုကို ကြိုတင်ပြီး စားသောက်ထားပါ။
အဲဒီအတိုင်းဘဲ - အထက်လူကြီးက တနင်္လာသားဆိုရင် (ထန်းလျှက် ၊ နာနတ် ၊ နှင်းသီး ၊
နှင်းပန်း ၊ နွယ်သာကီ ၊ ဒူးရင်း ၊ ဒန့်ဒလွန် ၊ နှမ်း ၊ နွယ်ချို ၊ နေကြာစေ့ ၊ နွားနို့) စတဲ့
အသီးအပွင့် အရွက် ရရာကို ဆောင်ထားပါ။ စားထားပါ။
အင်္ဂါသားဆိုရင် (အုန်း ၊ အင်ဥ ၊ အဝေရာ ၊ ဧကရာဇ် ၊ အာလူး ) စတဲ့ အသီး ၊ အပွင့် ၊ အရွက် ရရာကို ဆောင်ထားပါ။ တနင်္ဂနွေနံက ရှားတော့ အုန်းတစ်ခုဘဲ လွယ်လွယ်ရမယ်ထင်တယ်။ အုန်းသီး ၊ အုန်းရည် ၊ အုန်းယို ၊ အုန်းသီအချိုရည် တစ်ခုခုပေါ့။
ဗုဒ္ဓဟူးသားဆိုရင် (ကံ့ကော် ၊ ကျွဲကော ၊ ခတ္တာ ၊ ဂန္ဓမာ ၊ ကြက်မောက်သီး ၊ ဂျင်း(ချင်း) ၊ ကြက်သွန် ၊ ကြက်ဟင်းခါး ၊ ကြိမ်သီး ၊ ငုဝါ ၊ ကြာပန်း ၊ ကြံသကာ ၊ ကြံ(ရည်) ၊ ခ၀ဲ ၊ ချဉ်ပေါင် ၊ ဂေါ်ဖီ ၊ ဂေါ်ရခါး ၊ ဂျူး(မြစ်) ၊ ဂွေးသီး ၊ ခွေးတောက် ) စတဲ့ အသီး ၊ အပွင့် ၊ အရွက် ရရာကို ဆောင်ထားပါ။ စားထားပါ။
ကြာသပတေးသားဆိုရင် (ဇီး ၊ စပျစ် ၊ စွန်ပလွံ ၊ ဆလပ် ၊ ဆီးဖြူ ၊ ဇွန် ၊ စံပယ် ၊ စိန်ပန်း ၊ စမြိတ် ၊ စမုံ ၊ ဆတ်သွားဖူး ၊ ဆိတ်ဖူး ) စတဲ့ အသီး ၊ အပွင့် ၊ အရွက် ရရာကို ဆောင်ထားပါ။ စားထားပါ။ ဇီးယိုတို့ ၊ ဇီးဖျော်ရည်တို့က ပိုလွယ်မယ် ထင်ပါတယ်။
သောကြာသားဆိုရင် ( ၀ါး ၊ လဘ္ဘက်စို ၊ လဘ္ဘက်ခြောက် ၊ ရှောက်သီး ၊ လဲလူ ၊ လင်းလွန်း ၊ လိမ္မော် ၊ ရဲယို ) စတဲ့ အသီးအပွင့် အရွက် ရရာကို ဆောင်ထားပါ။ စားထားပါ။
စနေသားဆိုရင် ( မတ်ပဲ ၊ ပီလောပီနံ ၊ ပဲပိစပ် ၊ ပဲလွန်း ၊ ပိန်း(ရွက်) ၊ ပျဉ်းမ ၊ ပေါက် ၊ ပြောင်းဖူး ၊ ပြောင်းဖူးပေါက်ပေါက် ၊ ပေါက်ပန်းဖြူ ၊ ဖရုံ ၊ ဖရဲ ၊ ဗူး ၊ မြတ်လေး ၊ မက်မန်း ၊ မဲဇလီ ၊ မှို ၊ မုန်လာဥ(ဖြူ/နီ) စတဲ့ အသီးအပွင့် အရွက် ရရာကို ဆောင်ထားပါ။ စားထားပါ။
အထက်လူကြီးမှ မဟုတ်ပါဘူး။ အရေးကြီးတဲ့ လူတစ်ယောက် နဲ့ စကားပြောရာမှာဖြစ်စေ ၊ အကြွေးတောင်း ရာမှာ ဖြစ်စေ၊ ငွေချေးငှားလိုလို့ဖြစ်စေ ၊ ချစ်သူ နဲ့ အခြေအတင် စကားပြောရမှာ ဖြစ်စေ ၊ အမှုအခင်း /တရားတဘောင် ကိစ္စ ပြောကြ ဆိုကြရတဲ့အခါမှာ
ဖြစ်စေ အထက်က “ဆပွတ်” နံတွေကို အသုံးပြု နိုင်ပါတယ်။ သားသမီးရှိသူများ သားသမီး
ကို ဆုံးမတဲ့ နေရာမှာ ဆပွတ်ဓာတ်ကလေး ဆောင်ထား၊ စားထားပြီး ဆုံးမရင် ပိုမို လွယ်ကူအောင်မြင်တတ်တယ်။ နောက်ဆုံး ရည်းစားစကားလိုက်ပြောရင်တောင်မှ ဆပွတ်ဓာတ်ကလေး ဆောင်ထားရင် အဆင်ပြေနိုင်ပါတယ်။
(မှတ်ချက်။။ပါးချ ခံရရင်တော့ မတတ်နိုင်ဘူးနော်)
တစ်ခု သတိထားရမှာက အထက်က ဆပွတ်နံတွေကို လေ့လာကြည့်ရင် “အင်္ဂါသား နဲ့ စနေသား” ရဲ့ ဆပွတ်တွေဟာ “မူလနံ” နဲ့ “ဆပွတ်နံ” (ရန်ကျ) နေတာတွေ့ရပါလိမ့်မယ်။
(၃ < ၁) = ရန် , (၀ < ၅) = ရန်
ဒီလို ရန်ကျတဲ့အတွက် ပဋိပက္ခ အနည်းနဲ့ အများ ဖြစ်ပြီးမှ အောင်မြင် တတ်ပါတယ်။
(ပြဿနာ နဲနဲရှိတယ်ပေါ့)
ဒါကြောင့် အင်္ဂါသား နဲ့ စနေသားတွေနဲ့ တွေ့မယ်ဆိုရင်တော့ ပိုကောင်းတာက သူတို့ရဲ့ ဆပွတ်နံနဲ့ အတူ မိတ်ဖက်ဂြိုဟ်နံတွေနဲ့ တွဲပြီးဆောင်ရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။
ဒါကြောင့် အင်္ဂါသားဆိုရင် “ဆပွတ်” “တနင်္ဂနွေနံ” နဲ့အတူ မိတ်ဓာတ် “ကြာသပတေးနံ” ကိုပါ ရောဆောင်သွားပါ။ စနေသားဆိုရင် “ဆပွတ်” “ကြာသပတေးနံ” နဲ့အတူ မိတ်ဓာတ် “ဗုဒ္ဓဟူးနံ” ကိုပါ ပူးတွဲပြီး ဆောင်သွားပါ။ ဒါဆို ပိုပြီးအဆင်ပြေနိုင်ပါတယ်။
မိန်းကလေးဘဲ ဖြစ်ဖြစ် ၊ ယောင်္ကျားလေးဘဲဖြစ်ဖြစ် ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်လိုတယ်ဆိုရင် ကိုယ့်မွေးနံရဲ့ “ဆပွတ်” ဓာတ်ကို များများသုံးပေးပါ။ ကိုယ့်မွေးနံရဲ့ ဆပွတ်နော်။ ကိုယ်က တနင်္ဂနွေသား/သမီး ဆိုရင် သောကြာနံ ပစ္စည်းတွေ ဆောင်ထားပေါ့။ တနင်္လာ သား/သမီးဆိုရင် စနေနံ ပစ္စည်းတွေ ဆောင်ထားပေါ့။
နောက်ဆုံး မိန်းကလေးတွေ အလှပြင်ရာမှာ သုံးတဲ့ ရေမွှေး ၊ မိတ်ကပ် တွေကအစ ကိုယ့်ရဲ့ ဆပွတ်နံ နဲ့ စ, ထားတဲ့ ပစ္စည်းလေးတွေကို သုံးရင် ထူးခြားမှုပိုရှိလာနိုင်တယ်။ ဥပမာ - သောကြာသမီးက အလှကုန် ပစ္စည်း သုံးမယ်ဆိုရင် ဗုဒ္ဓဟူးနံနဲ့ စ,တဲ့ “ရက်ဗလွန်” ပစ္စည်းမျိုး
ကို သုံးတာမျိုးပေါ့။ စနေသမီးဆိုရင် “မေဘယ်လင်း” အလှကုန်မျိုး ။ ဗုဒ္ဓဟူးသမီးဆိုရင် “ကာနီဘို” လို အလှကုန် ပစ္စည်းမျိုးပေါ့။
နောက်တစ်ခါ အရောင်ကဏ္ဍ ။ အရောင်တွေမှာလည်း ကိုယ့်မွေးနံရဲ့ ဆပွတ်ကျတဲ့ အရောင်တွေကို သုံးပေးရင် ၊ ၀တ်စား ဆင်ယင်ပေးရင် ဆွဲဆောင်မှု အားကောင်းနိုင်ပါတယ်။ ဒီတော့ နေ့နံတွေရဲ့ အရောင်တွေကို ကြည့်ရအောင်။
တနင်္ဂနွေ အရောင် (အင်္ဂါသားသမီးဝတ်ဆင်ရန်)
- လိမ္မော်နီရောင် ၊ အနီရောင် ၊ ရွှေအိုရောင် ၊
တနင်္လာ အရောင် (ဗုဒ္ဓဟူးသားသမီးဝတ်ဆင်ရန်)
- အဖြူရောင် ၊ ငွေရောင် ၊ နို့နှစ်ရောင် ၊ နို့စိမ်းရောင် ၊
အင်္ဂါ အရောင် (ကြာသပတေးသားသမီးဝတ်ဆင်ရန်)
- ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ အညိုရောင်
ဗုဒ္ဓဟူး အရောင် (သောကြာသားသမီးဝတ်ဆင်ရန်)
- အစိမ်းရောင် ၊ ရွှံပုပ်ရောင် ၊
ကြာသပတေး အရောင် (စနေသားသမီးဝတ်ဆင်ရန်)
- ခရမ်းရောင် ၊ မရမ်းရောင် ၊ ဗေဒါရောင် ၊ လိမ္မော်ဝါရောင် ၊ အ၀ါရောင် ၊ ရွှေရောင်
သောကြာ အရောင် (တနင်္ဂနွေသားသမီးဝတ်ဆင်ရန်)
- ပန်းရောင် ၊ မိုးပြာရောင် ၊ ဘာအရောင်လို့ ပြောလို့မရတဲ့ အလွန်နု/ဖျော့တဲ့ အရောင်
စနေ အရောင် (တနင်္လာသားသမီးဝတ်ဆင်ရန်)
- အနက်ရောင် ၊ နက်ပြာရောင် ၊ အပြာရောင်
(မှတ်ချက်။။ ဒီ အရောင်အယူအဆတွေဟာ လက်ဆန်းပညာက အရောင်တွေ မဟုတ်ပါ။ လက်တွေ့ သုတေသနများအရ ဂြိုဟ်တွေပိုင်တဲ့ အရောင်အသွေးပိုင်း ဆိုင်ရာမှာ လက်ရိုးက
ပိုပြီး အမှန်များလို့ ယူထားခြင်းဖြစ်ပါတယ်)
ဟုတ်ပြီ။ ဒီတော့ တနင်္ဂနွေသမီးတစ်ယောက်ဟာ စွဲဆောင်မှုရှိအောင် အရောင်ရွေးချယ်မယ်ဆိုရင် “ဆပွတ်(သောကြာ)” ရောင်ဖြစ်တဲ့ မိုးပြာ ၊ အပြာနု ၊ ပန်းရောင် စသည့်အရောင်များကို ရွေးချယ် ၀တ်ဆင် ရမှာဖြစ်တယ်။
နေ့တိုင်းနေ့တိုင်း ဒီအရောင်တွေချည်းဘဲ ၀တ်ရမယ် မဟုတ်ပါဘူး။ အရေးကြီးတဲ့ အခန်းအနား ၊ တွေ့ဆုံပွဲတွေမှာ ၀တ်ရင်တော့ ပိုမို သင့်တော်မယ် ထင်ပါတယ်။
မှတ်ချက်။ ။(ကံ ကံရဲ့ အကျိုးကိုသာယုံကြည်သူဖြစ်ပါသည်)
အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာ ယုံကြည်သူများအတွက်လေ့လာ မှတ်သား
တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ....။ ။
(ကွန်ပျူ-ဗေဒသုခုမ)
အင်္ဂ၀ိဇ္ဇာပညာမှာ ဆပွတ်ဂြိုဟ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment