Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 6, 2015

လုဒ်မယ်တော်မှတစ်ဆင့် ဘုရားသခင်ထံ ၀တ်ပြုဆုတောင်းခြင်း


လုဒ်မယ်တော် ဆုတောင်းပွဲကျင်းပနေစဉ်/ဓာတ်ပုံ− ဇေနွေထွန်း
မှောင်ရီဝင်စ ညနေခင်းအချိန် ဖယောင်တိုင်မီးများ ကိုင်ဆောင်ထားသော လူတန်းရှည်ကြီးသည် ဆုတောင်းမေတ္တာပို့သသံများဖြင့် လုဒ်မယ်တော်သခင်မဗိမာန်သို့ ဦးတည်၍ တရွေ့ရွေ့လှုပ်ရှားသွားလာနေကြသည်။
ကက်သလစ်ဘာသာဝင်တို့၏ လုဒ်မယ်တော်သခင်မ ဆုတောင်းပွဲကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကချင်၊ ကယန်း၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသားများနှင့် အခြားအိန္ဒိယနွယ်ဖွား ကက်သလစ်ဘာသာဝင် ငါးသောင်းကျော် ပွဲတော်သို့ ၀တ်ပြုဆုတောင်းရန် ရောက်ရှိနေသည်။
ဘောလုံးကွင်းတစ်ကွင်းစာခန့် ကျယ်ဝန်းသော ပွဲတော်ကျင်းပရာ ညောင်လေးပင်ဘုရားကျောင်းအတွင်း လုဒ်မယ်တော်၏ ဗိမာန်နှင့် ဘုရားရှိခိုးကျောင်းတွင် လူများပြည့်ကျပ်နေသည်။ ဘာသာရေးပစ္စည်းအရောင်းဆိုင်များတွင်လည်း လုဒ်မယ်တော်နှင့် သခင်ယေရှုရုပ်တုများကို တိုးဝှေ့ဝယ်ယူနေကြသည်။
လူသားတို့၏အပြစ်ကို ဆေးကြောပေးရန် လူ့ပြည်သို့ဆင်းလာသော သခင်ယေရှုကိုယ်တော်ကို မွေးဖွားပေးသော မယ်တော်ကို ဂုဏ်ပြုဆုတောင်းကြသောပွဲသို့ အနယ်နယ်အရပ်ရပ်မှ ကက်သလစ်ဘာသာဝင်များ နှစ်စဉ်လာရောက်၍ ၀တ်ပြုဆုတောင်းခြင်း၊ အပြစ်များကို ဖွင့်ဟပြောဆိုခြင်းတို့ ပြုလုပ်ကြသည်။
လွန်ခဲ့သော ရာစုနှစ်တစ်ခုက ပြင်သစ်နိုင်ငံ လုဒ်ရွာတွင် ကိုယ်ထင်ပြခဲ့သော မာရီယာမယ်တော်ကို အစွဲပြု၍ ညောင်လေးပင်မြို့ရှိ ဘုရားကျောင်း၌ လုဒ်မယ်တော်သခင်မပွဲတော် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၁၃ နှစ်ရှိပြီဖြစ်သည်။
မာရီယာမယ်တော်သည် ပညာ၊ အလိမ္မာနှင့် ပြည့်စုံပြီး သီလ၊ သမာဓိနှင့် ကြီးမြင့်မြတ်သော၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော အပျိုစင်ကညာဖြစ်သည်ဟု ကက်သလစ်ဘာသာဝင်များက ယုံကြည်သည်။
ထို့နောက် ‘‘သူမ၏ ၀မ်းတော်မြတ်မှာ ဘုရားပဋိသန္ဓေယူမည့်အကြောင်း၊ ထိုသားကို သူမလွယ်ပိုက်ရမည့်အကြောင်း’’ သိကြားတမန်တော်တစ်ပါးကြွလာ၍ အပျိုစင်မာရီယာအား မိန့်ဆိုခဲ့ကြောင်း ကက်သလစ်ဘာသာဝင်တို့ကဆိုသည်။ ကက်သလစ်ဘာသာဝင်များအနေဖြင့် လုဒ်မယ်တော်ထံတွင် ၀တ်ပြုဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ရောက်ရှိမည်ဟု ယုံကြည်သက်ဝင်မှုကြောင့် ပွဲတော်သို့ လာရောက်ဝတ်ပြုဆုတောင်းကြခြင်းဖြစ်သည်။ သခင်ယေရှုကို မွေးဖွားပေးသော လုဒ်မယ်တော်အထိမ်းအမှတ်ဗိမာန်တွင် ဆရာတော်များ၏ တရားတော်များနားထောင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ကြပြီး ဘုရားရှိခိုးကျောင်းတွင် မိမိတို့၏ အပြစ်များကို ဆရာတော်များထံတွင် ၀န်ချတောင်းပန်ကြသည်။
‘‘ဘုရားစင်ပေါ်ကနေ ဘုန်းကြီးကရပ်ပြီး ဆုတောင်းပေးတယ်။ တချို့ကလည်း မယ်တော်ရုပ်တုဆီကိုသွားပြီး တို့တယ်၊ နမ်းတယ်၊ ဆုတောင်းတယ်’’ဟု ကက်သလစ်ဘာသာဝင် ကိုပက်ထရစ်ကဆိုသည်။
(၁၁၃)ကြိမ်မြောက် ညောင်လေးပင် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော် လာရောက်သူများသည် အိမ်အပြန်တွင် လုဒ်မယ်တော်ဂူဗိမာန်အနီးရှိ စမ်းရေတွင်းမှ ရေများကို ပလတ်စတစ်ဘူးများဖြင့်ထည့်၍ သယ်ယူကြသည်။
မယ်တော်၏မေတ္တာရေဟု သတ်မှတ်ပြီး နာမကျန်းသောလူများနှင့် နတ်ဆိုးများနှောင့်ယှက်ပါက ထိုရေနှင့်ဖျန်းလျှင် ဘေးကင်းသည်ဟု ကက်သလစ်ဘာသာဝင်တို့က ယုံကြည်ကြသည်။
‘‘ရှင်ယေရှုကို မွေးဖွားပေးတဲ့ မယ်တော်ကို ဂုဏ်ပြုတဲ့ပွဲအနေနဲ့ လာရောက်ဆုတောင်းကြတယ်။ အပြစ်တွေ ဆေးကြောကြတယ်။ ကျန်းမာရေးအတွက် ရေမန်းတွေ သယ်သွားကြတယ်’’ဟု ကက်သလစ်ဘာသာဝင်တစ်ဦးကဆိုသည်။
ပွဲတော်ကျင်းပသည့် ၁၀ ရက်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သော ဆရာတော်များ၏ တရားပွဲများကို လုဒ်မယ်တော် ဂူဗိမာန်တော်တွင် တိုင်းရင်းသားဘာသာစကားဖြင့် ဆရာတော်များက ဟောကြားဆုတောင်းပေးကြသည်။
‘‘အရင်တုန်းက အဆိုအရ မယ်တော်ကို ပြင်သစ်ပြည်က ပင့်လာတယ်။ ဖာသာတို့လည်း မမွေးသေးဘူးပေါ့။ အရင်ဖာသာတွေရဲ့ မှတ်တမ်းအရသိရတာပါ’’ဟု ညောင်လေးပင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် DominicSavio Jude က မိန့်သည်။
လုဒ်မယ်တော်ဂူဗိမာန်ကို လက်ဖ၀ါးဖြင့်တို့ထိ၍ ၀တ်ပြုဆုတောင်းသူများသည် နံနက်ခင်းအစောပိုင်းမှစ၍ ည ၁၁ နာရီအထိ မပြတ်ရှိနေသည်။
ကက်သလစ်ဘာသာဝင်အချို့မှာ ၎င်းတို့၏အပြစ်များကို ၀န်ချတောင်းပန်ရန် ဘုရားရှိခိုးကျောင်းအတွင်း၌ တန်းစီစောင့်ဆိုင်းနေကြပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။
အာပတ်ဖြေသူမိန်းမများသည် ဦးခေါင်းတွင် ပ၀ါပါးခြုံ၍ ဆရာတော်ဘေး၌ ဒူးထောက်ကာ ခပ်တိုးတိုးပြောရှင်းပြရာ ဆရာတော်က အာပတ်ဖြေပေးပြီး အပြစ်များကျေရန် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်စေရန် တိုက်တွန်းသည်။
ထိုသို့ပြုလုပ်လျှင် ကက်သလစ်ဘာသာဝင်များက ၎င်းတို့၏အပြစ်များ ပြေပျောက်သည်ဟု အယူရှိကြသည်။ ဘုရားကျောင်းသို့ လာရောက်သူများအတွက် ဘုရားကျောင်းဝင်းထဲတွင် လူထောင်ကျော်နားခိုနိုင်သော ယာယီတည်းခိုရန် အဆောင်များ တည်ဆောက်ပေးထားသည်။
အဆောင်များ ပြည့်ကျပ်နေသဖြင့် ဘုရားကျောင်းဝင်းမြက်ခင်းပြင်များတွင် မြက်ဖျာများဖြင့် အိပ်စက်နေသည့် မိသားစုများရှိသကဲ့သို့ ညောင်လေးပင်မြို့ပေါ်ရှိ နေအိမ်များတွင် ငှားရမ်းတည်းခိုနေထိုင်ကြသူများရှိသည်။
လုဒ်မယ်တော်သခင်မပွဲတော် ကာလအတွင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို၏ ဂုဏ်ပြုပွဲကိုပါ ဖေဖော်ဝါရီ ၂၈ ရက်က ညောင်လေးပင်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ပထမဆုံးရွေးချယ်ခံရသော ကာဒီနယ်ချားလ်စ်ဘိုအား ဂုဏ်ပြုပွဲပါဝင်နေခြင်းကြောင့် လုဒ်မယ်တော်သခင်မပွဲတော်မှာ ယခင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိသည်။
ပုသိမ်၊ ကလေး၊ မင်းတပ်၊ တောင်ကြီး၊ လားရှိုး၊ ဖယ်ခုံ၊ လွိုင်ကော်၊ မန္တလေး၊ တောင်ငူ၊ ဘားအံမြို့တို့မှ ကက်သလစ်ဘာသာဝင် အများအပြား လုဒ်မယ်တော်သခင်မပွဲတော်နှင့် ကာဒီနယ်ချားလ်စ်ဘို ဂုဏ်ပြုပွဲသို့ တက်ရောက်လာကြသည်။
‘‘လာတဲ့လူက လူကြီးပိုင်းပိုများတယ်။ လူငယ်တွေလည်းလာတယ်။ အဝေးဆုံး မြစ်ကြီးနား၊ ဗန်းမော်ကလူတွေက စောရောက်တယ်’’ ဟု ကက်သလစ်ဘာသာဝင် မအိအိလွင်ကဆိုသည်။
ဘုရားကျောင်းဝင်းအတွင်း ဘုရားပစ္စည်းအရောင်းဆိုင်တန်း ဖွင့်လှစ်ပေးထားပြီး ဆိုင်ခန်း ၅၀ ခန့်ရှိကာ ဘာသာရေးရုပ်တုများ၊ ဘာသာရေးစာအုပ်များနှင့် အမှတ်တရ တီရှပ်အင်္ကျီများကို အနယ်နယ်အရပ်ရပ်မှ လာရောက်သော ကက်သလစ်ဘာသာဝင်များအား နံနက်စ၍ ညခင်းပိုင်းထိ ရောင်းချပေးနေသည်။
အရောင်းဆိုင်စောင်းတန်းအနီးတွင် ထမင်းစားအဆောင်ရှိပြီး နေ့ခင်းနှင့် ညနေစာအတွက် သက်သတ်လွတ်ထမင်းဟင်းကို လာရောက်သူများအား အခမဲ့ကျွေးမွေးနေသည်။ ယင်းထမင်းဟင်းကို စားရလျှင် ကျန်းမာရေးကောင်းမွန်သဖြင့် တိုး၍တန်းစီခြင်းဖြစ်ကြောင်း ညောင်လေးပင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် Dominic Savio Jude က မိန့်သည်။
ဘုရားကျောင်းအတွင်း မစ္ဆားတရားတော်မြတ်ကို ဟောကြားခြင်း၊ ကရုဏာရှင်ယေရှုကို သဒ္ဓါကြည်ညိုခြင်း၊ နိုဗီနားဆုတောင်းမေတ္တာပို့ခြင်း၊ စိတ်ပုတီးစိပ်ခြင်း၊ ဘုရားကျောင်းအတွင်း စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ကြသည်။
မတ်လ ၁ ရက်တွင် ကက်သလစ်ဘာသာဝင်များ၏ ထူးခြားသောကာလဖြစ်သော လုဒ်မယ်တော်သခင်မပွဲတော် ပြီးဆုံးသွားခဲ့ပြီး မယ်တော်၏ မေတ္တာရေများ သယ်ဆောင်၍ မိမိနေရပ်များသို့ ပြန်လည်ထွက်ခွာသွားကြသည်။
http://7daydaily.com/story/33158#.VPpF6vnF-So

No comments:

Post a Comment