CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 1, 2015
ခါးအောက်ပိုင်း၌ ဘုရားပုံ တက်တူး ထိုးထားသည့် နိုင်ငံခြားသား ဧည့်သည်များကို ရွှေတိဂုံစေတီ ရင်ပြင်သို့ တက်ရောက်ခွင့် မပြုဟုဆို
ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားဧည့်သည်များ ခါးအောက်ပိုင်းတွင် ဘုရားပုံ တက်တူး ထိုးထားခြင်းများ တွေ့ရှိပါက ရွှေတိဂုံစေတီရင်ပြင်ပေါ်ကို တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ဒုတိယရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။
ရွှေတိဂုံဘုရားသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
နိုင်ငံခြားသား ဧည့်သည်များတွင် လက်များနှင့် ခြေထောက်တို့၌ ဘုရားပုံတော် တက်တူး ထိုးခြင်းများ တွေ့လာရပြီး လွန်ခဲ့သည့် သုံးလကျော်က ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် စပိန်နိုင်ငံသား တစ်ဦး၏ ခြေထောက်တွင် ဘုရားပုံတော်များ တက်တူးထိုးထားသည်ကို တွေ့ရှိရသဖြင့် ရင်ပြင်တော်ပေါ်သို့ တက်ရောက်ခွင့် မပြုခဲ့ဟု ဦးထွန်းအောင်ငွေက ပြောသည်။
ဒုတိယရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ''နိုင်ငံခြားသားတွေ တက်တူးဘုရားရုပ်ပုံတွေ ထိုးလာတယ်။ ခြေထောက်မှာ ထိုးလာတာတွေ့တဲ့အတွက် သူကိုတော့ ဆက်မတက်ခိုင်းတော့ဘူး။ သူတို့အနေနဲ့ သူတို့က ဘုရားကို စော်ကားတဲ့ သဘောမဟုတ်ဘူး။ ယုံကြည်ပြီး ထိုးတဲ့သဘောပါ။ လက်တွေမှာလည်း တချို့ထိုးကြတယ်။ ခြေထောက်မှာ ထိုးတာကိုတော့ လက်မခံဘူး။ လက်မှာ ထိုးထားပေမယ့် တချို့ ဗုဒ္ဓဘာသာဝင်တွေ လက်မခံနိုင်တဲ့ အခြေအနေမျိုးရှိနေတယ်'' ဟု ပြောသည်။
ဘုရားပုံတော် တက်တူးထိုးထားသည့် နိုင်ငံခြားသား ဧည့်သည်များအား အရေးယူ ဆောင်ရွက်မှုအနေဖြင့် ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ တက်ရောက်ခွင့်မပြုခြင်းသာ ဆောင်ရွက်နိုင်သည်ဟု ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်မှု ၆၀,၀၀၀ ကျော် လာရောက်ခဲ့သဖြင့် ဧည့်ဝင်ကြေးငွေ ကျပ်သန်းပေါင်း ၅၀၀ ကျော်နှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၄၇,၁၀၈ ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ အများဆုံးလာရောက်ခဲ့သည် နိုင်ငံခြား ဧည့်သည်များမှာ ထိုင်း ၁၇,၂၁၆ ဦး၊ ကိုးရီးယား ၆,၂၀၉ ဦး၊ ဂျပန် ၄၀၈၂ဦး၊ တရုတ် ၃,၇၇၈ ဦး ၊ အမေရိကန် ၃,၇၅၄ ဦးတို့ဖြစ်ပြီး အနည်းဆုံး နိုင်ငံခြားဧည့်သည်များမှာ ဂျော်ဒန်၊ ဒတ်ခ်ျ၊ ပါကစ္စတန် ၊ ချီလီ၊ ဖင်လန်နိုင်ငံတို့မှ ဖြစ်သည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ဒုတိယရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ''နိုင်ငံခြားသား ဝင်ရောက်မှုက တိုးတက်လာပါတယ်။ ဆက်ပြီး တိုးတက်လာဖို့လည်း မြင်ပါတယ်'' ဟု ပြောသည်။
ရွှေတိဂုံစေတီတော်သို့ နိုင်ငံသားလာရောက်မှု ၂၀၁၄ ခုနှစ်တွင် ၅၀၅,၃၉၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၁၄,၀၀၇ ဦး၊ ၂၀၁၂ ခုနှစ်တွင်း ၃၄၆,၆၁၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၂၂၅,၃၁၈ ဦးတို့ လာရောက်ခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/38193-2015-02-01-11-38-23
ခါးအောက်ပိုင်း၌ ဘုရားပုံ တက်တူး ထိုးထားသည့် နိုင်ငံခြားသား ဧည့်သည်များကို ရွှေတိဂုံစေတီ ရင်ပြင်သို့ တက်ရောက်ခွင့် မပြုဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 01, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 01, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment