Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 20, 2015

ထိုင်းမင်းသမီးနဲ့ တွဲတော့မယ့် ပြေတီဦး




ထိုင်း သရုပ်ဆောင်မင်းသမီးနဲ့ မြန်မာ သရုပ်ဆောင်မင်းသားတို့ အဓိက ပါဝင်သရုပ်ဆောင်မယ့် TT&Donut ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စတင် ရိုက်ကူးတော့မှာပါ။

မင်းသမီးနေရာမှာတော့ ထိုင်း သရုပ်ဆောင်မင်းသမီးလည်းဖြစ် ၂၀၁၄ ခုနှစ်ရဲ့ Miss Thailand 2nd runner up လည်းဖြစ်တဲ့ Chattarika Sittiprom က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး မင်းသားနေရာမှာတော့ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာအနေနဲ့ကတော့ ထိုင်းလူမျိုး Adsajun Sattagovit ဆိုသူပါ။ တခြား သရုပ်ဆောင်တွေအနေနဲ့ ထိုင်းနိုင်ငံမှ သရုပ်ဆောင် Suphawit Muongmee နဲ့အတူ အခြားသော ထိုင်းသရုပ်ဆောင်များစွာ ပါဝင်ကာ မြန်မာနိုင်ငံမှ သရုပ်ဆောင် ရွှေသမီးကလည်း အထူးဧည့်သည်သရုပ်ဆောင်အဖြစ်နဲ့ ပါဝင်အားဖြည့်ထားပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာ ရွှေမင်းသမီးရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ဒီဇာတ်ကားကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရိုက်ကူးသွားမှာပါ။

ဇာတ်ကားထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်လို့ ရွှေမင်းသမီးထုတ်လုပ်ရေးမှ ကိုသက်က “ဒီဇာတ်ကားရိုက်ကူးဖို့ ရုပ်ရှင်လောကကြီးတိုးတက်အောင်လုပ်ဖို့ဆိုတာ ကျွန်တော်တို့ ထုတ်လုပ်သူတွေကပဲ ပိုက်ဆံထုတ်ရိုက်နေလို့ မရပါဘူး။ ဌာနဆိုင်ရာကလူတွေ အားလုံး ပူးပေါင်းကူညီမှ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်တင့်ရေး ၊နိုင်ငံတကာ ဈေးကွက်ဖော်ဆောင်ရေးမှာ အောင်မြင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဗိုလ်တစ်ထောင်ဘုရားမှာ ထိုင်းမင်းသမီးလေးက မြန်မာဝတ်စုံလေးနဲ့ ဘုရားလာဖူးတဲ့အခန်း ရိုက်ကူးမယ့် နေရာမှာ ၊ ရိုက်ကူးနိုင်ဖို့ ဂေါပက အဖွဲ့နဲ့ ညှိနှိုင်းရာမှာ အချိန်နှစ်နာရီကြာမြင့်ခဲ့ရပါတယ်၊ကျွန်တော်တို့ ဖြစ်အောင်လုပ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဇာတ်လမ်းအနေအထားကတော့ ထိုင်း မင်းသမီးလေး Donut က မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရင်း TT နဲ့ တွေ့ဆုံဖြစ်ပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားခြင်းပါ။

သရုပ်ဆောင်ပြေတီဦးက “ကျွန်တော်တို့ဆီက အနုပညာရှင်တွေရဲ့ အရည်အသွေးဟာ လုံးဝမညံ့ပါဘူး။ အနုပညာအရည်အသွေးဟာ ဘယ်သူနဲ့ မဆိုယှဉ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ အနုပညာသမားတွေ အားလုံးကိုယ်စား ကြိုးစားသွားမယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။ ကျွန်တော်တို့မှာ အားနည်းတဲ့အပိုင်းရှိပါတယ်။ ဒါဟာ ဘာလဲဆိုတော့ စက်ပစ္စည်းတွေနဲ့ ပတ်သတ်တဲ့ နည်းပညာတွေ၊ ရှူတင်တစ်ခုလုံးကို ဘယ်လို run လဲဆိုတဲ့ System တွေမှာတော့ ကျွန်တော်တို့က အရမ်းကို အားနည်းပါတယ် ။ သူတို့ကို မမီပါဘူး။ ဒီလိုမျိုးပူးပေါင်းပြီး ရိုက်ကူးလာနိုင်မယ် Professional ဆန်ဆန်ရိုက်ကူးလာနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရုပ်ရှင်ဟာ တစ်ခြားနိုင်ငံတွေကို ရင်ဘောင်တန်းလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

TT&Donut ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရုံတင်ပြသသွားမှာပါ။
.
Credit : ယုမွန်ကျော် The Irrawaddy (Burmese Version)

No comments:

Post a Comment