Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

စိတ်မနှံ့ရွာသားပစ်သတ်ခံရမှု အစိုးရစစ်သားကို အရေးယူပေးရန် တောင်းဆို

ပစ်သတ်ခံရသည့် စိုင်းဆမ်တစ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ၀မ်ထင်ကျေးရွာမှာ  အစိုးရတပ်ဖွဲ့ဝင်တွေက စိတ်မနှံ့တဲ့ ရွာသား တဦးကို မိဘတွေရှေ့မှာ ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဆေး အရေးယူ ပေးဖို့ ရှမ်းလူ့အခွင့် အရေး အဖွဲ့က ဇန်န၀ါရီလ ၇ ရက်နေ့ နေ့စွဲနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆို လိုက်ပါတယ်။

အသက် ၃၂ နှစ်ရွယ်ရှိ ၀မ်ထင်ရွာသား စိုင်းဆမ်တစ်ကို ခလရ ၅၇၁ လက်အောက်ခံ အစိုးရ တပ်ဖွဲ့ဝင် တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန် သူနေတဲ့အိမ်မှာ ပစ်သတ်ခဲ့ကြောင်း  မိဘတွေက ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကို  တိုင်ကြားထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာကနေ လိုအပ်သလို အရေးယူပေးဖို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကိုရော အစိုးရ အဖွဲ့အစည်းတွေဆီပါ စာပို့ပြီး တောင်းဆိုထားတယ်လို့  အဖွဲ့ပြောခွင့်ရ နန်းခေါန်လိတ်က ဒီဗွီဘီကို ပြောပါတယ်။

“သေဆုံးသွားတဲ့ သူ့ရဲ့မိဘဆွေမျိုးတွေကလည်း တောင်းဆိုလာကြပါတယ်။ သူတို့ရှေ့မှာပဲ မြန်မာစစ်တပ်က ပစ်သတ်ခဲ့တာပေါ့နော်။ အားလုံးကို သိစေချင်တာလည်းပါတယ်။ ကျမတို့ အဖွဲ့အစည်းအနေနဲ့လည်း စစ်တပ်လူကြီးတွေကိုယ်တိုင်က တဘက်မှာ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပါဝင်ဆောင် ရွက်နေပြီး တဘက်မှာကျတော့လည်း ခုလိုရွာသားတွေပေါ် ဥပဒေမဲ့ ပစ်ချင်သလိုပစ်နေတာကို ရှုတ်ချပါတယ်။ လိုအပ်သလို စုံစမ်းအရေးယူပေးဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီကိုရော၊ အစိုးရပိုင်းတွေပါ အီးမေးလ်နဲ့ ပေးပို့တိုင်ကြားလိုက်ပါတယ်ရှင့်။”

ပစ်သတ်ခံရသူ စိုင်းဆမ်တစ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က အက်စ်အက်စ်အေ တောင်ပိုင်းအဖွဲ့ရဲ့ တပ်သား ဟောင်း ဖြစ်ခဲ့ဖူးပြီး စစ်တပ်က ထွက်လာတဲ့ အကြောင်း အစိုးရတပ်ကိုလည်း အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း အခုအခါ စိတ်မမှန်သလို ဖြစ်နေကြောင်း၊ အပစ်မခံရခင်က  စစ်ဘောင်းဘီကို ၀တ်ဆင်ပြီး ကားမောင်းနေစဉ် စစ်တပ်က တားဆီးတာကို ရပ်မပေးတဲ့အတွက် စစ်တပ်က အိမ်ထိလာရောက် စစ်ဆေးခဲ့ပါတယ်။

အိမ်မှာလာစစ်ဆေးစဉ် သူက လက်ထဲမှာ လက်လုပ်သေနတ်နဲ့ ဓားမြောင်ကိုင်ပြီး လက်မြှောက်ထွက် အလာ အစိုးရတပ်ဘက်က သေနတ်နဲ့ ၄ ချက်ပစ်ပြီး  သေဆုံးသွားတာလို့ မိဘများရဲ့ အပြောကို ကိုးကားပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

စိုင်းဆမ်တစ်သေဆုံးပြီးတဲ့နောက် စစ်တပ်က ရဲနဲ့ မှုခင်းဆရာဝန်တွေ ခေါ်ခဲ့ပေမယ့် ရဲကလည်း သူ့မိဘဆွေမျိုးတွေကို တစုံတရာစစ်ဆေးမေးမြန်းတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စိုင်းဆမ်တစ်သေဆုံးပြီး နောက်၂ ရက်ကြာ ဒီဇင်ဘာ ၁၄ ရက်မှာ  စစ်တပ်နဲ့ အာဏာပိုင်တွေက  မိုင်းယောင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာ ၆၆ ရွာနဲ့ မြို့ပေါ်ရပ်ကွက် ၉ ခုစလုံးက ပြည်သူပေါင်း ၁၂၀၀ ကျော်ကို ဆင့်ခေါ်ပြီး  မိုင်းယောင်းအားကစားကွင်းမှာ  “သောင်းကျန်းသူအဖွဲ့” ဆန့်ကျင်ရေး ဆန္ဒပြဖို့ အတင်းအဓမ္မ စေခိုင်းခဲ့တဲ့ကိစ္စပေါ်မှာလည်း  ရှမ်းလူ့အခွင့်အရေးအဖွဲ့က ရှုတ်ချကြောင်း အစိုးရကို ပေးပို့တဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြသွားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/76282

No comments:

Post a Comment