Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ဒေါ်ခင်ဝင်းသေဆုံးမှု ရဲကို အရေးယူရန် ကော်မရှင်တိုက်တွန်း


ရွာသူတဦး သေဆုံးခဲ့ရတဲ့ လက်ပံတောင်းတောင် အဓိကရုဏ်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အခင်းဖြစ်ချိန်မှာရှိတဲ့ ရဲတပ်ဖွဲ့ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ထုတ် ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဒေါ်ခင်ဝင်းဟာ သေနတ်ကျည်ထိမှန်လို့ ဦးခေါင်းခွံ့ရိုးကျိုးပြီး ဦးနှောက်စုတ်ပြဲ ဦးနှောက်မြှေးအပေါ် အောက်သွေးယိုတာကြောင့် သေဆုံးခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပြီး အခင်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့ကိုင်တွယ်နှိမ်နင်းပုံ အားနည်းခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ရဲကွပ်ကဲမှုတပ်ဖွဲ့မှာ လုံခြုံရေးစီမံချက်ပါ ပစ္စည်းပစ္စယ လုံလုံလောက်လောက် မရှိတဲ့အပြင် လူစုခွဲရာမှာလဲ အဆင့်လိုက် မလုပ်ဆောင်ခဲ့ဘူးလို့ ကော်မရှင်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအရ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ဖို့နဲ့ လုံခြုံရေးစီမံချက်ကို ဖောက်ဖျက်လုပ်ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိထိရောက်ရောက် အရေးယူ လုပ်ဆောင်ဖို့ စုံစမ်းရေးကော်မရှင်က တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က အထူးသဖြင့်တော့ ဒေါ်ခင်ဝင်သေဆုံးမှုမှာ ကွပ်ကဲခဲ့တဲ့ ရဲတွေကို အရေးယူဖို့ဆိုလိုတာ ဖြစ်တယ်လို့ြေ ပြောပါတယ်။

“အဓိကကတော့ ဒေါ်ခင်ဝင်းဖြစ်တဲ့အချိန်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရယ် ကွပ်ကဲတဲ့အဖွဲ့ပေါ့ဗျာ။ အစီရင်ခံစာမှာ အကြမ်းဖက်ရွာသားတွေလို့ သုံးနှုန်းတာကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ ဧရိယာထဲ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြကြတာမို့ သွားစစ်တဲ့အဖွဲ့က အဲ့ဒီလို သုံးလိုက်တာပါ။”

လူစုခွဲရာမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်ဟာ ရိုင်ဖယ်သေနတ်ဖြစ်တယ်လို့ စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် ဒေါ်ခင်ဝင်းသေဆုံးမှုမှာတော့ ဘယ်သေနတ် ဘယ်ကျည်ဆံ ထိမှန်လို့ သေတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ အတင်းအကျပ်ခြံစည်းရိုးခတ်မှုက အစပြုတဲ ဒီဇင်ဘာ ၂၂ ရက်နေ့ အထိကရုဏ်းအတွင်း မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းရဲ့ ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဖော်ထုတ်ဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77151

No comments:

Post a Comment