ဦးဖိလစ်မောင်/ဓာတ်ပုံ- ဖိလစ်မောင်ဖေ့စ်ဘွတ်ခ်
Byအောင်သူရ
အမေရိကန်သို့ရောက်ရှိချိန်တွင် သူ့အိတ်ကပ်ထဲ၌ ၁၃ ဒေါ်လာသာ ကျန်တော့သည်။ မိတ်ဆွေဆို၍လည်း တစ်ယောက်သာရှိသည်။ တစ်ဦးတည်းသော မိတ်ဆွေ၏ ကူညီနိုင်သည့်အနေအထားမှာ သူနေထိုင်သည့်အခန်းတွင် နှစ်ရက်၊ သုံးရက်သာ နေထိုင်ခွင့်ပြုမည်ထက်မပိုခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးဖြင့် သူ့ဘဝကိုစခဲ့ရသည်ဟု မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုဖိလစ်မောင်ကဆိုသည်။
သို့သော် ၂၇ နှစ်ကြာပြီး မြန်မာပြည်သို့ပြန်လာချိန်တွင်မူ သူ့ဘဝက များစွာပြောင်းသွားခဲ့ပြီ။ အမေရိကန်နိုင်ငံ၌ ဒုတိယဆိုင်ခွဲအများဆုံး ဆူရှီလုပ်ငန်းပိုင်ရှင် ဖြစ်နေပြီဖြစ်သည်။ စီးပွားရေးနှင့်ပတ်သက်၍ ဆုတံဆိပ် ၁၄ ခုရရှိထားပြီး အမေရိကန်သမ္မတကပင် ညစာဖိတ်ကျွေးဂုဏ်ပြုခံရသည်အထိ အောင်မြင်သောလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။
သူ အလုပ်စတင်လုပ်ချိန်တွင် ပိုက်ဆံရရန်သာသိခဲ့သည်။ ဆိုင်ဖွင့်ပြီး ၁၀ နှစ်ခန့်အကြာတွင် အလုပ်လုပ်ရတာ မပျော်မရွှင်ဖြစ်လာတော့သည်ဟု ကိုဖိလစ်မောင်က အတွေ့အကြုံကိုမျှဝေသည်။ ထိုအခြေအနေမှာ သူ့ကိုပြောင်းလဲစေခဲ့သည်မှာ စာအုပ်တစ်အုပ်ကြောင့်ဖြစ်ကြောင်း ကိုဖိလစ်မောင်က ကုန်သည်စက်မှုအသင်းတွင်ပြုလုပ်သော သူ၏ အမေရိကန်အတွေ့အကြုံဆွေးနွေးပွဲ၌ တက်ရောက်လာသူများအား မျှဝေခဲ့သည်။
ထိုစာအုပ်မှာ စာရေးဆရာ Jim Collin ၏ Good to Great စာအုပ်ဖြစ်သည်။
စာရေးဆရာဂျင်ကောလင်းအနေဖြင့် စာအုပ်တစ်အုပ်ရေးမည်ဆိုပါက လေးနှစ်၊ ငါးနှစ်ခန့်လေ့လာပြီးမှ ရေးသားသူဖြစ်သည်။ ထို့ကြောင့်လည်း သူရေးခဲ့သည့် စာအုပ်တိုင်း အရောင်းရဆုံးစာရင်းဝင်ခဲ့သည်။ ကိုဖိလစ်မောင်ဘဝကို ပြောင်းလဲစေသည့် စာအုပ်မှာ မအောင်မြင်သော ကုမ္ပဏီများအကြောင်း လေ့လာရေးသားထားခြင်းဖြစ်သည်။
ထိုစာအုပ်ထဲတွင် သူ့ရင်ကိုထိမှန်စေသော စာသားအချို့အား အခုလိုရှင်းပြခဲ့သည်။
‘‘ကုမ္ပဏီနှစ်မျိုးရှိပါတယ်။ ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့။ ကောင်းတာက ဝင်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ကုမ္ပဏီပေါ့’’
‘‘နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ၊ သူကျတော့ ငွေကြေးတစ်ခုတည်းတင်မကတော့ပါဘူး။ ဝန်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်’’ဟု ဆိုသည်။
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core Value သတ်မှတ်ရန်စတင်ခဲ့သည်။ ထိုသို့သတ်မှတ်ရန် သူ့ဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံဖြစ်ချင်သလဲဟု မေးခဲ့သည်။ ဝန်ထမ်းအားလုံး အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ် သတ်မှတ်ခဲ့သည်။
‘‘Value ကို ဘယ်လိုတည်ဆောက်မလဲ။ Core Value တွေ သတ်မှတ်တဲ့အခါမှာ All Inclusive ပါဝင်ရမယ်။ ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက်၊ နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ်ဆိုတာတော့ တော်တော်အသုံးဝင်တယ်’’ဟု ကိုဖိလစ်မောင် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ဆောင်ဘဏ်မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအဝင်အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။
သူ့ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပါတ် (၁)မှာ Service High-Speedand High-Teach ဖြစ်သည်။ နံပါတ် (၁) Core Value နှင့် ပတ်သက်၍ ယခုလိုရှင်းပြခဲ့သည်။
‘‘စားသုံးသူတွေကို အဓိကထား ဝန်ဆောင်မှုပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ဝမ်းသွားတယ်ပြောတယ်။ ဒါပေမဲ့ သူ အဲဒီနေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်းဆေးခန်းပြပေးတယ်။ ကျွန်တော်တို့က ဆေးပို့ပေးတယ်။ နောက်ဆုံး အိမ်သာသုံးစက္ကူတောင်ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ ၁၀၀ တန် ဘောင်ချာတောင်ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်’’ဟု ကိုဖိလစ်မောင်က ရှင်းပြခဲ့သည်။
နံပါတ် (၂) Core Value မှာ Inspire and Be Inspire ဖြစ်သည်။ အထက်အောက်ယုံကြည်မှုကို အလေးထားတည်ဆောက်ပေးထားခြင်းဖြစ်သည်။
‘‘အောက်ကိုလုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုံ့နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကိုယူမှရမှာ’’ဟု ကိုဖိလစ်မောင်က ရှင်းပြခဲ့သည်။
နံပါတ်(၃) Core Value မှာ Open and Honest Communication ဖြစ်သည်။
‘‘အစပိုင်း (၁၀)နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော် ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့အမျှ အဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ’’
အခြားသောအချက်မှာ ကိုယ်လာသည့် ပတ်ဝန်းကျင်ကို မမေ့စေခြင်း၊ ဝန်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါသင်ပေးခြင်း၊ ပြဿနာတစ်ခုခုဖြစ်လာပါက လွှဲမချဘဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်းနှင့် အလုပ်လုပ်လျှင် Team work ကို အလေးထားစေခြင်းတို့ဖြစ်သည်။
‘‘ဝန်ထမ်းတွေကို မန်နေဂျာပုံစံမျိုးမဟုတ်ဘဲနဲ့ Leader (ခေါင်းဆောင်)ပုံစံအုပ်ချုပ်တာ ခိုင်းလို့လုပ်တာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လုပ်ချင်လို့လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ’’ဟု ကိုဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်က သုံးသပ်သည်။
ကိုဖိလစ်မောင်၏ အတွေ့အကြုံဆွေးနွေးပွဲတွင် လူကြိုက်များသောတစ်ခုမှာ ဝန်ထမ်းချိန်သတ်မှတ်မထားဘဲ ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်စဉ်က အခြားသောလုပ်ငန်းရှင်များက သူအားရူးသွားပြီဟုပင် ပြောဆိုကြောင်း ကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။
ခေတ်လူငယ်များအနေဖြင့် ထိန်းချုပ်မှုကို မကြိုက်သဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ပြီး ထိန်းချုပ်မှုများလာပါက တီထွင်မှုကျဆင်းလာနိုင်သည်ဟု သူယုံကြည်ခဲ့၍ဖြစ်သည်။
‘‘ဆရာ့ဆွေးနွေးမှုထဲမှာ အကြိုက်ဆုံးက Hissho ရဲ့ဝန်ထမ်းတွေကို ရုံးတက်ချိန်၊ ဆင်းချိန်သတ်မှတ်မပေးဘဲ လွတ်လပ်စွာနေစေတာပါပဲ။ ဒီအတွက် အလုပ်လုပ်ချိန်တွေတိုလာတယ်။ ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာတယ်ဆိုတာကို သဘောအကျဆုံးပဲ’’ဟု ဆွေးနွေးပွဲသို့ လာရောက်နားထောင်သူ ကိုဖြိုးဝေဝင်းကပြောသည်။
ကိုဖိလစ်မောင် ဖတ်ဖူးသော စာအုပ်များနှင့် အတွေ့အကြုံအရ ဝန်ထမ်းများကို အဆင့်(၅)ဆင့် ခွဲခြားသတ်မှတ်ထားသည်။ ရန်လိုသည့်လူမျိုး၊ အပျက်သဘောမြင်သူ၊ ငါဆိုသည့်အတ္တများနေသူ၊ ငါတို့ (We are Great)နှင့် ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်သူဟူ၍ဖြစ်သည်။
သုတေသနစစ်တမ်းအရ အမေရိကန်နိုင်ငံမှာပင် အတ္တများနေသူမှာ ၄၉ ရာခိုင်နှုန်း၊ ငါတို့ဟုစဉ်းစားသူက ၂၂ ရာခိုင်နှုန်းနှင့် ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်သူမှာ ၂ ရာခိုင်နှုန်းသာရှိသည်။
သူ့အနေဖြင့် မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်ချင်သူများနှင့် ပတ်သက်၍လည်း အချက်သုံးချက်လုပ်ဆောင်ရန် ညွှန်ပြခဲ့သည်။ ထိုအချက်သုံးချက်မှာ မိမိအလုပ်ကို နှစ်ခြိုက်မှုရှိပါစေ (Pacsion)၊ ရည်ရွယ်ချက်ရှိပါစေ (Purpose) နှင့် အမြတ်ရပါစေ (Profit)တို့ ဖြစ်သည်။
ထိုအချက်သုံးချက်နှင့်ပတ်သက်၍ ကိုဖိလစ်မောင်က ယခုလိုပဲရှင်းပြခဲ့သည်။
‘‘ဆိုလိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မဝင်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှာမဟုတ်ဘူး။ တိကျတဲ့ရည်ရွယ်ချက်ရှိရမယ်။ ငွေကြေးတခုတည်းမဟုတ်တဲ့ ရည်ရွယ်ချက်ပေါ့။ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ ဒါမှရှင်သန်ရတာ အဓိပ္ပာယ်ရှိမှာပေါ့။ ဒါကို အခြေခံကြိုးစားမယ်ဆိုရင် နောက်ဆုံး Profit က အလိုလိုရလာမှာပါ။
http://7daydaily.com/story/28332#.VKXVT3s9THQ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 1, 2015
ကိုဖိလစ်မောင်ကို ပြောင်းလဲစေသော စာအုပ်တစ်အုပ်
ကိုဖိလစ်မောင်ကို ပြောင်းလဲစေသော စာအုပ်တစ်အုပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 01, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 01, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment