Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

မိဘပြည်သူလို့ မခေါ်နဲ့ မကြိုက်ဘူး


အရင်တုန်းက မမေကျော် ဒွေးတော်လွမ်းသတဲ့။ အခု အဖေအမေကျော် ဟိုဘက်ရွာက သူယုတ်အဖော်ကို လွမ်းနေတဲ့ သားသမီး မိဘပြည် သူလို့ မခေါ်နဲ့ မကြိုက်ဘူး။ မိဘကျေးဇူးကို မသိ၊ သူယုတ် ကျေးဇူးကို ကြည့်နေတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ရွာနီးချင်း သူယုတ်နဲ့ပေါင်းပြီး မိဘရဲ့ သယံဇာတ ရှေးဟောင်းအမွေအနှစ်တွေ ရောင်းစားပြီး သူခိုးဓားရိုးကမ်းနေတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ကိုယ့်ရွာမြေအတွင်းက သစ်တွေခိုးထုတ်နေတဲ့ သူယုတ်ကို ဟေ့ သူခိုးလို့ ရဲရဲမပြောရဲဘဲ ကြောက်နေရပါတယ်ဆိုတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ကိုယ့်ရွာမြေထဲမှာ သူယုတ်ရဲ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေး မိဘပြည်သူ ညီအစ်ကို မောင်နှမအလုပ်သမားတွေကို ဖိနှိပ် ထုထောင်းနေတဲ့ သားသမီး မိဘပြည်သူလို့ မခေါ်နဲ့ မကြိုက်ဘူး။ သူခိုး သူယုတ်နဲ့ပေါင်းပြီး မိဘလယ်မြေတွေကို မတရားသိမ်းနေတဲ့ ရွာက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ရွာဦး ဘုန်းကြီးကျောင်းနဲ့ သမိုင်းဝင်သိမ်တွေကို ဖြိုဖျက်နေရာပြောင်းနေတဲ့ ဆယ်အိမ်ခေါင်းနဲ့အဖွဲ့ မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ သူခိုးသူယုတ်ကိုမှ ဆွေမျိုးလျှောက်ခေါ် ချစ်ခင်ရင်းနှီးစွာ အတူတကွ ပေါင်းသင်းနေထိုင်ချင်တဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ မိဘပြည်သူ ညီအစ် ကိုမောင်နှမတွေကို ရွာအပြင်ထုတ်ပြီး ဆွေမတော် မျိုးမတော် သူစိမ်းပြင်ပြင် ရွာနီးချင်းသူယုတ်ကိုမှ အိမ်ဦးခန်းတင်ချင်တဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ကိုယ့်ရွာမှာ ဆေးဆရာကို အပ်ပုံး ဒေါက်တာရမ်းကုဆိုပြီး ဖမ်းဆီးထောင်ချကာ အိမ်နီးချင်း သူယုတ်ရမ်းကု နေတာကြတော့ အရေးယူဖို့ ဥပဒေမရှိဘူးဆိုတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ရွာလုံခြုံရေးအတွက် အကြောင်းပြပြီး တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေ မတရားသိမ်းပိုက်ထားတဲ့ ဆယ်အိမ်ခေါင်း အဖွဲ့နှင့် သူကြီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ အိမ်နီးချင်း သူယုတ် အကျိုးစီးပွားအတွက် ဦးဆွေးဆံမြည့် အမှုထမ်းပြီး သူယုတ်ကို အကာအကွယ်ပေးနေတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ မိဘ စကား နားမထောင်ဘဲ တခါလာလည်း မိဘပြည်သူ၊ တခါလာလည်း မိဘပြည်သူလို့ အကြိမ်ကြိမ် ခေါ်နေတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ မိဘပြည်သူ ညီအစ်ကိုမောင်နှမတွေလို့ခေါ်ပြီး မိဘပြည်သူ ညီအစ်ကိုမောင်နှမတွေရဲ့ အကျိုးစီးပွားကို ဖျက်ဆီးနေတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ကျောင်းသားတွေ စာမေးပွဲဖြေတော့မယ်ဆိုရင် လက်ဖက်ရည်ဆိုင်တွေ ပိတ်ခိုင်းပြီး အရက်ဆိုင်တွေ ဖွင့်ခွင့်ပေး ထားတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ သူယုတ်ရွာက အန္တရာယ်ရှိတဲ့ အစားအသောက်တွေ၊ အရက်တွေ၊ မူးယစ်ဆေးဝါးတွေ ကိုယ့်ရွာထဲ ခိုးသွင်းနေတာကို မသိချင်ယောင်ဆောင်ခွင့်ပြုနေတဲ့ သား သမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ သူကြီးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ရာထူးလက်ခံစဉ်က မိမိအသက်နဲ့ရင်းပြီး ကိုယ့်ရပ်ရွာကို ကာကွယ်ပါမည်ဟု လေးလေးနက်နက် သစ္စာဆိုထားပြီး သူယုတ်ရဲ့ နယ်ချဲ့တာခံနေတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ဒီ သူယုတ်က ကမ္ဘာပတ် စီးပွားရေးနယ်ချဲ့တာ သင်ခန်းစာမယူတတ်တဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ရွာက မိဘပြည်သူ ညီအစ်ကို မောင်နှမတွေ အပ်တိုတချောင်း မကိုင်လိုက်ရဘဲ သူယုတ်ကျွန်ဖြစ်သွားအောင်လုပ်မယ့် သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ သူယုတ် ကျွန်ဖြစ်သွားရင် သူကြီးနဲ့ရွာလူကြီးအဖွဲ့ဝင်တွေ အားလုံး အရှင်ထားမယ်လို့ ထင်သလား။ သူယုတ်က သူ့ရွာက အကျင့်ပျက်ခြစားနေတဲ့ လူတွေကိုတောင် သေဒဏ်ပေးနေတာမသိတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ဇာတ်တူသားစာရင် ဟင်္သာ ကိုးသောင်းပျက်သွားတာ မသိတဲ့ သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။ ဘုရားခန်း တက်လိမ်တဲ့ သားသမီး၊ တရားအဆောင် တက်လိမ်တဲ့ သားသမီး၊ သံဃာစင်ပေါ် တက်လိမ်တဲ့သားသမီး၊ မိဘပြည်သူညီအစ်ကိုမောင်နှမတွေကို လိမ်တဲ့သားသမီး မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။

မိဘစကား နားမထောင်ရင် မိဘပြည်သူလို့မခေါ်နဲ့ မကြိုက်ဘူး။
မိဘကို ရိုသေလေးစား ဦးညွတ်ထားပြီး မိဘစကားနားထောင်နိုင်မှ မိဘပြည်သူညီအစ်ကိုမောင်နှမလို့ ပြောလို့ရမယ်။

မောင်နွေအောင်(မလှိုင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment