Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ဘုန်းတော်ကြီး စာသင်ကျောင်းတွင် သက်မပြည့် ကျောင်းသူ မုဒိန်း ကျင့်ခံရ


ဂျန္နဝါရီလ ၁၄ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တော် ကံကြီးရပ်ကွက် မေတ္တာ ဘုန်းတော်ကြီး စာသင်ကျောင်းမှ အသက် ၉ နှစ်အရွယ် မိန်းကလေး တစ်ဦးအား သံဃာတော် တစ်ပါးက သားမယား ပြုကျင့်ခဲ့ ကြောင်း သတင်းရရှိသည်။

ဂျန္နဝါရီလ ၁၃ ရက်နေ့က ကံကြီးရပ်ကွက် နယ်မြေ ၄ (မြောက်) စေတီတော်လမ်းရှိ မေတ္တာ ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ဆရာတော်ဦးကုသလ လူအမည် ဦးကျော်စိန် အသက်(၄၈)နှစ် က အသက် (၉)နှစ်အရွယ် ကျောင်းသူတစ်ဦအား သားမယား ပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ဦးကုသလ ခေါ် ဦးကျော်စိန်သည် ဟိုပုံးမြို့နယ် ၊ လုံဟိန်းကျေးရွာသားဖြစ်ပြီး ယခင်ကလည်း ၄င်းအခန်းထဲသို့ အဆိုပါကျောင်းသူလေးအား ခေါ်ယူကာ မဖွယ်မရာပြုကျင့်ခဲ့ဖူးသည်ဟု ထွက်ဆို ကြောင်း ယင်းဘုန်းတော်ကြီးကျောင်းမှ ဆရာ/ဆရာမများက ပြောဆိုပါသည်။

ယခုလက်ရှိတွင် မုဒိန်းမှုတရားခံ ဦးကျော်စိန် အား ပြည်နယ်သာသနာရေး ဒုညွှန်ကြားရေးမှူး ဦးနေဝင်း၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဦးဂုဏဝံသာလင်္ကာရ ဆရာတော်ထံတွင် လူဝတ်လဲကာ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

“ ဒီကိစ္စကြောင့် ကျောင်းလည်း နာမည်ပျက်တယ်၊ ဘာသာရေးအရလည်း သတင်းဆိုးဘဲလေ။ ဘယ်သူမှ ဒီကိစ္စမဖြစ်စေချင်ဘူး။ နောက်ပြီး ကျနော်တို့ ပအိုဝ်းသိက္ခာကျတယ်” ဟု ကံကြီး ရပ်ကွက်နေ ဦးဒိ က သျှမ်းသံတော်ဆင့်အား ပြောသည်။

မေတ္တာဘုန်းတော်ကြီးစာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် ငါးနှစ်တာဝန်ထမ်းဆောင်လာ ခဲ့သော ကျောင်းဆရာ ဦးဇော်ဇော်အောင်က ၄င်း၏တပည့်ဖြစ်သူကို အလိုမတူဘဲ သားမယား ပြုကျင့်သူ ဦးကျော်စိန်အား တရားလိုအဖြစ် တိုင်တန်းထားပြီး အမှတ်(၁) ၊မြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ကြောင်း၊ ကျူးလွန်ခံရသူကျောင်းသူအား မြို့နယ်တရားသူကြီး၏ ဆေးစစ်ခွင့်နှင့်အတူ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးစစ်မှုခံယူနေကြောင်း သိရသည်။

“ ဒီကလေးမလေးဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ထိခိုက်နေပြီဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီစဉ်းစားပေးဖို့လိုတယ်။ ကျုးလွန်သူကို ထိရောက်စွာ အရေးယူသင့်တယ်။ ဒီလိုကိစ္စ တွေဟာ ရေငုံနှုတ်ပိတ်နေလို့ မရဘူး။ ဖော်ထုတ်ရမယ် ” ဟု အမျိုးသမီးအရေးလှုပ်ရှားသူ Women and Peace Action Network (Shan State) မှ ဒေါ်သန္တာဦးက ပြောသည်။

သက်ငယ်မုဒိန်းမှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် ထိရောက်သည့် ဥပဒေတစ်ရပ် အမြန်ဆုံး ပြဌာန်းနိုင်ရန် လိုအပ်ကြောင်း ဒေါ်သန္တာဦးက ဆက်လက် ပြောဆိုသည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese

No comments:

Post a Comment