ပြည်တွင်းပုဂ္ဂလိကပိုင် စက်သုံးဆီအရောင်းဆိုင် တစ်ခုအား ဇန်န၀ါရီ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပြည်ပမှ စက်သုံးဆီတင်သွင်းနေသည့် ကုမ္ပဏီပေါင်း ၇ဝ ဝန်းကျင် ရှိနေသော်လည်း နိုင်ငံတကာ ရေနံဈေးနှုန်းများ ကျဆင်းနေချိန်တွင် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း သိသာစွာ ကျဆင်းခြင်း မရှိသည့်အတွက် လက်ဝါးကြီးအုပ် စီးပွားရေးပုံစံအား အစိုးရမှဝင်ရောက်ကြပ်မတ်မှု လိုအပ်နေကြောင်း သတင်းရရှိသည်။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၉၄ ဒေါ်လာ ဝန်းကျင်ရှိခဲ့ရာမှ ပြီးခဲ့သည့် ဇွန်လမှစ၍ ဆက်တိုက်လိုလို ကျဆင်းလာခဲ့ ပြီး ၂ဝ၁၅ ဇန်နဝါရီလဆန်းပိုင်းတွင် တစ်စည်လျှင် ဒေါ်လာ ၅ဝ အောက်ထိ ကျဆင်းလာခဲ့ သော်လည်း ပြည်တွင်းရေနံဆီနှင့် ဓာတ်ဆီ ဈေးနှုန်းများ ပြောပလောက်အောင် ကျဆင်း ခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
“နိုင်ငံတကာဈေးနှုန်းတွေ ကျနေတာ တော်တော်လေးကြာသွားပြီ။ မှတ်မိသလောက်ဆိုရင် လေးငါးလလောက်ရှိသွားပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ ရောင်းနေတာက ၄ဝဝဝ ဝန်းကျင်ပဲ။ အခုအပြင်မှာ တစ်ဝက်လောက်ကျသွားတာ ပြည်တွင်းမှာက ပြောပလောက်အောင် ဘာမှမကျဘူး။ ဒါတောင်မှ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ချလိုက်တာ။ အရင်တုန်းကဆိုရင် စားအုန်းဆီက တစ်ဦးတည်း ကပဲသွင်းတယ်။ အခုလည်း ဖွင့်ပေးထားတယ် ဆိုပေမယ့် အဲဒီသဘောမျိုးလို ဖြစ်နေတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းကျလို့ ကျွန်တော်တို့သွင်း ချင်တယ်ဆိုလည်း သွင်းလို့မရဘူး။ သင်္ဘောကလည်း ဆီတင်တဲ့သင်္ဘောနဲ့ သက်သက် သွင်းရတယ်။ အခြားသင်္ဘောက အန္တရာယ်ရှိတယ်၊ မတင်ဘူး။ ဒါကြောင့် ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ် တင်လို့ရတယ်ဆိုဆို ကျွန်တော်တို့ တင်လို့မရဘူး။ ဒါကြောင့်စက်ရုံ အတွက် ရေနံသုံးချင်တယ်ဆိုလည်း သူတို့ရောင်းတဲ့ဈေးနဲ့ပဲ ဝယ်ရတယ်။ အဲလိုတော့ မဖြစ်သင့်ပါဘူး” ဟု စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ဒေါ်လာတန်ဖိုး ခိုင်မာနေမှု၊ စတော့ဈေးကွက်တွင် ဈေးနှုန်းများကျဆင်းနေမှု၊ ရေနံဝယ်လိုအား ကျဆင်းလာနိုင်မှု၊ ရောင်းလိုအား ပိုလျှံမှုတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်က ငါးနှစ်ကျော်အတွင်း ဒေါ်လာ ၅ဝ အောက်သို့ ပထမဆုံးရောက်ရှိ သွားခဲ့ကြောင်း၊ အလားတူ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ကြိုပွိုင့်ဈေးကွက်အတွက်လည်း အမေရိကန် ရေနံဈေးနှုန်းသည် ၄၉ ဒသမ ၉၅ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ၂ဝဝ၉ ခုနှစ် မေ ၁ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်လာခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင်မူ လန်ဒန် ဘဲရင့် ပင်လယ်ရေနံ ဈေးနှုန်းသည်လည်း တစ်စည်လျှင် ၅၂ ဒသမ ၆၆ ဒေါ်လာသို့ ရောက်ရှိနေကြောင်း သိရသည်။
ပြည်ပမှ ဆီတင်သွင်းခွင့်ရသည့် သူများတွင် အချို့သူများမှာ ကိုယ်ပိုင်တင်သွင်းသကဲ့သို့ ကိုယ်ပိုင်ဆီဆိုင်ဖွင့်၍ ရောင်းချနေသူများ ရှိကြောင်း၊ သို့သော် အချို့မှာမူ တင်သွင်းခြင်း မဟုတ်ဘဲ တင်သွင်းပြီးသားဆီအား တစ်ဆင့်ခံဝယ်ယူ၍ ဆီဆိုင်ဖွင့်၍ ရောင်းချနေခြင်းဖြစ်ကြောင်း၊ ပြည်ပမှ တင်သွင်းနေသည့် လုပ်ငန်းရှင်များအနေဖြင့် ယင်းကဲ့သို့ နိုင်ငံတကာဈေးများအား သိသိသာသာ ကျဆင်းနေသည့် အချိန်တွင် ပြည်တွင်းဈေးနှုန်းအားလည်း ချပေးသင့်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
“တချို့က တိုက်ရိုက်မဝယ်ဘူး။ တစ်ဆင့်ခံဝယ်တယ်။ တချို့ကတော့ စတော့ဈေးကွက်က ဝယ်တာတွေရှိတယ်။ နိုင်ငံတကာမှာ ကျတယ်ဆိုရင် စားသုံးသူကတော့ ကျစေချင်တယ်။ သူတို့လည်း နောက်ပိုင်းတော့ ချရောင်းပေးမှ ရလိမ့်မယ်ထင်တယ်။ တစ်ခုတော့ရှိတာပေါ့။ ညှိထားလို့ရှိရင်တော့ မကျနိုင်ဘူး။ မညှိဘူး အပြိုင်အဆိုင်လုပ်မယ် ဆိုရင်တော့ ကျမှာပဲ။ နိုင်ငံတကာမှာတော့ ဒီလိုညှိလို့မရဘူး။ အရေးယူခံရမယ်။ မြန်မာနိုင်ငံမှာတော့ ဒါနဲ့ပတ်သက်ပြီး ဥပဒေတွေ ရှိတယ်လို့လည်း မကြားရဘူး။ အရေးယူလို့လည်း မရဘူးဖြစ်နေတယ်” ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။
၂ဝ၁၄ ဒီဇင်ဘာ ၅ ရက် နိုင်ငံတကာ ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ၁ ဒသမ ၇၉ ရှိပြီး ယင်းကာလတွင် ပြည်တွင်းဓာတ်ဆီဈေးနှုန်း တစ်ဂါလံလျှင် ကျပ် ၃၇ဝဝ၊ ဒီဇယ် ဈေးနှုန်းကျပ် ၄၃ဝဝ၊ အောက်တိန်းဈေးနှုန်း ကျပ် ၄၂၃ဝ နှင့် အဆင့်မြင့် ဒီဇယ်ဈေးနှုန်း ကျပ် ၄၄၅၅ ရှိနေကြောင်း၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင်မူ ရေနံစိမ်းတစ်စည်လျှင် နိုင်ငံတကာ ပေါက်ဈေး ၅၃ ဒသမ ၂၇ ဒေါ်လာ ပေါက်ချိန်တွင် ပြည်တွင်းဈေးကွက်၌ ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၈ဝဝ၊ ဒီဇယ်တစ် လီတာလျှင် ကျပ် ၇၈ဝ၊ အောက်တိန်း တစ်လီတာလျှင် ကျပ် ၇၅ဝ နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ကျပ် ၈၅ဝ ရှိကြောင်း သိရပြီး ယင်းဈေးနှုန်းများသည် တစ်ဂါလံလျှင် ၄ ဒသမ ၅၄ လီတာနှင့် တွက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“စက်သုံးဆီက အခုကမ္ဘာ့ဈေးကွက်မှာ ၄ဝ ကျော်ပဲ ရှိတော့တယ်လို့ သိရတယ်။ ဒါပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေဘက်က ပြောလာတာတော့ ဝယ်တဲ့ဈေးနဲ့ ဒီရောက်တာနဲ့ အချိန်ယူရတယ်ဆိုတဲ့ သဘောမျိုးပြောတယ်။ သူတို့ဟိုဘက်မှာ ဝယ်တဲ့အချိန်နဲ့ ဒီကိုရောက်တဲ့အချိန်ကို တွက်ကြည့်ရမှာပေါ့။ ဆိုပါတော့ သင်္ဘောတင်ရင် ၁ဝ ရက်ကြာမှာလား၊ ၁၅ ရက်ကြာမှာလား။ အဲဒီအချိန် အပိုင်းအခြားတော့ ရှိမှာပေါ့။ ကမ္ဘာ့ဈေးကွက်မှာက ရေနံဈေးကျခြင်းကြောင့် စက်သုံးဆီဈေးက ကျလာမယ်။ ဥပမာ- shell တို့၊ Petronas တို့ကတော့ ကမ္ဘာ့ဈေးကျတာနဲ့ သူတို့ဖြန့်တဲ့ ဈေးကိုလည်း ချလိုက်တယ်။ ကုန်ကြမ်းဈေးချရင် ကုန်ချောပါဈေးကျတယ်။ တစ်ခုတော့ရှိတယ်။ သူတို့ဘယ်က သယ်လဲ။ အင်ဒိုနီးရှားက သယ်တာလား။ အရှေ့အလယ်ပိုင်းက သယ်တာလား။ ဆိုတော့ ဒီလို Timelimit ရှိတယ်ဆိုတော့ ဟိုဘက်က ဈေးကျလာရင် ဒီဘက်မှာ နောက် ၁ဝ ရက်လောက်ကြာရင်တော့ ချရတော့မှာပေါ့” ဟု စီးပွားရေးကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောကြားသည်။
“စဉ်းစားစရာ ဖြစ်နေတာက ဒီဘက်က Monopoly Power များ ယူထားသလား၊ အကုန်လုံးဝိုင်းပြီး ဈေးကိုညှိပြီး မချဘဲနေကြသလား၊ ဆိုတော့ ဒီနေရာမှာ အစိုးရကတော့ ပြန်ကြည့်ပေးရတော့မယ်။ Monopolize Power ကို ထိန်းထားတဲ့ လူတွေကို အစိုးရက ပြန်ကြည့်ရတော့မယ်။ နိုင်ငံတကာမှာတော့ ဥပဒေတွေရှိတယ်။ ဈေးကွက်စီးပွားရေးစနစ် ကိုကျင့်သုံးတဲ့အခါ လွှတ်ပေးတာမျိုးလည်းရှိတယ်။ Invisible hand လို့လည်း ပြောကြတယ်။ ဒါပေမဲ့ အဲဒီ Invisible hand ထဲမှာပဲ Visible hand ဆိုပြီးတော့ အစိုးရကနေပြန်ပြီး စောင့်ရှောက်ပေးရတာ မျိုးရှိတယ်။ အဓိက က အဲဒါပဲ။ Market Economy ဆိုပြီးတော့ ဒီအတိုင်းလွှတ်ပေးရတာမျိုးတော့ မဟုတ်ဘူး။ အစိုးရကနေပြီးတော့ ဝင်ရောက်ပြီး လိုအပ်သလို ထိန်းချုပ်မှုရှိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဂရိနိုင်ငံပြဿနာကြောင့် ယူရိုဇုန်တွင် အကျပ်အတည်း ဆိုက်ရောက်နေပြီး အနောက်ဥရောပတွင် စွမ်းအားဝယ်လိုအား ထိခိုက်မည်ကို စိုးရိမ်မှုများက ရေနံဈေးကျဆင်းမှုကို ဆိုးရွားလာစေခဲ့ကြောင်း၊ ဒေါ်လာတန်ဖိုးသည် အဓိကသုံး ကမ္ဘာ့ငွေကြေးများနှင့် နှိုင်းယှဉ် ပါက ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သောကြောင့် တန်ဖိုးကျဆင်းသည့် ကျန်ငွေများဖြင့် ရေနံဝယ်ယူမှုများကို ဈေးကြီးမြင့်တက်စေပြီး ဒေါ်လာအခြေခံရေနံဈေးကို နိမ့်ကျစေကြောင်း သိရသည်။
အလားတူ ရေနံဈေးကျဆင်းနေသော်လည်း ထုတ်လုပ်မှုအား လျှော့ချမှုမပြုရန် အိုပက်က ဆုံးဖြတ်ခဲ့မှုကြောင့် ဝယ်လိုအား ကျဆင်းမည်ကို စိုးရိမ်လာပြီး ယခင်နှစ်ဇွန်လမှစ၍ ရေနံဈေးနှုန်းများ ဆက်တိုက်ကျဆင်း လာခဲ့သည်။ ကမ္ဘာ့ရေနံ ဈေးနှုန်းသည် ၂ဝဝ၈ ခုနှစ်အတွင်းက တစ်စည်လျှင် ဒေါ်လာ ၆ဝ ဒသမ ၇၇ အထိ စံချိန်တင် ကျဆင်းခဲ့ကြောင်း၊ လက်ရှိပေါက်ဈေးသည် ၂ဝဝ၉ ခုနှစ် နောက် ပိုင်းတွင် အနိမ့်ဆုံးဈေးဖြစ်ကြောင်း၊ ယင်းကဲ့ သို့ ကမ္ဘာ့ရေနံဈေး ထိုးကျခဲ့သော်လည်း ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းခြင်းမရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးဆက်တိုက် ကျဆင်းလာချိန်တွင် မြန်မာ့ဈေးကွက်၌ သိသာစွာကျဆင်းခြင်း မရှိသည့်အတွက် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည်ဆိုသော်လည်း အစိုးရအနေဖြင့် Monopolize Power ယူထားသော သူများအား ဝင်ရောက်ထိန်းကျောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။
ယနေ့ ဇန်နဝါရီ ၁ဝ ရက် ဈေးကွက် ပေါက်ဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၇၇ဝ၊ အောက်တိန်းတစ်လီတာ ကျပ် ၆၈ဝ၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ကျပ် ၈၂ဝ အသီး ဖြစ်ပေါ်လျက်ရှိသည်။
Writer:
အငယ်ထွေး
- See more at: http://news-eleven.com/
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 17, 2015
နိုင်ငံတကာရေနံဈေးနှုန်းများ ကျဆင်းနေချိန်တွင် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း သိသာစွာကျဆင်းခြင်း မရှိသည့်အတွက် လက်ဝါးကြီးအုပ် စီးပွားရေးပုံစံအား အစိုးရမှ ၀င်ရောက်ကြပ်မတ်မှု လိုအပ်နေ
နိုင်ငံတကာရေနံဈေးနှုန်းများ ကျဆင်းနေချိန်တွင် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း သိသာစွာကျဆင်းခြင်း မရှိသည့်အတွက် လက်ဝါးကြီးအုပ် စီးပွားရေးပုံစံအား အစိုးရမှ ၀င်ရောက်ကြပ်မတ်မှု လိုအပ်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 17, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment