Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

၂၀၁၄ ခုနှစ်ကို ပြန်လည်ကြည့်ရှုခြင်း


၂ဝ၁၄ ခုနှစ်ဟာ ဆိုးရွားတဲ့ နှစ်တစ်နှစ် အဖြစ် သမိုင်း မှတ်တမ်းဝင် သွားခဲ့ပါပြီ။ ISIS နဲ့ ဘိုကိုဟာရမ် စစ်သွေးကြွ တွေ၊ ပျောက်ခြင်းမလှ ပျောက်သွား ခဲ့တဲ့ MH 370 ၊ ပစ်ချခံခဲ့ ရတဲ့ MH 17 ၊ မကြာသေးမီ ကမှ ပျက်ကျ သွားခဲ့တဲ့ QZ8501 လို လေယာဉ် ဖြစ်ရပ်ဆိုးတွေ၊ အီဘိုလာလို ရောဂါဆိုးတွေ၊ တိုင်ဖွန်း၊ မြေငလျင်၊ သပိတ်မှောက် ဆန္ဒပြပွဲ တွေနဲ့အတူ မရှုမလှ ဇာတ်သိမ်း ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်သွားပါပြီ။

စစ်ရေး။ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုကြီး တစ်ခုလုံးက လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ရာနဲ့ချီ ပြုလုပ် နေတာကို ကြံ့ကြံ့ခံ နိုင်ဆဲဖြစ်တဲ့ အီရတ်နဲ့ ဆီးရီးယားက ISIS စစ်သွေးကြွ တွေဟာ အယ်လ်ကိုင်ဒါ ကို ကျော်ပြီး ဒီနှစ်အဖို့ စက်ဆုပ် ရွံရှာဖွယ် အကောင်းဆုံး အကြမ်းဖက် စစ်သွေးကြွများ ဖြစ်ခဲ့ပါတယ်။ ISIS စစ်သွေကြွများ လက်ချက်ကြောင့် သေဆုံးသူ ဦးရေ ၂၄ဝဝဝ ထက်မနည်း ရှိပါတယ်။

နိုင်ဂျီးရီးယား က ဘိုကိုဟာရမ် စစ်သွေးကြွ များကလဲ ကျောင်းသူ ရာနဲ့ချီကို ပြန်ပေးဆွဲခဲ့ပြီး အသေခံဗုံးခွဲ တိုက်ခိုက်မှု၊ လူသတ်မှု၊ အတင်းအဓမ္မ ခေါ်ဆောင်မှု တွေကို အဆက်မပြတ် ကျူးလွန်နေဆဲ ဖြစ်သလို ပါကစ္စတန် နိုင်ငံမှာ မကြာသေးခင် ကပဲ ကျောင်းသား၊ ကျောင်းသူ ၁၄၅ ဦးကို သတ်ဖြတ်သွား ခဲ့တဲ့ တာလီဘန် တွေရဲ့ရက်စက် ကြမ်းကြုတ်မှု ကလဲ ကမ္ဘာကို တုန်လှုပ် ချောက်ချား စေခဲ့ပါတယ်။ ဘိုကိုဟာရမ် ရဲ့ လူသတ် စွမ်းပကားက ISIS ထက်မနိမ့်သလို တာလီဘန် တွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ ဦးရေကလဲ သောင်းဂဏန်း များစွာ ရှိနေပါပြီ။

ဒီနှစ်မှာပဲ အစ္စရေးက ဂါဇာကမ်းမြောင် ဒေသကို စိစိညက် ကြေအောင် တိုက်ခိုက်ခဲ့ သလို ရုရှားကလဲ ယူကရိန်းနိုင်ငံ ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ကရိုင်းမီးယား ကျွန်းဆွယ်ကို ကျူး ကျော်ရန်စ ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက် ဥရောပနိုင်ငံ အတော်များများက ရုရှားကို အခုအချိန်အထိ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူ ထားကြပါတယ်။

ကူးစက်ရောဂါ။ ဒီနှစ် မတ်လကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကြောင့် အနောက် အာဖရိက နိုင်ငံများ ဖြစ်ကြတဲ့ ဂီနီ၊ လိုက်ဘေးရီးယား၊ မာလီ၊ နိုင်ဂျီးရီးယား၊ ဆင်နီဂယ် နဲ့ ဆီယဲရားလီယွန် နိုင်ငံတွေမှာလူပေါင်း ၇၅ဝဝ ထက်မနည်း သေဆုံးခဲ့ ပါတယ်။ အခုအချိန် အထိ အီဘိုလာ ကာကွယ်ဆေးနဲ့ ကုသဆေးကို ခိုင်မာသေချာစွာ ဖော်စပ် ထုတ်လုပ် နိုင်ခြင်း မရှိသေးဘဲ စမ်းသပ်ဆေးဝါး အဆင့်မှာပဲ ရှိနေပါသေးတယ်။

ဆန္ဒပြပွဲများ။ ၂ဝ၁၄ ခုနှစ်အတွင်း အာရှတိုက် ထဲမှာ ထိုင်း၊ ထိုင်ဝမ် နှင့် ဟောင်ကောင် တို့မှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ ပါတယ်။ ထိုင်းနိုင်ငံမှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ၂ဝ၁၄ ခုနှစ် မေ ၂ဝ ရက်ထိလူထုအုံကြွ ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့ ပါတယ်။ ဒီဆန္ဒပြပွဲ အရှိန်အမြင့် ဆုံးကို ရောက်လာတဲ့ အခါ ဆန္ဒပြသူ ဦးရေဟာ ထောင်ပေါင်း ရာပေါင်း များစွာ ရှိခဲ့ပြီး အဓိကရုဏ်း ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့တာတွေ ရှိခဲ့တဲ့အတွက် လူဦးရေ ၃ဝ ထက် မနည်းသေ ဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိ ခဲ့ပါတယ်။ ထိုင်းအစိုးရက ခွင့်ပြုမိန့် တစ်ခုကို အတည်ပြုဖို့ ကြိုးပမ်းတာကို ကန့်ကွက်ရင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် ရာထူးကနေ နုတ်ထွက်ပေးခဲ့ ရတဲ့အထိ ဆန္ဒပြပွဲကြီးဟာ ကြီးကျယ်လာ တာပါ။ နောက်ဆုံးတော့ ထိုင်း နိုင်ငံဟာ စစ်အုပ်ချုပ်ရေး အောက်ကို ရောက်ရှိသွား ပါတယ်။

ထိုင်ဝမ်မှာ ၂ဝ၁၄ ခုနှစ် မတ် ၁၈ ရက်ကနေ ဧပြီ ၁ဝ ရက်အထိ ကျောင်းသားတွေက ဦးဆောင်ပြီး ပြည်သူလူထု ပါဝင်တဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့ ပါတယ်။ ဆန္ဒပြပွဲမှာ လူပေါင်း ရာပေါင်းများစွာ ပါဝင်ခဲ့ ပေမဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ မိလို့  အချို့ ဒဏ်ရာရ တာကလွဲလို့ သေဆုံးမှု မရှိခဲ့ပါဘူး။ ၂ဝ၁၃ ခုနှစ် ဇွန်လထဲမှာ ထိုင်ဝမ်နဲ့ တရုတ်တို့ အကြား ဝန်ဆောင်မှု ကုန်သွယ်ရေး သဘော တူညီချက် စာချုပ်ကို ချုပ်ဆိုခဲ့ရာမှာ ပေါ့လျော့မှု များစွာ ရှိခဲ့တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေ ကစပြီး ဆန္ဒပြ ကန့်ကွက် ခဲ့ကြတာပါ။ ကျောင်းသား ခေါင်းဆောင်ကြီး တွေဖြစ်တဲ့ လင်းဖေးဖန် နဲ့ ချီဝေတင်း တို့က ဦးဆောင်ခဲ့ပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ ဆန္ဒပြ အဖွဲ့ကြီးဟာ လူဦးရေ ရာပေါင်းများစွာ ရှိခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အောက်လွှတ်တော် ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဂျင်းပင် က တရုတ် - ထိုင်ဝမ် ဆက်ဆံရေးမှာ ထိုင်ဝမ်ဘက် က ကြီးကြပ် ကွပ်ကဲနိုင်မယ့် ဥပဒေ တစ်စုံတစ်ရာ မထွက် ပေါ် လာသေးသရွေ့ ဘယ် သဘော တူညီချက် ကိုမှ လက်ခံ ဆွေးနွေးဦးမှာ မဟုတ်ဘူးလို့ ကတိပေး ခဲ့ပြီးတဲ့နောက် တက္ကသိုလ် ကျောင်းသား တွေက သပိတ်ကို အဆုံးသတ် ခဲ့ကြ ပါတယ်။

ဟောင်ကောင်ဟာ ၂ဝ၁၇ ခုနှစ်မှာ ဒီမိုကရေစီ နည်းလမ်း ကျတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။ ဒီ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းများကို တရုတ်က စိတ်ကြိုက် ရွေးချယ် ထားသူ တွေထဲကသာ ဟောင်ကောင် က ရွေးချယ် ရမယ်လို့ တရုတ်က ဆိုလာပါ တယ်။ ဒါကို လက်သင့်မခံ နိုင်တဲ့ လူထုက ကန့်ကွက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ အဆုံးမှာတော့ ဟောင်ကောင် ဆန္ဒပြမှု ခေါင်းဆောင် သုံးဦးက ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့ပြီး ဆန္ဒပြပွဲကို အဆုံးသတ် ခဲ့ကြပါတယ်။

မုန်တိုင်းနှင့် ငလျင်များ ။ တိုင်ဖွန်း Vong Fong ကို ၂ဝ၁၄ခုနှစ်ရဲ့ အကြီးဆုံး တိုင်ဖွန်း မုန်တိုင်းအဖြစ် သတ်မှတ်ထား ပါတယ်။ အောက်တိုဘာ ၂ ရက်ကနေ စတင် ဖြစ်ပေါ်ပြီး အောက်တိုဘာ ၁၈ ရက်ကျမှ အားပျော့သွား ခဲ့တဲ့ Vong Fong ဟာ အရင်နှစ် ဖိလစ်ပိုင် မုန်တိုင်း Haiyan လိုပဲ အားပြင်းခဲ့ ပါတယ်။ တစ်နာရီကို ၁၉၄ ဒသမ ၄၆ ကီလိုမီတာ နှုန်း တိုက်ခတ်ခဲ့ပြီး အဟုန်ပြင်း တဲ့အခါ ၂၇၇ ဒသမ ၈ ကီလိုမီတာ အထိ တိုက်ခတ်ခဲ့ ပါတယ်။

ဖိလစ်ပိုင်၊ ထိုင်ဝမ် နဲ့ တောင်ကိုရီးယား တို့ကို တိုက်ခတ်ခဲ့ပြီး ကြိုတင် ပြင်ဆင်မှု ကောင်းမွန်ခဲ့တဲ့ အတွက် သေဆုံးသူ ကိုးဦးသာ ရှိခဲ့ပေမယ့် ပျက်စီးမှုကတော့ အမေရိကန် ဒေါ်လာ ၅၈ သန်းခန့် ရှိခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ငလျင်ကြီး ၉၆ ကြိမ် လှုပ်ခဲ့ ပါတယ်။ ဧပြီ ၁ ရက်က ချီလီနိုင်ငံ အိုင်ကစ်မြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၂ဝ၁၄ ခုနှစ် ရဲ့ အကြီးဆုံး ငလျင်ပါ။ ပြင်းအား ၈ ဒသမ ၂ ရှိခဲ့ပါတယ်။ ဒီငလျင်ကြောင့်အမြင့် ၂ ဒသမ ၁၁ မီတာရှိတဲ့ ဆူနာမီကြီး လဲ ဖြစ်ပေါ်ခဲ့ ပါတယ်။ ဒီငလျင် ဒဏ်ကြောင့် လူ ၄၇ ဦးပဲ သေဆုံးခဲ့တာတော့ ကံကောင်းတယ် ဆိုရမှာပါပဲ။

လေကြောင်းမတော်တဆမှုများ။ ၂ဝ၁၄ ခုနှစ်ဟာ ဆိုးရွားလှတဲ့ လေကြောင်း မတော်တဆမှု တွေနဲ့ ဝမ်းနည်းဖွယ် အတိပြီး ခဲ့ပါတယ်။ မလေးရှား လေယာဉ် MH 370 ဟာ မတ် ၈ ရက်မှာ လူ ၂၃၉ ဦးကို တင်ဆောင်ပြီးမလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်နိုင်ငံ ပေကျင်း လေဆိပ်ကို ဦးတည်ပျံသန်း သွားရာကနေ တောင်အိန္ဒိယ သမုဒ္ဒရာ တစ်နေရာမှာ ဘာသဲလွန်စမှ ချန်မထားဘဲ ပျောက်ခြင်းမလှ ပျောက်သွား ခဲ့ပါတယ်။ ဒီဘိုးအင်း ၇၇၇ ကြီးကို နိုင်ငံပေါင်း ၂၆ နိုင်ငံက ဝိုင်းဝန်းကူညီ ရှာဖွေပေး ခဲ့ပေမယ့် အခုအချိန်ထိ အစအန တစ်ခုတောင် မတွေ့ရသေး ပါဘူး။ ပင်လယ်ကြမ်းပြင် အောက်ရောက် သွားဖွယ် ရှိတယ်လို့ပဲ သတင်းထုတ်ပြန် ထားပါသေးတယ်။

အလားတူ MH 17 ဟာလဲ ဇူလိုင် ၁၇ ရက်မှာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူ ကိုအလာ ယူကရိန်းနိုင်ငံ လေပိုင်နက်ထဲ အရောက် ပေါက်ကွဲပျက်ကျ သွားခဲ့တဲ့ အတွက် လေယာဉ်ပေါ် ပါ လူ ၂၉၈ ဦးလုံး သေဆုံးခဲ့ ပါတယ်။ စုံစမ်း စစ်ဆေးသူ များက ဒုံးကျည်နဲ့ ပစ်ချခံ ရတယ်လို့ ယုံကြည်ပြီး ယူကရိန်း အစိုးရနဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေက အပြန်အလှန် လွဲချခဲ့ကြ ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ မုန်တိုင်းထန် နေတဲ့ မိုးလေဝသကြောင့် ပျက်ကျ သွားခဲ့တဲ့ Air Asia ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအန တွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ သေဆုံးသူ ဦးရေ ၄ဝ ထက်မနည်းကိုပြန်ဆယ်ယူ ရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်း အနောက်တောင် ဘက် မိုင် ၁ဝဝ အကွာ လောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ် တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်း ဌာနတွေကထုတ်လွှင့်ပြသ ပါတယ်။ အသက်ကယ် အင်္ကျီမပါတဲ့ ရုပ်အလောင်းတွေ Java ပင်လယ်ထဲမှာ မျောနေတဲ့ပုံ တွေကို တွေ့ရတော့ ဒီလေယာဉ် ခရီးစဉ်မှာ ပါသွားကြသူ လူဦးရေ ၁၆၂ ဦးရဲ့ မိသားစုတွေ အချင်းချင်း ပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြ ပါတယ်။ ညရောက်လာတဲ့ အထိ လေယာဉ် ပျက်ကျတဲ့ ထဲမှာ ပါသွားတဲ့ ခရီးသည်တွေ ထဲက လေးပုံ တစ်ပုံလောက်ရဲ့အလောင်း တွေကိုပဲ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

ဒါတွေဟာ ၂ဝ၁၄ ခုနှစ်ရဲ့ ရင်မောစရာ ဖြစ်ရပ်ဆိုးတွေ ပါပဲ။ ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်သစ် ၂ဝ၁၅ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်းမှာ ငြိမ်းချမ်းပြီး သဘာဝ ဘေးအန္တရာယ် တွေလဲ ကင်းဝေးလို့ ပျော်ရွှင် ချမ်းမြေ့ဖွယ် ကမ္ဘာကြီး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

#PyiChitThar

No comments:

Post a Comment