Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 7, 2014

မြန်မာနိုင်ငံရဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ ထိုင်းအစိုးရ လုပ်ရပ်

ပြီးခဲ့တဲ့ အချိန်ကာလ နှစ်လကျော်အတွင်း မြန်မာနိုင်ငံက ပြည်သူတွေ၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ၊ နိုင်ငံတကာက သတင်းမီဒီယာတွေ စိတ်ဝင်စားမှုရှိနေဆဲ  ကိစ္စကတော့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့တောင် (လိပ်ကျွန်း)ပေါ်မှာ ဗြိတိသျှနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ စပ်လျဉ်းပြီး စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်လေး မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ အမှုပဲ ဖြစ်ပါတယ်။
နိုဝင်ဘာလ (၂၃) ရက်နေ့မှာတော့ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ကော့တောင်ကျွန်း လူသတ်မှုကို ကိုင်တွယ်ဖြေရှင်းနေသည့် ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဒုတိယ ကြီးအကဲကို (၅)ကြိမ် တိတိ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ရုံးတွင် လာရောက်ရှင်းလင်း တင်ပြရန်၊ တောင်းဆိုခဲ့ပေမယ့်လည်း၊ ထိုင်းရဲတပ်ဖွဲ့မှ လာရောက် မရှင်းလင်းသည့် အတွက်၊ ထိုင်း လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ်နှင့် အဆိုပါ အမှုအား ကိုင်တွယ် ဖြေရှင်းနေသည့် ရဲအရာရှိများအား ဖမ်းဆီးရန် ထိုင်းအမျိုးသား ရဲတပ်ဖွဲ့၊ ရဲချုပ်သို့ စာပို့ထားပြီးဟု သိရပါတယ်။
ထိုသို့ပေးပို့ခြင်းမှာ ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံ အခြေခံ ဥပဒေအရ၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင် အနေဖြင့်၊ ထိုင်းအစိုးရ ၀န်ထမ်း အားလုံးအား (လိုအပ်ပါက) အချိန်မရွေးခေါ်ယူ စစ်ဆေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည့် အတွက်ဟုလည်း သိရှိရပါတယ်။
နိုဝင်ဘာလ (၂၃) ရက်နေ့မှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်သော ဥပဒေ ပညာရှင်များ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ အမျိုးသား လွှတ်တော်မှ တာဝန်ရှိသူများ စုစုပေါင်း ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာကြပါတယ်။
ထိုနေ့ညနေ (၆)နာရီက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာသံရုံးမှ အထူးဖွဲ့စည်းထားသည့် လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ အထူးစုံစမ်းရေး ကော်မတီက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊ အခက်အခဲများနှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဦးခင်အောင်မြင့်ကလည်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ Prof. Pornpetch Wichitcholchai နဲ့ ထိုင်းလွှတ်တော် အဖွဲ့ဝင်များနှင့် တွေ့ဆုံကြမည်ဖြစ်ပြီး၊ စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ၏ အလုပ်သမား နှစ်ယောက် အရေးကိစ္စကိုလည်း ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဦးခင်အောင်မြင့်က မတရားဖမ်းဆီးခံမြန်မာ လူငယ်နှစ်ဦး အာမခံရရှိရေး အတွက် ကုန်ကျမည့် ငွေကြေးများကို ကူညီပေးမည်ဖြစ်ကြောင်းနှင့် အမျိုးသား လွှတ်တော်မှတဆင့် ရခိုင် အမျိုးသား လူမှုကယ်ဆယ်ရေး အဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့သည့် မြန်မာငွေကျပ်  (သိန်းသုံးရာ)ထဲမှ အထူးစုံးစမ်ရေး ကော်မတီ၏ လုပ်ငန်းများ အတွက် အသုံးပြုနိုင်ရန်အတွက် အမေရိကန် ဒေါ်လာ   (၁၅၀၀၀) (ဒေါ်လာ တစ်သောင်းခွဲတိတိ)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။  ကျန်ရှိနေသေးသည့် ငွေကြေးများကိုလဲ အထူးစုံးစမ်းရေး ကော်မတီသို့ ဆက်လက် လွှဲပြောင်းပေးရန် ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ (၂၄) နံနက် ၉ နာရီခွဲမှ ၁၀နာရီခွဲအထိ ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အထူးစုံစမ်းရေး ကော်မတီဝင်များနှင့် ထိုင်းနိုင်ငံ လူ့ အခွင့်ရေး ကော်မရှင် အကြံပေး Kraisak Choonhavan ပါဝင်သည့် အဖွဲ့တို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Four Seasons Hotel၌ အဖမ်းခံထားရသည့် မြန်မာ အလုပ်သမားနှစ်ဦး အာမခံရရှိရေးနှင့် ပက်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရှိရပါတယ်။
RFA သတင်းဌာနရဲ့ သတင်းမှာတော့ “ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား၂ဦး အတွက် အာမခံကြေး ထိုင်းဘတ် ငွေနှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။ မြန်မာနှစ်ဦးကို စွဲဆိုထားတဲ့ အမှုတွေ များတာကြောင့် ခရိုင် တရားရုံးမှာ အာမခံ ငွေကြေးပိုသွင်းပြီး အာမခံရရှိအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ တကယ်တမ်း ဒီလိုအမှုတွေမှာတော့ တကယ်တော့အရင် သူတို့ ပြောတဲ့အတိုင်းပါပဲ၊ ဘက် ၅သိန်းစီပါပဲ၊ ဒါပေမဲ့ စွပ်စွဲတဲ့ ပုဒ်မတွေဟာ ကြီးမားပြီးတော့ များပြားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ တရားသူကြီး ဆင်ခြင်တုံတရား ပြုတဲ့အခါမှာ အာမခံငွေ များနေရင် ကျွန်တော်တို့ဘက်က အခွင့်အရေး ကောင်းတယ်ဆိုပြီးတော့ ဒါကြောင့်မို့ ကျွန်တော်တို့ ရှေ့နေများ ကောင်စီက အကြံဥာဏ်ပေးခဲ့တာပါ၊ ရှေ့နေများ ကောင်စီ ပြောတဲ့အတိုင်း ဘတ် ၁သန်းစီကိုပဲ ကျွန်တော်တို့တင်ဖို့ အစီအစဉ်ရှိပါတယ်၊ ဒါကိုလည်း သံအမတ်ကြီးနဲ့ ညှိနှိုင်းဆောင်ရွက် ပြီးပါပြီ”လို့ ဖော်ပြထားတာ တွေ့ရှိရပါတယ်။
နိုဝင်ဘာလ(၂၄) ရက်နေ့မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ အဖွဲ့ဟာ ထိုင်း လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။
ဆက်လက်ပြီး အစိုးရ အိမ်တော်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံခဲ့ပြီး၊ ထိုင်းလွှတ်တော်မှာ အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီ ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာတော့ ကော့တောင်ကျွန်း အမှုနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေး ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြလာပါတယ်။
ဧရာဝတီ သတင်းဌာနက သတင်းထောက် ကိုကျော်ခရဲ့ ဖော်ပြချက်မှာတော့ “အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ မနေ့က သီးသန့်တွေ့ဆုံပြီး လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာ လူငယ် နှစ်ဦးအရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး တရားမျှတမှု ရရှိရေးနဲ့ အချုပ်လွတ် ထုချေခွင့် ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း လိပ်ကျွန်း လူသတ်မှုမှာ ဗြိတိန် နိုင်ငံအနေနဲ့ နစ်နာမှုတွေ ရှိထားတဲ့အတွက် ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးရမှာ ဖြစ်သလို မြန်မာ အစိုးရနဲ့လည်း ချစ်ကြည် ရင်းနှီးမှု မပျက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုတယ်”လို့ သံအမတ်ကြီးက ပြောတယ်လို့ ရေးသားဖော်ပြချက်ကို ဖတ်ရှုရပါတယ်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ (၂၅) ရက်နေ့မှာ ပြန်လည် ထွက်ခွာလာကြောင်း သိရှိရပါတယ်။ နိုဝင်ဘာလ (၂၆ )ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ “ကော့တောင်ကျွန်းကိစ္စ စွပ်စွဲခံနေရသော မြန်မာနှစ်ဦးကို အချုပ်လွတ် ထုချေခွင့်ပေးရန် မိမိကိုယ် မိမိ အပေါင်ထားပါကြောင်း၊ ထိုလူငယ်နှစ်ဦး ထွက်ပြေးပါက မိမိလာရောက် အဖမ်းခံမည်ဟု ရဲဝံစွာ အာမခံပါကြောင်း “ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai တည်ခင်းသော ဂုဏ်ပြုညစာ စားပွဲတွင် ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာလ (၂၆) ရက်နေ့မှာ မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ တာဝန်ရှိသူတွေဟာ ကော့စမွေ အကျဉ်းထောင်ထဲမှာ မတရား ဖမ်းဆီး ထိမ်းသိမ်းခံထားရတဲ့ မောင်ဝင်ဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ မနက်ပိုင်းမှာ၊ ကော့စမွေ ခရိုင် တရားရုံးမှာ ကလေးတွေ အာမခံရရှိဖို့၊ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေ၊ အမျိုးသား လွှတ်တော် ကော်မရှင် အဖွဲ့ဝင်တွေနဲ့၊ အထူးစုံစမ်းရေး ကော်မီတီတို့ သွားရောက်ပြီး၊ အာမခံတင်ခဲ့ကြပါတယ်။
မြန်မာလူငယ်နှစ်ဦးရဲ့ အာမခံကို ထိုင်းနိုင်ငံ မြန်မာသံရုံးက အာမခံပြီး၊ တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်  နေ့လည်ဖက်မှာ၊ ကော့စမွေ တရားရုံးက မြန်မာသံရုံးက တင်တဲ့ အာမခံကို ငြင်းပယ် လိုက်ပါတယ်။ တရားရုံးရဲ့ အကြောင်းပြချက်ကတော့ မြန်မာ လူငယ်နှစ်ဦးကို စွပ်စွဲထားတဲ့ အမှုက အမှုကြီးတာရယ်၊ စွပ်စွဲခံထားရသူတွေဟာ ထိုင်းနိုင်ငံသား မဟုတ်ပဲ နိုင်ငံခြားသားတွေ ဖြစ်တာရယ်ကြောင့် ငြင်းပယ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။
 ထိုသို့ငြင်းပယ်မှုနဲ့ စပ်လျဉ်းပြီး မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က  “ကျွန်တော်တို့ အာမခံ လျှောက်ထားတယ်။ ဒါပေမယ့် တရားရုံးက အာမခံ လျှောက်တာကို ခွင့်မပြုခဲ့ပါဘူး။ သံရုံးဆိုတာကတော့ နိုင်ငံတော်တစ်ခုရဲ့ ကိုယ်စားပြု အကြီးအကဲပါပဲ။ သံရုံးကနေပြီးတော့ သူ့နိုင်ငံသား နှစ်ယောက်ကို အာမခံတယ်ဆိုတဲ့ သဘောပါ၊ ဒါကိုသူတို့ ခွင့်မပြုခဲ့တာပါ”လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
တကယ်တော့ အောက်တိုဘာလ ၂၀ရက်နေ့က တရားသူကြီးက အာမခံကြေး ဘတ်ငွေငါးသိန်း တင်ပါက အာမခံရအောင် စဉ်းစားခွင့်ပြုပေးမယ်လို့ ပြောကြားခဲ့လို့သာ အခုလို မြန်မာသံရုံးက ပိုမို ခိုင်မာအောင် ၅သိန်းထက် တစ်ဦး ဘတ်ငွေ (၁)သန်းစီနဲ့ ပိုပေးပြီး အာမခံ လျှောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခုဖြစ်ရပ်ဟာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေးမှာ စဉ်းစားစရာတွေ အများကြီး ရှိလာခဲ့ပါတယ်။ နိုင်ငံတစ်ခုကို ကိုယ်စားပြုတဲ့ သံရုံးက အာမခံ လျှောက်ထားမှုကို ခရိုင်တရားရုံးလောက် အဆင့်က ငြင်းပယ်ခဲ့တဲ့ အချက်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ လာရောက်တွေ့ဆုံပြီး မိမိကိုယ်မိမိ အပေါင်ထားပြီး အာမခံပါတယ် ဆိုတာတောင် ဂရုမစိုက်တဲ့ အချက်၊ အာမခံ မပေးချင်ရင် အစောကြီး ကတည်းက အာမခံ မရနိုင်ဘူးလို့ မပြောဘဲ ခရိုင်တရားသူကြီးက လက်ခံစဉ်းစားမယ်ဆိုပြီး သွေးတိုးစမ်းတဲ့ အချက် စတဲ့ အချက်တွေဟာ ထိုင်းအစိုးရ အနေနဲ့ မြန်မာ အစိုးရက အိမ်နီးချင်း မိတ်ဆွေကောင်းဆန်စွာ တန်းတူညီမျှ လေးစားမှု မရှိတာလို့ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ရိုးသားစွာ ထင်မြင်မိပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ မြန်မာနိုင်ငံသို့ လာရောက်စဉ်ကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကိုယ်တိုင် မြန်မာ လူငယ်လေး နှစ်ယောက် အရေးဟာ ထိုင်းအစိုးရ အနေနဲ့ လိပ်ကျွန်း လူသတ်မှုမှာ တရားလက်လွတ် ဆောင်ရွက်မယ်ဆိုရင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ယနေ့ အခြေအနေမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ နိုင်ငံခေါင်းဆောင်များအဆင့် ပြောကြားထားတာကိုတောင် ဂရုမစိုက်ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာပါပြီ။
ဒါကြောင့် ယခုလိုမြန်မာ သံရုံးက အာမခံ လျှောက်ထားမှုကို ငြင်းပယ်လိုက်တဲ့ ဖြစ်ရပ် အတွက်လည်း မြန်မာ နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အနေဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်လာသည့် အရေး ဖြစ်နေခြင်းကြောင့်  ပြတ်ပြတ်သားသား ဆောင်ရွက်ရပ်တည်ဖို့ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အားဖြင့် တချိန်က မြန်မာနိုင်ငံ နယ်စပ်တွေမှာ ထိုင်းလူမျိုးတွေ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တုန်းကတောင် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားပြီး မြန်မာအစိုးရ အနေနဲ့ ပြန်လည် လွှဲပြောင်း ပေးခဲ့တာမျိုးတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် ယခုလို အထောက်အထား မခိုင်လုံပဲ မြန်မာ နိုင်ငံသား နှစ်ဦးကို မတရား စွပ်စွဲ ဖမ်းဆီးထားပြီး သံရုံးက အာမခံပါတယ် ဆိုတာမျိုးကိုတောင် အာမခံ မပေးမှုဟာ ထိုင်းအစိုးရ အနေနဲ့ မြန်မာအစိုးရ အပေါ် သွေးတိုးစမ်း စိန်ခေါ်မှု တစ်ရပ်လေလားလို့လည်း ထင်မြင် သုံးသပ်မိပါကြောင်း နှင့် မြန်မာနိုင်ငံသား တစ်ယောက် အနေဖြင့် စိတ်ကူးယဉ် ကြည့်မိပါတယ်။ တကယ်လို့များ ထိုင်းအစိုးရရဲ့ ယခုလို မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံ အပေါ် အိမ်နီးချင်း မိတ်ဆွေကောင်း မဆန်စွာ အလေးအနက် မထားမှု၊ ဂရုမစိုက်မှု အပေါ် မြန်မာနိုင်ငံ အစိုးရ ဘက်မှလည်း ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ အသီးသီးနှင့် ထိုင်းတစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းခန့် စွမ်းအင် အသုံးပြုနေရတဲ့ မြန်မာနိုင်ငံရှိ PTTမှ ထိုင်းနိုင်ငံသို့ ပို့လွှတ်နေသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းအား အကြောင်းပြချက် တခုခုဖြင့် ပိတ်ထားလိုက်မည် ဆိုပါက……. ။
ကျော်စွာမြင့် (၁၉၈၈-၉၂ ဗ.က.သ)

No comments:

Post a Comment