ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ပေးထားတဲ့ ကတိကို ကတိအတိုင်းဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်ဆိုပြီး သူရဦးရွှေမန်းဟာ ကတိအတည်တွေပေးပြီး ပိတ်ကားမှာ ပေါ်လာလို့ ကြည့်လိုက်တော့ ပြည်သူတွေဟာ ကတိအကျိုးအပျက်တွေကိုသာ စိတ်ပျက်ဖွယ် တွေ့လိုက်ရ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၇ ပါ ပြည်ထောင်စု လွှတ်တော်နာယကရဲ့
လုပ်ငန်းတာဝန် ၄ ချက်ထဲမှာလည်း မပါဝင်ဘဲ ပုဒ်မ ၁၁၂ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့
လုပ်ငန်းတာဝန် ၄ ချက် ထဲမှာလည်း မပါဝင်တဲ့ လုပ်ဆောင်ချက် တစ်ခုကို
ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက
သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
သူရဦးရွှေမန်းက လွှတ်တော်မှာ လက်ရှိ ဆွေးနွေးနေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး
ဆွေးနွေးချက်များပေါ် အခြေပြုပြီး ပေါ်ထွက်လာမယ့် ဖွဲ့စည်းပုံ
ပြင်ဆင်ချက်များကို ၂၀၁၅ ရွေးကောက်ပွဲအလွန် နောက်အစိုးရရဲ့ ပထမဆုံး
လွှတ်တော်မှာမှ အတည်ပြု နိုင်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ
ပြောကြားခဲ့တာပါ။
သူရ ဦးရွှေမန်း ရှင်းလင်းပြောကြား သွားတာက ဒီလိုပါ။ လက်ရှိ နိုဝင်ဘာ ၁၃
ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ လွှတ်တော်တွင်းမှာ ပြုလုပ်နေတဲ့ လွှတ်တော်
ကိုယ်စားလှယ်များရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူသဘော ဆွေးနွေးချက်တွေကို
ဥပဒေကြမ်း ပြုစုပြီး ၂၀၁၅ ဇန်န၀ါရီလထဲမှာ ကျင်းပမယ့် ၁၂ ကြိမ်မြောက်
ပုံမှန်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုမယ်။ ပြင်ဆင်ဖို့ ဆုံးဖြတ်
အတည်ပြုလိုက်တဲ့ ပုဒ်မတွေထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး
ပြင်ဆင်ရမယ့် ပုဒ်မတွေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ မေလမှာ
ကျင်းပ ပြုလုပ်ပြီး အတည်ပြုမယ်။
ဒါပေမဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း ဖွဲ့စည်းပုံ ပြင်ဆင်မှု
လုပ်ငန်းစဉ်တွေကို မပြုလုပ်သေးဘဲ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရ
လက်ထက် ပထမဆုံး လွှတ်တော်မှာမှ ဖွဲ့စည်းပုံ ပြင်ဆင်ချက် လုပ်ငန်းစဉ်ကို
ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောပါ။ သူရဦးရွှေမန်း ပြောကြား~
ချက်တွေကတော့ သိပ်ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဒါပေမဲ့ အထက်ဖော်ပြပါ
လုပ်ငန်းစဉ် (Process) အတိုင်း လုပ်ဆောင်မယ့် သဘောလို့ ကောက်ယူ ရမှာပါ။
၂၀၁၅ အလွန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်မယ်
ဆိုပေမယ့်လည်း ““ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီး
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”” ဆိုတဲ့ ပြောကြားချက် အရဆိုရင်
ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ဦးမယ် ဆိုတဲ့ သဘော ပါဝင်နေပါတယ်။
ဦးရွှေမန်းရဲ့ ပြောကြား ချက်များအရ-
(၁) ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးကြ၊ ပုဒ်မ ၄၃၆ (က) အရ
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမယ်ဆိုရင်လည်း ၂၀၁၅ မေလမှာ ကျင်းပ၊
(၂) ၂၀၁၅ မေလအလွန်မှာ ဖွဲ့စည်းပုံပါ ဘယ်ပုဒ်မတွေ၊ ဘယ်ပုဒ်မတွေ ပြင်မယ်၊ ဖြည့်စွက်မယ်ဆိုတဲ့ အဖြေ တစ်ခု ထွက်လာမယ်၊
(၃) ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုတော့ ပြည်သူအပေါင်း လက်မခံဖြစ်နေတဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကြီး အတိုင်းပဲ ဖြတ်သန်းကြ၊
(၄) နောက်အစိုးရတက်လာမှ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်ငန်းစဉ် တကယ် အတည်ဖြစ်မယ်လို့ ကောက်ယူ နိုင်ပါတယ်။
အဲဒီတော့ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တော့ ရှိမယ်။
ပြင်ဆင်ဖို့ အတည်မပြု နိုင်သေးဘူး ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲအထိ လက်ရှိ
၂၀၀၈ ဖွဲ့စည်းပုံနဲ့ပဲ နိုင်ငံရေး အခင်းအကျင်းတွေကို ဖြတ်သန်းကြလို့
ဆိုလိုလိုက်တာပါ။
ပထမဆုံး အချက်အနေနဲ့ ဝေဖန်ရရင် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌရဲ့ လုပ်ငန်း တာဝန်ထဲမှာ မပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး
အချိန်ရွှေ့ဆိုင်းမှုကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးတည်း သဘောနဲ့ ဆုံးဖြတ်ခွင့်
ရှိပါသလားဆိုတဲ့ မေးခွန်းပါ။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီတွေဖွဲ့၊ လွှတ်တော်တွင်း အကြိတ်အနယ်
ဆွေးနွေးနေချိန်မှာမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချိန်ရွှေ့ဆိုင်းမှုကို
လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ လုပ်ငန်း တာဝန်ထဲမှာလည်း မပါဝင်ဘဲ တစ်ဦးတည်း
သဘောနဲ့ အချိန်ရွှေ့ဆိုင်းခွင့် ရှိပါသလား။ လွှတ်တော်မှာ ဖွဲ့စည်းပုံ
ပြင်ဆင်ရေး အချိန် ရွှေ့ဆိုင်းမှု ကို ဆွေးနွေး အတည်ပြုချက် မယူသင့်ဘူးလား။
ပြည်သူ့ သဘောထား ထောက်ခံမှုရော မလိုအပ် ပေဘူးလား။ အခုဖွဲ့စည်းပုံ
ပြင်ဆင်ရေး အချိန်ရွှေ့ဆိုင်းမှုဟာ လွှတ်တော် ဥက္ကဋ္ဌတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်
ဘောင်ကို ကျော်ပြီး ဆုံးဖြတ်ချက် ချပြီးမှ ပြည်သူကို အသိပေးတယ်လို့ပဲ
ယူဆရမှာပါ။ အရင် စစ်အာဏာရှင် ခေတ်က လုပ်ထုံးလုပ်နည်း တစ်ရပ်ဖြစ်တဲ့ ဥပဒေက
မည်သို့ပင် ဆိုစေကာမူဆိုတဲ့ ထုံးကို နှလုံးမူပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ဆောင်ချက်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။
ဒုတိယ တစ်ချက်အနေနဲ့ ဝေဖန် ထောက်ပြစရာ ရှိတာက နိုင်ငံရဲ့ဥပဒေပြုရေး ကဏ္ဍမှာ
အထွတ်အထိပ် နေရာယူထားတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးရဲ့ ကတိက၀တ်
ပျက်ကွက်မှုပါ။ ပြည်သူအပေါင်း အယုံအကြည် ကင်းမဲ့စေတဲ့ ဆိုးရွားတဲ့
လုပ်ဆောင်ချက် တစ်ခုဆိုရင်လည်း မမှားပါဘူး။
ပြည်ထောင်စု လွှတ်တော် နာယကဟာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းစေပြီး ကော်မတီရဲ့ တာဝန်တွေကို
သတ်မှတ် ပေးစဉ်တုန်းက ““၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ပြင်ဆင်ပြီး ဖြစ်ရမည်””ဆိုတဲ့အချက် ပါဝင်ပါတယ်။ အခုတော့
၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံပြင် ဆင်ပြီး ဖြစ်ရမည်လို့ တာဝန်
သတ်မှတ်ပေးခဲ့တဲ့ လွှတ်တော် နာယကကြီးက ၂၀၁၅ အလွန်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး
လုပ်မယ်လို့ ဆိုတဲ့အခါ ကော်မတီတာဝန် ထမ်းဆောင်သူတွေက တာဝန်အတိုင်း
အချိန်ကိုက် အစီရင်ခံစာ တင်သွင်းနိုင်ပြီး တာဝန်သတ်မှတ်ပေးသူ အကြီးအကဲ
ကိုယ်တိုင်ကတော့ သူ တာဝန် ပေးထားတဲ့ အချက်ကို သူကိုယ်တိုင် ပြန်လည်
ချိုးဖောက် လိုက်တာပဲဖြစ်ပါတယ်။
လွှတ်တော်နာယကရဲ့ စကားကတိ ချိုးဖောက်မှုတွေကို လေ့လာကြည့်ရင် ၂၀၁၄၊ သြဂုတ် ၁
ရက်က နေပြည်တော် လွှတ်တော် အဆောက်အအုံမှာ ပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ ““လွှတ်တော်နာယက သူရဦးရွှေမန်းက”” ၂၀၁၅
ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးမည် ဆိုတဲ့
ကတိကို တည်၊ မတည် စောင့်ကြည့်ပါ”” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး
““၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့
ပတ်သက်လို့ အားလုံးပြီးမြောက်အောင် ဆောင်ရွက် နိုင်မယ်လို့ မိမိတို့
ယုံကြည်ပါတယ်။ ကြိုးစားလည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့
ဟုတ်ခြင်း၊ မဟုတ်ခြင်း ဆိုတာတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့
ပေးထားတဲ့ ကတိကို ကတိအတိုင်း ဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်””
ဆိုပြီး သူရဦးရွှေမန်းဟာ ကတိအတည်တွေပေးပြီး ပိတ်ကားမှာ ပေါ်လာလို့
ကြည့်လိုက်တော့ ပြည်သူတွေဟာ ကတိအကျိုးအပျက် တွေကိုသာ စိတ်ပျက်ဖွယ်
တွေ့လိုက် ရပါတယ်။
လွှတ်တော် နာယကကြီး ချေမွခဲ့တဲ့ ကတိတွေဟာ ဒီမှာတင် ဆုံးခန်း
မတိုင်သေးပါဘူး။ လွန်ခဲ့တဲ့လ ၂၀၁၄၊ အောက်တိုဘာ ၇ ရက်နေ့က အီတလီနိုင်ငံ၊
ရောမမြို့မှာ အာရှ-ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက် အစည်းအဝေးကို လွှတ်တော်
နာယက အနေနဲ့ သူရဦးရွှေမန်း တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ
သူရဦးရွှေမန်းက ““ပြည်ထောင်စု လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(လက်ရှိကျင်းပဆဲ လွှတ်တော် အစည်းအဝေး။ စကားချပ်)တွင် နိုင်ငံတော်
အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ သင့်တော်မှုရှိတဲ့ ရွေးကောက်ပွဲ စနစ်တွေ
လေ့လာခြင်းစတဲ့ အရေးတကြီး ဆွေးနွေးမယ့် အစီအစဉ်များ ရှိကြောင်း၊
ယင်းကိစ္စရပ် တွေကို တင်ပြနိုင်ဖို့ လွှတ်တော် အထူးကော်မရှင်တွေ ဖွဲ့စည်း
ပေးခဲ့ပြီး ရွေးကောက်ပွဲ မကျင်းမပီ ၆ လအလိုမှာ ပြီးမြောက်အောင်
ဆောင်ရွက်သွားပါ့မယ်”” ဆိုပြီး ကမ္ဘာသိ ပြောဆို ခဲ့ပါသေးတယ်။
ခြုံငုံ သုံးသပ်ရရင် နိုင်ငံတစ်ဝန်းက ပြည်သူအပေါင်းက ၂၀၁၅ ရွေးကောက်ပွဲ
မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒများ ပြင်းပြနေချိန်၊ ပြည်သူ့ဆန္ဒပုဒ်မ
၄၃၆ ပြင်ဆင်ရေး လက်မှတ် ငါးသန်းနီးပါး လွှတ်တော်ကို တင်ပြထားချိန်၊ ပုဒ်မ
၅၉(စ) ပြင်ဆင်ပေးဖို့ လိုလားနေချိန် လက်ရှိကာလမှာ လွှတ်တော်နာယက
သူရဦးရွှေမန်း ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေး
မဖြစ်နိုင်ဆိုပြီး ပြောကြားလိုက်ခြင်း ဟာပြည်သူ့ မျှော်လင့်ချက်ကို
ရိုက်ချိုး လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
လွှတ်တော်နာယက တစ်ဦးရဲ့လုပ်ငန်း တာဝန်တွေမှာမပါဝင်ဘဲ လွှတ်တော်နဲ့
ပြည်သူ့ဆန္ဒလည်း မခံယူဘဲ (မိမိ တစ်ဦးတည်း သဘောဆန္ဒ) အခြေခံဥပဒေ ပြင်ဆင်ရေး
အချိန်ရွှေ့ဆိုင်း လိုက်ခြင်းဟာ အရင်စစ်အစိုးရခေတ် စစ်ဗိုလ်ချုပ်ကြီး
တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ထူးမခြားနားသာ ဖြစ်တယ်လို့ ကောက်ချက် ချရမှာ
ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ ဥပဒေပြုရေး ဦးသျှောင်ပုဂ္ဂိုလ် တစ်ဦးအနေနဲ့
ကတိစကားတွေ အကြိမ်ကြိမ် ချိုးဖောက်ခြင်း ဟာ ပြည်သူတို့ရဲ့ ယုံကြည်မှုကို
ကျိုးပျက် သွားစေတာဟာလည်း အမှန်ပဲဖြစ်ပါတယ်။
လွှတ်တော်နာယကရဲ့ ““ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီး
အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”” ဆိုတဲ့ စကားအရ ၂၀၁၅
ရွေးကောက်ပွဲပြီးရင်ကော အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်
သေချာပါ့မလားဆိုတဲ့ မေးခွန်းတစ်ခုလည်း ပြည်သူကြားမှာ ဒွိဟဖြစ်စရာ
ပေါ်လာပါတယ်။
လင်းထိုက်(Y.I.T)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 28, 2014
ကတိအကျိုးအပျက်တွေနဲ့ ပြည်သူ့မျှော်လင့်ချက် ရိုက်ချိုးခဲ့တဲ့ သမ္မတလောင်းကြီးကို ဘယ်သူမဲပေးမှာလဲ – လင်းထိုက် (Y.I.T)
ကတိအကျိုးအပျက်တွေနဲ့ ပြည်သူ့မျှော်လင့်ချက် ရိုက်ချိုးခဲ့တဲ့ သမ္မတလောင်းကြီးကို ဘယ်သူမဲပေးမှာလဲ – လင်းထိုက် (Y.I.T)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 28, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 28, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment