Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 2, 2014

ကောင်းဖို့ရွယ်သောခေတ်ကိုအထူးသဖြင့်မျှော်မိတယ်

The Ladies News Journal

---------
ဆောင်းပါး - မင်းဒင်
---------
(တစ်)

ပြောမယ့်သာပြောရတယ်။ ကျုပ်ဆိုတဲ့ ကောင်ကလည်း အမှတ်သည်းခြေသိပ်ရှိတဲ့ ကောင်တော့ မဟုတ်ဘူးဗျ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကျုပ်မိတ်ဆွေတစ်ယောက် အလုပ် သမားကဒ်လုပ်ဖို့ ဖူးခက်မြို့နယ်အလုပ်သမား ရုံးဆီရောက်ခဲ့တုန်းက ကျုပ်ရင်ထဲမှာမကောင်း လွန်းလို့ မျက်ရည်ကျမိတဲ့အကြောင်း ရေးခဲ့ တဲ့စာလေးတစ်ပုဒ်ကို ခင်ဗျားမှတ်မိမယ် ထင်ပါရဲ့။ အဲဒီမိတ်ဆွေကပဲ ပြီးခဲ့တဲ့ညက ကျုပ်ကို ဖုန်းဆက်ပြန်တယ်ဗျ။ အနှီနေ့က မိုးသာစုန်းစုန်းချုပ်သွားတယ်။ အလုပ်သမား ကဒ်(ဘတ်)မရခဲ့သေးဘူးဆိုပဲ။ ဒါကြောင့် မနက်ဖြန် တစ်ခေါက်ထပ်သွားရအုံးမတဲ့ဗျာ။သူကတော့ “ခင်ဗျားလိုက်မနေပါနဲ့တော့၊ ကျွန်တော့်ဘာသာ တစ်ယောက်တည်းသွား လိုက်ပါ့မယ်”ဆိုပေမဲ့၊ ကျုပ်စိတ်ထဲမှာ ဟို ရက်ပိုင်းက ငိုချင်သလိုလိုဖြစ်ခဲ့တဲ့ စိတ်ဟာ ဘယ်ရောက်သွားမှန်းတောင် မသိတော့တဲ့အ ပြင် ဇာတ်လမ်းပြီးအောင် စပ်စုချင်စိတ်ပေါ် လာပြန်ပါရောဗျာ။ ဒါနဲ့ပဲ တရားဝင်ကျွန်စာ ရင်းဝင်မယ့်ကဒ်ပြား(ဘတ်)စစ်ဆင်ရေးကို မ ကျေပွဲနွှဲဖို့ ဒီမနက်အိပ်ယာကနေ အစောကြီး ထပြီး၊ ဖူးခက်အန်ဖေရုံးကို ဒုတိယမ္ပိနှစ်ကြိမ် မြောက် ရောက်ခဲ့ပြန်ရောဆိုပါတော့ဗျာ။

အန်ဖေရုံးထဲကို ကျုပ်တို့၊ ကားမောင်းဝင် သွားတဲ့အချိန်ဟာ မနက်ခုနစ်နာရီခွဲသာသာလောက်ပဲရှိဦးမယ်ဗျ။ အမယ်၊ ထုံးစံအတိုင်း အန်ဖေရုံးမှာ ကျုပ်တို့ဗမာတွေနဲ့ စည်ကားမြဲ စည်ကားနေလိုက်တာ ပျားရည်ဘဏ်တိုက် သီချင်းထဲက “အပြန်အပြန်အပြန်လားကွဲ့၊ အသွားအသွား၊ အသွားပါဗျို့၊ ခေါက်တုန့်လူး လာ၊ ကူးကာသယ်ပို့ကြို”ဆိုတဲ့ စာသားတောင် နားထဲကြားလာသလိုပါပဲဗျာ။

(နှစ်)

ထိုင်းဘတ်ပွဲစား မိန့်တော်မူတာကတော့ မနက်ဆယ်နာရီဆိုကိစ္စပြီးပြီ၊ သူယူထားတဲ့ တုံကင်နံပါတ်က ၅ တဲ့ခင်ဗျ။ ဒီတော့ ကျုပ် လည်း ကျုပ်ရဲဘော်ကို အေးအေးဆေးဆေး ပါဆိုတဲ့အမူအရာနဲ့ မေးတစ်ချက်ဆတ်ပြရင်း၊ အဲဒီရုံးဝင်းထဲက လက်ဖက်ရည်ဆိုင်ဆီ ချီ တက်ခဲ့ရောဆိုပါတော့။ ဒီနေ့တော့ ဟန်ကျ တယ်ဆိုရမဗျို့။ ကြွရောက်လာတဲ့ရွှေပွဲလာ ဗမာအလုပ်သမားထုကြီးဟာ တုံကင်နံပါတ် အပေါ်အာရုံများပြီးတောင်လျှောက် မြောက် လျှောက် တရုန်းရုန်းအလုပ်များနေတာကြောင့်၊ လက်ဖက်ရည်ဆိုင်ဆီ စိတ်မလည်အားသေး တာမို့၊ ကျုပ်တို့က အထူးတန်းကနေ နေရာရ တယ်ဆိုပါတော့။ နေရာကတော့ ကောင်းသ လားမပြောနဲ့။ ဘတ်အတွက်ဆေးစစ်ဖို့ တန်း စီထားတဲ့ လူအုပ်ကြီးဟာ ကျုပ်တို့နဲ့ကွာလှ ဆယ့်ငါးပေပဲဗျာ။

အမယ်၊ ဟိုရက်ပိုင်းက လူအုပ်ကြီးရှေ့မှာ ချထားတဲ့ ဆီးသွန်တဲ့ပလတ်စတစ်ပုံးကြီး တော့မရှိတော့ဘူးခင်ဗျ။ ကျုပ်စိတ်ထဲမှာ ကျုပ် ရေးခဲ့တဲ့ဆောင်းပါးကို ဒီရုံးကအရာရှိတစ် ယောက်ယောက်များဖတ်မိပြီး အချိန်မီပြင် လိုက်လေသလားလို့တောင် ကြံကြံဖန်ဖန်စဉ်း စားရင်း၊ ဘဝင်မြင့်သလိုလိုတောင် ဖြစ်မိတဲ့ အထိ။ ကျုပ်တို့မျက်စိရှေ့မှာတော့ ဖူးခက် ရောက် ဗမာအလုပ်သမားတွေဟာ ဗမာစကား ကို ခပ်တိုးတိုး နှစ်ကိုယ်ကြားလေသံနဲ့ပြော ကြ၊ စာရွက်ကလေးတွေကိုယ်စီကိုင်ရင်း၊ ငြိမ် ဝပ်ပိပြားစွာတန်းစီနေကြလေရဲ့။ သေချာဂရု တစိုက်ကြည့်မိတော့မှ ထိုင်းလူမျိုးဘတ်ပွဲစား ဆယ်ယောက်လောက်ဟာ ရုံးထဲကိုဝင်လိုက် ထွက်လိုက်နဲ့၊ ကိုယ့်အုပ်စုအလှည့်မြန်မြန်ကျ ရေးကို လုံးပန်းနေလိုက်ကြတာများ ဗမာပြည် က အကြံအဖန်ရုံးတွေရဲ့မြင်ကွင်းအတိုင်းပဲ ခင်ဗျ။ ကျုပ်က လူအုပ်ကြီးကိုငေးကြည့်နေ တုန်း ဗြုန်းဆို ကျုပ်ဘေးနားမှာရှိတဲ့ ဆောင်း ဘောက်စ်ကနေ အသံကျယ်ကြီး ရုတ်တရက် ထွက်လာပြန်သဗျာ။ လက်စသတ်တော့ လက် ဖက်ရည်ဆိုင်ထဲ၊ ကျုပ်နဲ့ဘေးချင်းကပ်ဝိုင်းမှာ ထိုင်းနေတာက အဲဒီရုံးက ရပ်ကွက်လူကြီး ဆော်ဩရေးမှူးဖုယိုင်ဘန်းထင်ပါရဲ့။ ထိုင်း စကားနဲ့သူပြောနေတာကို ကျွန်တော်နား လည်မိသမျှကတော့ “သုံးလလောက်အချိန် ပေးထားပါလျက်နဲ့ ခင်ဗျားတို့ ဒီနေ့မှ စုပြုံပြီး လာကြတယ်။ ကျန်တဲ့ရက်တွေ ဘာလုပ်နေ ကြလဲ။ ခင်ဗျားတို့က ဘတ်မရှိရင် ဖမ်းမဲ့ရက် ဖင်နားကပ်လာမှ ဒီရုံးကိုရောက်လာကြတယ်။ တုံကင်နံပါတ်တစ်ခုကို လူအယောက်လေး ငါးဆယ်သွင်းတယ်။ ဘယ်လောက် လုပ်ငန်း ကြီးတဲ့သူဌေးဖြစ်ဖြစ် အလုပ်သမားဦးရေရှိ လှ၊ ဆယ့်ငါးယောက်ပေါ့။ အခုလာလုပ်နေကြ တာ ပွဲစားတွေဆိုတာသိနေတယ်နော်။ အခု လည်း တုံကင်နံပါတ်တစ်ခုကို ဘတ်ငါးရာနဲ့ ရောင်းစားတာလည်း ကျွန်တော်သိတယ်” ဆိုပဲ။

(သုံး)

ကျုပ်ဖြင့် ငါထိုင်ကြည့်နေတာ ဒင်းသိ များနေရော့သလား}လို့တောင် စိုးရိမ်မိတဲ့ အထိပဲဗျာ။ အမှန်က သူပြောနေတာဟာ လူ ကြားကောင်းအောင် အသံကောင်းလွှင့်နေ တာဗျ။ ဒီအလုပ်က နာမည်ခံသူဌေးနဲ့ ထိုင်း ပွဲစားမပါဘဲ ဗမာတွေချည်းလာလုပ်လို့ရတဲ့အလုပ်မှ မဟုတ်တာ။ ကျုပ်ထိုင်ကြည့်နေမိသ လောက် သူလျှောက်နှုတ်ဆက်နေတဲ့ သူနဲ့ ဖက်လှဲတကင်းရှိတဲ့သူတွေအားလုံးဟာ၊ ထိုင်းဘတ်ပွဲစားတွေချည်းပဲလေ။ အဲဒီအချိန် မှာပဲ ကျုပ်မိတ်ဆွေရဲ့ ဘတ်ပွဲစားရောက်လာ ပြီး သူယူထားတဲ့တုံကင်နံပါတ်ဟာ ၅ မ ဟုတ်ပြန်ဘူးတဲ့ခင်ဗျ။ လူမစုံလို့ နံပါတ်လေး ဆယ်ဖြစ်သွားပြီမို့ ဆယ့်နာရီထိုးတဲ့အထိ စောင့် ပေအုံးတော့တဲ့။ ကျုပ်ကပဲ သံသယဖြစ်လွန်း နေသလားမဆိုနိုင်ဘူး။ တုံကင်နံပါတ်ကို ဘတ်ငါးရာနဲ့ရောင်းစားလိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဒီလူပဲဖြစ်မယ်ထင်လိုက်မိတဲ့အထိ။ပေါက် တဲ့နဖူး မထူးတော့တာမို့ စောင့်လက်စနဲ့စောင့် လိုက်အုံးဆိုပြီး၊ စိတ်ဒုံးဒုံးချလိုက်ရင်း၊ ထိုင်း ဘတ်ပွဲစားလာပေးတဲ့၊ စာအိတ်ဖြူလေးတစ် အိတ်၊ ကျုပ်မိတ်ဆွေရဲ့လက်ထဲမှာ၊ လှမ်းမြင် လိုက်လို့ စပ်စုလိုက်တော့ ဆေးစစ်ဖို့ရုံးထဲဝင်တဲ့အခါမှာ ပေးရမဲ့ငွေကို စာအိတ်ကလေးနဲ့ ထည့်ထားတာကလား။ စာအိတ်ထဲကငွေ တွေကို ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း နှစ်ထောင့်ခုရာဘတ် တိတိခင်ဗျ။ ဘယ့်နှယ့်၊ ပွဲစားလက်ထဲကို စောစောကမှ၊ ပေးလိုက်ရတာက သုံးထောင့် ငါးရာ၊ ချက်ခြင်းမျက်လှည့် ပြသလို စာအိတ်ထဲပြန်ရောက်လာတာက နှစ်ထောင့်ခုနှစ်ရာပဲလားဆိုပြီး သေချာအောင်မေးလိုက်တော့မှ ပွဲစားဖြတ်ထားတဲ့ ဘတ်ရှစ်ရာဟာ ထိုင်းအလုပ်ရှင်သူဌေးနာမည်ခံခတဲ့ ခင်ဗျ။

ဇာတ်လမ်းကတော့ အဲဒီမှာစတာပဲဗျ။ ခင်ဗျားစဉ်းစားကြည့်လေ၊ ဗမာအလုပ်သမား တွေဟာ ထိုင်းပွဲစားတွေနဲ့ လုပ်ထားတဲ့ဘတ် တွေကိုကိုင်ပြီး အလုပ်ရှင်နာမည်မတူတဲ့ နေ ရာတွေမှာ လျှောက်လုပ်နေကြရတော့ ထိုင်း ပုလိပ်က ဖမ်းချင်သပဆိုရင် အလုပ်ရှင်မတူတဲ့ ခေါင်းစဉ်နဲ့ ကွိကနဲနေအောင် အဖမ်းခံရမှာ လေ။ ကိုယ့်သူဌေးနာမည်နဲ့ ကိုယ်လုပ်ကြပါ လားလို့ ခင်ဗျားအထွန့်မတက်လေနဲ့။ ဖူး ခက်မှာ ကျုပ်တွေ့မိသမျှ အလုပ်ရှင်တော် တော်များများဟာ ကိုယ့်အလုပ်သမားကို ကိုယ့်နာမည်ခံပြီး ဘတ်လုပ်ပေးတာ မရှိသ လောက်ကို ရှားတယ်ဗျာ။

(လေး)

နေမြင့်လာလေ ဗမာအလုပ်သမားတွေ အပြည့်တင်လာတဲ့ကားတွေ တဖွဲဖွဲထပ်ရောက် လာလေပဲဗျို့။ ဒီနေ့အတွက် အလုပ်သမားဦး ရေ ခြောက်ရာပဲလက်ခံမယ်ဆိုလို့ တချို့ လည်း တပ်နောက်သို့ပြန်လှည့်သွားကြလေရဲ့။ ဒီနေ့ကျုပ်မျက်စိရှေ့က မြင်ကွင်းမှာတော့ ကိုယ်ဝန်ဆောင်တွေကော၊ ခါးထစ်ခွင်အရွယ် ကလေးငယ်တွေအပါအဝင် ဗမာအလုပ်သ မား လူငယ်လူလတ်တွေ ရုံးဝင်းထဲမှာပြည့် နှက်နေပြန်ပြီ ခင်ဗျ။ ဒီမှာတင် မော်လမြိုင် ဖက်က ကိုလင်းကြည်ဆိုတဲ့ ကျုပ်အသိတစ် ယောက်ပြောခဲ့ဖူးတာ ပြေးသတိရမိတယ်။သူတို့ရွာက ရွာလုံးကျွတ်နီးပါး ဖူးခက်ရောက် နေပြီဆိုပဲ၊ ကုန်ကုန်ပြောရရင် ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌလုပ်ခဲ့ဖူးတဲ့ သူ့ညီတောင် ဖူးခက်ကိုလာ ပြီး အလုပ်လုပ်နေသတဲ့။ ဒါဆို ခင်ဗျားတို့ရွာ မှာ ကျီးစောင့်ကြက်နှင်၊ သက်ကြီးရွယ်အို မသန်မစွမ်းတွေနဲ့ ဘုန်းကြီးတွေပဲကျန်ရစ်ခဲ့မှာပေါ့လို့ ကျုပ်ကလျှာရှည်မိတော့ ...၊ “ဘုန်းတော်ကြီးတွေလည်း ဖူးခက်ကိုရောက် လာတာပဲ၊ တရားရေအေးတိုက်ကျွေးရင်း အလှူခံရင်းဆိုပါတော့”တဲ့။

အရွယ်ကောင်းလူငယ်တွေလည်း ဖူးခက် မှာပဲ နဖူးစာရွာလည်ကြရင်း၊ အိမ်ထောင်ရက် သားကျပြီး သားသမီးတွေပွားစီးကြပြန်တာပါပဲ။ ဒါပေမဲ့ ဖူးခက်ကိုရောက်လာတဲ့ ဗမာ အလုပ်သမားတွေကြားမှာ နှစ်ကာလရှည်ကြာစွာနေသော်ငြား ထွေထွေထူးထူး စုမိဆောင်းမိကြဟန်တော့မတူဘူး။ “ဖူးခက်မြို့မှာ ဆယ် နှစ်ကြာ၊ ရွာပြန်လက်ဆောင် ကလေးနှစ်ကောင်”ဆိုတဲ့ စာချိုးတွေလည်းရှိပါ့ဗျာ။

အန်ဖေရုံးရှေ့က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ကျုပ်ဟိုတွေးဒီတွေး လျှောက်တွေး နေလိုက်တာ ဆယ်နှစ်နာရီထိုးကာနီးတော့ ကျုပ်မိတ်ဆွေအလှည့် ရောက်လာပါလေ ရောဗျာ။ အန်ဖေရုံးထဲကို ထိုင်းဘတ်ပွဲစား တွေ ဟိုဝင်ထွက်နေတာ မြင်နေလေတော့ ကျုပ်လည်း ခပ်တည်တည်နဲ့ ရောယောင်ပြီး၊ ဝင်လိုက်သွားခဲ့ရောဆိုပါတော့ဗျာ။

အမယ်။ ရုံးခန်းထဲလည်းရောက်ရော ခန်းမကျယ်ကြီးတစ်ခုထဲမှာ စားပွဲပေါင်းလေး ငါးဆယ်လောက်ကို ရှိနိုင်တယ်ဗျ။ အခန်း ထိပ်ဆုံးက နံရံပေါ်မှာလည်း တစ်ကြိမ်တည်း အပြီးဆောင်ရွက်ပေးသည် (One stop Service) ဆိုတဲ့ စာတန်းကြီးက ပြူးနေလေ ရဲ့။ ထိုင်းဘာသာ၊ အင်္ဂလိပ်၊ မြန်မာနဲ့ကမ္ဘော ဒီးယားလိုပါ လေးဘာသာနဲ့ ရေးထိုးထားတာ မို့ ရာဇကုမာရကျောက်စာကိုတောင် သတိရ စရာကောင်းသေးဗျာ။ ဖြစ်ချင်တော့ ဗမာစာ နဲ့ရေးထားတဲ့စာတန်းဟာ စာလုံးပုံစံ (Font) မှားပြီး ပရင့်ထုတ်ထားတာမို့ ဘာရေးထား မှန်း၊ ကျုပ်တောင်မဖတ်တတ်ခဲ့ပါဘူး။

တိုတိုပြောရရင် ဆီးစစ်၊ သွေးစစ်၊ ပုံစံဖြည့်၊ ဓာတ်ပုံရိုက်၊ အမာစားကဒ်ပြားလုပ် စတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စားပွဲအသီးသီးမှာ ကျသင့်ငွေအမျိုးမျိုးနဲ့၊ တစ်နာရီခွဲကြာ ဖြတ် ကျော်ပြီးချိန်မှာတော့ ဝါချီလတ်ဆေးရုံကြီးဆီ ဓာတ်မှန်သွားရိုက်ဖို့ စာရွက်လေးတစ်ရွက် ထုတ်ပေးလိုက်ပါတော့တယ်။ ကျုပ်မိတ်ဆွေ ရဲ့ အင်္ကျီကော်လံမှာတော့ ၅၂၉ ဆိုတဲ့ နံပါတ် လေးတစ်ခု ကလစ်နဲ့ချုပ်ပေးလိုက်တဲ့အပြင် လက်မောင်းနှစ်ဖက်မှာလည်း ခရမ်းရောင်မှင် နဲ့ရိုက်ထားတဲ့ တံဆိပ်တွေစာလုံးတွေ စုစု ပေါင်းလေးခုခင်ဗျ။ ကျုပ်ကတော့ နွားသတ် ရုံ၊ ဝက်သတ်ရုံတွေမှာ အသတ်မခံရခင် တံ ဆိပ်ရိုက်ခံကြရတဲ့ တိရိစ္ဆာန်တွေရဲ့ဘ၀ကို ပြေးမြင်မိပေမဲ့ သူရှက်သွားမှာစိုးလို့ စိတ်ထဲ ကပဲ ကျိတ်ပြီး မချိတင်ကဲဖြစ်မိတာပါပဲ။

(ငါး)

သိပ်ကိုသိသာတဲ့အချက်ကတော့ ရုံးအတွင်းဖက်မှာတွေ့ရတဲ့ ငွေလက်ခံတဲ့ စားပွဲတွေဆီက၊ ထိုင်းဝန်ထမ်း တွေဟာ မျက်နှာထား သိပ်တင်းတင်းမာမာမရှိကြပါဘူး။ သေချာပြန်စဉ်းစားကြည့်တော့ ငွေလာပေးတဲ့ သူတွေမို့၊ ဘယ်မှာလာမာကြပါမလဲဗျာ။ ငွေနဲ့မဆိုင်တဲ့ စားပွဲတွေဆီက မျက်နှာထားတွေကတော့ တလောကလုံး သူတို့လုပ်စာထိုင်စားနေတဲ့ အချိုးပါပဲ။ ဝါချီလပ်ဆေးရုံ ဓာတ်မှန်ခန်းရှေ့မှာတွေ့ခဲ့ရတဲ့ ထိုင်းသူနာပြုအမျိုး သမီးတစ်ယောက် ဗမာအလုပ်သမားတွေကို ငေါက်ငန်းနေပုံများ ငါးစိမ်းသည်တောင်ရှုံးလောက်ပါရဲ့။

တကယ်ဆိုခင်ဗျားတွက်ကြည့်ဗျာ။ ဗမာ အလုပ်သမားတစ်ယောက်ကို အလုပ်သမား ဘတ်တစ်ကဒ်အတွက် တရားဝင်ကောက်ခံ တဲ့ငွေဟာ ၂၇၀၀ ဘတ်နှုန်းနဲ့တွက်ရင် ဖူး ခက်တစ်မြို့လုံးမှာ ဗမာဦးရေနှစ်သိန်းရှိတယ် ထား ဘတ်သိန်းပေါင်း ၅၄၀၀ ဖြစ်မယ်။ ထိုင်းတစ်နိုင်ငံလုံးကိုရောက်နေတဲ့ ဗမာဦး ရေသုံးသန်းဝန်းကျင်နဲ့သာတွက်လိုက်ရင် ခင်ဗျားလက်ထဲက ဂဏန်းပေါင်းစက်တောင် ဂဏန်းပြည့်အောင် ဖော်ပြနိုင်မယ်မထင်မိ ဘူး။ ကျုပ်တို့နိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ လှိမ့်ဝင်နေပြီဆိုတော့ ဗမာပြည်ထဲကို ဝင်လာပြီး အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသား တွေဆီက ဘယ်လိုဘယ်ပုံများ ငွေကောက်ခံ ကြသလဲဆိုတာလည်း စဉ်းစားမိပါရဲ့။

နေ့လည်နှစ်နာရီကျော်လောက် ကျုပ်တို့ နှစ်ယောက်သား ဝါချီလတ်ဆေးရုံကြီးကနေ အောင်မြင်စွာဆုတ်ခွာလာချိန်မှာ ကျုပ်လည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ခင်ဗျား ဒုက္ခ တစ်မီးငြိမ်းသွားပြီပေါ့လို့ ကျုပ်မိတ်ဆွေကို၊ စကားစမိတော့၊ သူက မထုံတက်တေးနဲ့ အဲဒီလိုလည်း ကံသေကံမပြောလို့မရသေးပါဘူးဗျာ ဟိုတလောက ပါတောင်ကမ်းခြေ (APK) ဟော်တယ်ကြီးမှာ ဗမာအလုပ်သမား တစ်ယောက် လျှပ်စစ်မီးဖိုနဲ့ ငါးကင်နေတာ ထိုင်းပုလိပ်တွေ့သွားလို့ လစဉ်ကြေးပေးနေရ ပါပကောလား ဒီလိုပါပဲလေ။ ဗမာအလုပ် သမားတွေလုပ်ခွင့်ရှိတာက အန္တရာယ်ရှိ ညစ် ပတ်ပြီးအောက်တန်းကျတဲ့ သရီးဒီ (3D Dirty, Dangerous and Demeaning) တွေပဲလေ သူ့စကားအဆုံးမှာ ကျုပ်ဆိုတဲ့ ကောင်ကလည်း လွယ်လွယ်နဲ့အလျော့မပေးချင်တဲ့ကောင်မဟုတ်လေတော့ ဒါဆို ဒီအလုပ် သမားကဒ်ကနေ တရားဝင်ပတ်စပို့စာ အုပ်ကြီးလုပ်ပြီးရင်တော့ ခင်ဗျားစိတ်အေးရပါပြီလို့ ထပ်ပြီး အရစ်ရှည်လိုက်မိပြန်ရော ဗျာ။ ကိုယ်တော်ချော ငါးသလောက်ပြုံးမျက် နှာပေးလေးနဲ့ ကျုပ်ကိုပြန်ပက်လိုက်ပုံက အင်း၊ ပတ်စပို့လုပ်တဲ့အခါ၊ နောက်ထပ်ဘတ် သောင်းချီပြီး ကုန်ရမှာပါပဲ။ ဒီပုံစံအတိုင်း ထိုင်းသူဌေးအငှားနဲ့ လုပ်ရဦးမှာလေ။ သူဌေး နာမည်မတူတဲ့အမှုနဲ့ ငွေညှစ်ခံရမှာမို့၊ ထိုင်း ပုလိပ်စက်ကွင်းကနေ ဘယ်မှာလာလွတ်ပါ့ မလဲဗျာ}တဲ့။

ဟုတ်ပါ့ဗျာ။ ဗမာတွေရဲ့လွမ်းတေးက ဆုံးရိပ်မမြင်သေးပဲကိုး။ ကျုပ်လည်း ဘာမှ ခွန်းတုန့်မပြန်နိုင်တော့ပဲ နှုတ်ဆိတ်မိနေရာ ကနေ အာရုံတစ်ခုခုပြောင်းလိုပြောင်းငြား ကားကက်ဆက်ခလုပ်ကို ဆတ်ကနဲနှိပ်ပြီး ဖွင့်လိုက်တော့ စက်ထဲမှာ အဆင်သင့်ရှိနေတဲ့ ဗမာသီချင်းစီဒီပြားထဲကနေ အသံဝါကြီးနဲ့ ထွက်လာတဲ့ ကိုသုမောင်ရဲ့ အောင်ပင်လယ် သီချင်းသံဟာ ကျုပ်ရင်ထဲကဆန္ဒနဲ့ တစ်ထပ် တည်းဖြစ်နေလေရဲ့။ ဒီသီချင်းကို ခင်ဗျား လည်းကြားဖူးမှာပါဗျာ။ ဘာတဲ့။

(ကြာစိမ်းကြာပြာပွင့်နီများ လှုပ်ရှားကာ ရယ်၊ များစွာကွယ်၊ လေယူရာကိုကြိုင်လှိုင်မွှေးလို့အေးကြည်တယ်၊ ရှေးမှီဖွယ်၊ လူအိုလူ မင်းပြောချင်းလက္ခဏာ၊ ဟင်္သာမောင်နှံရယ်၊ ဝဲတယ်၊ ဝဲတယ်၊ (အောင်ပင်လယ်)၆ တကယ် တောအစစ်ကဲ့သို့၊ အခုတော့၊ လယ်ကောဖြစ်လို့မို့ ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ်)

မင်းဒင်

No comments:

Post a Comment