Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 29, 2014

Andy Hall နဲ့ အမှုများ




MWRN ရဲ့ နိုင်ငံတကာရေးရာအတိုင်ပင်ခံ အန်ဒီဟောလ်ကို ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန် ခရိုင် ပရန်ဘူရီမြို့မှာရှိတဲ့ Natural Fruit အမည်ရ နာနတ်သီးနဲ့ သစ်သီးမျိုးစုံထုတ်လုပ်လုပ်တဲ့ကုမ္ပဏီက အမှု၎မှုနဲ့ တရားစွဲထား ပါတယ်။ ပြစ်မှုဆိုင်ရာပုဒ်မ ၂မှု၊ တရားမမှုဆိုင်ရာပုဒ်မ၂မှု ဖြစ်ပါ တယ်။ ပြစ်မှုဆိုင်ရာပုဒ်မ၂မှုမှာ အသရေဖျက်မှုနဲ့ က တစ်မှု၊ အီလက်ထရောနစ်ပုဒ်မက တစ်ခုပါ။ တရားမမှု၂မှုမှာတော့ နစ်နာကြေး ဘတ်သန်း၃၀၀ ရလိုမှုတစ်မှု နောက်တစ်မှုက ဘတ်သန်း၁၂၀ ရလိုမှု စုစုပေါင်း ဘတ်သန်း၄၂၀ရလိုမှုပါ။
ဒီအမှုတွေ ဖြစ်ပွားရပုံက လွန်ခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလောက်မှာ အန်ဒီဟောလ်က Finland နိုင်ငံအခြေစိုက် Finnwatch အဖွဲ့အတွက် စစ်တမ်းတစ်ခုလုပ်ပါတယ်။ ဒီစစ်တမ်းမှာ မဟာချိုင်မှာရှိတဲ့ ငါးသေတ္တာစက်ရုံ၂ရုံနဲ့ အထက်ကပြောတဲ့ နာနတ်သီးစက်ရုံ တို့ကို သွားရောက်ပြီး အလုပ်သမား၊ အလုပ်ရှင် ၂ဦး၂ဖက်နဲ့တွေ့ဆုံ အချက်အလက်ကောက်ယူရတာမျိုးပါ။ မဟာချိုင်မှာ ရှိတဲ့ ငါးသေတ္တာစက်ရုံ၂ရုံက အခက်အခဲသိပ်မရှိဘူးလို့ပြောနိုင်ပါတယ်။ MWRN အဖွဲ့ဝင်တွေတော်တော်များများက အဲ့ဒီစက်ရုံတွေမှာလုပ်နေသလို အလုပ်ရှင်ကိုဆက်သွယ်တဲ့အခါ လိုလိုလားလား စက်ရုံအတွင်းဝင်လေ့လာခွင့် အပြန်အလှန်စကားပြောခွင့်ရခဲ့ပါတယ်။
သို့သော် နာနတ်သီးစက်ရုံကျတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ်တွေနဲ့လည်းအဆက်အ သွယ်မရှိသလို၊ စက်ရုံပိုင်ရှင်ရဲ့အရှိန်အ၀ါကလည်း သူ့နယ်မှာ တော်တော်ကျယ်ပြန့်ပါ တယ်။ စက်ရုံကို ခေါ်ဝေါ်တာတောင်မှ နာမည်မခေါ်ပဲ လွှတ်တော်အမတ်ရုံ (စော်စော်ရုံ) လို့ ခေါ်ကြတာပါ။ အရင်ဒီမိုကရက်အစိုးရလက်ထက်မှာ အလုပ်သမားဝန် ကြီးဖြစ်ခဲ့သူ၊ ဒီမိုကရက်ပါတီရဲ့အတွင်းရေးမှူးဖြစ်ခဲ့သူက စက်ရုံပိုင်ရှင်ရဲ့ညီဖြစ်ပါတယ်။
ဆိုတော့.. စက်ရုံကအလုပ်သမားတွေအနေနဲ့ ကြောက်ရွံ့နေတာ၊ ရေငုံနှုတ်ပိတ်နေတာ များသလို၊ မျက်နှာလိုမျက်နှာရလုပ်ချင်သူတွေလည်း ပေါပါတယ်။
အဲ့ဒီစက်ရုံကအလုပ်သမားတွေကို အင်တာဗျူးခွင့်ရဖို့ ခက်ခဲလျှို့ဝှက်စွာလုပ်ရတယ်။ အင်တာဗျူးပြီးနောက်ပိုင်းမှာ ရရှိခဲ့တဲ့အချက်အလက်တွေက မကောင်းလှပါဘူး။ ပတ်စ်ပို့နဲ့ စာရွက်စာတမ်းတွေကိုသိမ်းထားတာ၊ လုပ်အားခကို ဥပဒေကသတ်မှတ်ချက်အတိုင်းမရတာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုအတွက် နစ်နာကြေးမရတာ၊ အကြောင်းမဲ့ပိုက်ဆံဖြတ်တောက်တာ စတဲ့ အချက်တွေများစွာတွေ့ ရပါတယ်။ ဒါနဲ့ပဲ အဲ့ဒီစက်ရုံရဲ့တာဝန်ရှိသူတွေကို တွေ့ခွင့်ရဖို့ဆက်သွယ်တော့ ငါးသေတ္တာစက်ရုံတွေလို လက်ခံတွေ့ဆုံတာ အကြောင်းပြန်တာ ဖြေရှင်းချက်ပေး တာတွေ ဘာတစ်ခုမှ မတုံ့ပြန်ပါဘူး။ ဒီလိုနဲ့ စစ်တမ်းကို အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
ဒီစစ်တမ်းလုပ်လိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေကောင်းကျိုးများစွာရခဲ့ပါတယ်။ ငါးသေတ္တာစက်ရုံတွေက အလုပ်သမား၂သောင်းကျော်ဟာ ဆပ်ကန်ထရိုက်ကတဆင့် အလုပ်မလုပ်ရတော့ပဲ စက်ရုံကတိုက်ရိုက် ငှားလိုက်တဲ့အတွက် စာရွက်စာတမ်းဖိုး တစ်ဦးကို ဘတ်၂ထောင်လောက်(စုစုပေါင်းဘတ်သန်း၆၀လောက်) သက်သာသွားပါတယ်။ လူမှုဖူလုံရေးတွေခံစားခွင့်ရသွားပါတယ်။ အလုပ်သွင်းပေတဲ့ ပွဲစားစနစ်လည်း ပျောက်သွားပါတယ်။ နာနတ်သီးစက်ရုံမှာဆိုရင်လည်း သိမ်းထားတဲ့ပတ်စ်ပို့တွေ စာရွက်စာတမ်းတွေရရှိခဲ့သလို လူမှုဖူလုံရေးခံစားခွင့်တွေ ရလာပါတယ်။ လုပ်အားခကိုလည်း တိုးပေးခဲ့ပါတယ်။
သို့သော် နာနတ်သီးစက်ရုံပိုင်ရှင်ကတော့ စစ်တမ်းပါအချက်အလက်တွေကို ငြင်းဆိုပြီး သူတို့စက်ရုံကို နာမည်ပျက်အောင်လုပ်တယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ အဲ့ဒီနောက်မှာ တော့ အထက်မှာပြောခဲ့သလိုပဲ အသရေဖျက်မှုနဲ့ ပုဒ်မတွေတွေတပ်ပြီး စစ်တမ်းလုပ်ခဲ့တဲ့ အန်ဒီဟောလ်ကို အရှိန်အ၀ါမျိုးစုံသုံးလို့ တရားစွဲတော့တာပါပဲ။ အန်ဒီဟောလ်အနေနဲ့ အခက်အခဲများစွာကြုံခဲ့ရပေမယ့်လည်း ဒီအမှုတွေကို အလျှော့မပေးပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပါတယ်။ အကယ်၍ သူသာ စက်ရုံပိုင်ရှင်ကိုတောင်းပန်လိုက်ရင် အမှုကရုပ်သိမ်းပေးမယ်လို့ ကမ်းလှမ်းလာပေမဲ့ အမှန်တရားအတွက် ငြင်းပယ်ခဲ့ပါတယ်။ အန်ဒီဟောလ်အတွက် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးနဲ့ လူပုဂိုလ်တွေက အားပေး ထောက်ခံခဲ့ပါတယ်။ MWRN အနေနဲ့လည်း မိမိတို့တတ်စွမ်းသမျှ အားပေးကူညီဝန်းရံသွားမှာဖြစ်ပါတယ်။
တစ်ခုစိတ်မကောင်းစရာက အလုပ်သမားရေးရာလှုပ်ရှားသူလို့ခံယူထားတဲ့ အချို့သော မြန်မာနိုင်ငံသားတွေက နောက်ကွယ်မှာ အန်ဒီဟောလ်ကို ရာဇ၀တ်ကောင် သဖွယ် အမနာပပြောဆိုတာတွေ ပြန်ကြားသိရတော့ တော်တော်အံ့သြမိပါတယ်။ ထိုင်းလုပ်ငန်းရှင်များအဖွဲ့ကိုယ်တိုင်၊ ထိုင်းနိုင်ငံသားလူ့အခွင့်အရေးလှုပ်ရှားသူတွေ ကိုယ်တိုင်က သူတို့နဲ့မဆိုင်ပေမဲ့ အန်ဒီဟောလ်ကိုထောက်ခံကူညီပေးနေတာပါ။ မည်သို့ပင်ဆိုစေကာမူ အန်ဒီဟောလ်နဲ့အတူ MWRN အဖွဲ့ကတော့ အခြားသောမဟာမိတ်များနဲ့ရပ်တည်သွားကြပါမယ်။
ဒီနေ့ ၂၉.၁၀.၂၀၁၄နေ့ ဒီစာကိုရေးနေချိန်မှာ ဘန်ကောက်မြို့ဖက်ခနုံတရားရုံးမှာ တရားသူကြီးက စီရင်ချက်ဖတ်ကြားနေလောက်ပါပြီ။ မနက်ဖန် ၃၀.၁၀.၂၀၁၄ နေ့က အန်ဒီဟောလ်ရဲ့ ၃၅နှစ်မြောက်မွေးနေ့ပါ။ သူ့မွေးနေ့မှာပဲ သူဟာ နောက်ထပ် နစ်နာ ကြေးဘတ်သန်း၃၀၀ ရလိုမှုနဲ့ နာနတ်သီးစက်ရုံပိုင်ရှင်ကစွဲထားတဲ့ တရားမမှုအတွက် နခေါ်ပထုမ်တရားရုံးကို သွားတက်ရပါဦးမယ်။ အဲ့ဒီနောက် နိုဝင်ဘာ၁၁ရက်နေ့မှာ နောက်ထပ် အီလက်ထရောနစ်ပုဒ်မနဲ့ဆွဲထားတဲ့ အမှုအတွက် ဘန်ကောက်တောင်ပိုင်းတရားရုံးကို သွားရပါဦးမယ်။ ဒါတောင် နောက်တစ်မှုဖြစ်တဲ့ ဘတ်သန်း၁၂၀ရလိုမှုအတွက်ဆွဲထားတာ ရုံးချိန်မကျသေးလို့ပါ။
မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာအတွက် ၁၀စုနှစ်ကြာအောင် လုပ်ဆောင်ပေးခဲ့တဲ့ အန်ဒီဟောလ်၊ သူရထားတဲ့ဥပဒေဘွဲ့နဲ့ သူ့တိုင်းပြည်အင်္ဂလန်မှာ လူတန်းစေ့နေနိုင်ပါလျက်နဲ့ ရွှေ့ပြောင်းအလုပ်သမားကြားမှာ လာပျော်နေတဲ့အန်ဒီဟောလ် ............... လေးစားဦးညွတ်လိုက်ပါတယ်။
Sein Htay Sun

No comments:

Post a Comment