Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

ဘယ်တော့မှ အလဲထိုးမခံဘူး Ernest Hemingway (July 21, 1899 – July 2, 1961)



Ernest Hemingway က အမေရိကန်စာရေးဆရာ၊ သတင်းစာဆရာဖြစ်တယ်။ စာပေနိုဘယ်လ်ဆုရှင်ဖြစ်ပြီး ထင်ရှားတဲ့စာအုပ်တွေက “The Old Man and the Sea”၊ “The Sun Also Rises”စတာတွေဖြစ်တယ်။

၁၈၉၉ခုနှစ် ဇူလှိုင်လ ၂၁ရက်နေ့မှာ Hemingwayကို အမေရိကန်ပြည်ထောင်စု Illinoisပြည်နယ် ချီကာဂိုဆင်ခြေဖုံးက Oak Parkမှာ မွေးဖွားခဲ့တယ်။ သူ့ဖခင်က အမဲလိုက်၊ ငါးမျှားတဲ့ ပြင်ပလှုပ်ရှားမှုတွေကို ဝါသနာထုံသူဖြစ်တယ်။ သူ့မိခင်က စာပေကိုနှစ်သက်သူဖြစ်တယ်။ မိဘတွေရဲ့ဝါသနာက နောက်ပိုင်းမှာ Hemingwayရဲ့ဘဝနဲ့ သူ့ရဲ့တီထွင်ဖန်ဆင်းမှုတွေကို များစွာအကျိုးသက်ရောက်စေခဲ့ပါတယ်။

ပထမကမ္ဘာစစ်ဖြစ်ပွားချိန်မှာ Hemingwayဟာ ရှေ့တန်းအတွေ့အကြံကို ကိုယ်တိုင်ခံစားလိုတဲ့ဆန္ဒနဲ့ အမေရိကန်ကြက်ခြေနီအသင်းထဲ ဝင်ရောက်ခဲ့ပြီး အီတလီစစ်ပွဲမှာ ပါဝင်ခဲ့တယ်။ စစ်ပြီးဆုံးချိန်မှာ အီတလီအစိုးရက Hemingwayကို ကြက်ခြေနီစံပြဆု၊ ငွေတံဆိပ်ဆု၊ သူရသတ္တိဆုချီးမြှင့်ပြီး ဗိုလ်ကလေးရာထူး ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုတွေနဲ့အတူ သူရခဲ့တာက သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက် အခု၂၃ဝကျော်နဲ့ မောင်းထုတ်လို့မရနိုင်တဲ့စစ်ရမ္မက်ရဲ့ အမှတ်သညာတွေပဲဖြစ်တယ်။

၁၉၂၉ခုနှစ်မှာ Hemingwayရဲ့ “The Sun Also Rises” ၊ “A Farewell to Arms” နဲ့ “Lost Generation” စာအုပ်တွေက အကောင်းဆုံးစာပေဖြစ်ခဲ့တယ်။

၁၉၂၈ခုနှစ်မှာ Hemingwayဟာ ပဲရစ်မြို့ကခွာပြီး အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါနဲ့ Cubaကျွန်းတို့မှာ သွားရောက်နေထိုင်ပြီး အေးဆေးတည်ငြိမ်တဲ့ဘဝနဲ့ လယ်ယာမြေတွေ လုပ်ကိုင်ခဲ့တယ်။ အမဲလိုက်တယ်၊ ငါးမျှားတယ်၊ နွားဝှေ့ပြိုင်ပွဲတွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့လို့ အေးချမ်းတဲ့ဘဝမှာ သူမနေခဲ့ရတော့ဘူး။ ၁၉၃၇ခုနှစ်မှ ၁၉၃၈နှစ်ထိ စစ်မြေပြင်သတင်းထောက်အဖြစ်နဲ့ စပိန်ပြည်တွင်းစစ်ရှေ့တန်းမှာ သူရောက်နေခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ သတင်းထောက်အဖြစ်ပါဝင်လှုပ်ရှားရင်း ပဲရစ်လွတ်မြောက်ရေးတိုက်ပွဲမှာ သူပါဝင်ခဲ့တယ်။

၁၉၄၁ခုနှစ် နှစ်ကုန်ပိုင်းမှာဖြစ်ပွားတဲ့ ပစ္စဖိတ်စစ်ပွဲမှာ Hemingwayဟာ သူ့ရဲ့အပျော်စီးစက်လှေကို ကင်းလှည့်စက်လှေအဖြစ် ချက်ချင်းအသွင်ပြောင်းပြီး ဂျာမဏီရဲ့ရေငုပ်သဘောင်္လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တယ်၊ ရန်သူကိုချေမှုန်းဖို့ လျှို့ဝှက်သတင်းတွေပေးပို့ခဲ့တယ်။ ၁၉၄၄ခုနှစ်မှာ Hemingwayဟာ အမေရိကန်စစ်တပ်နဲ့အတူ ဥရောပကို တွေ့ဆုံမေးမြန်းသူအဖြစ်နဲ့ ရောက်သွားခဲ့တယ်။ အဲဒီမှာ လေယာဉ်ပျက်ကျပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပေမယ့် ကုသမှုခံယူပြီးနောက် ရန်သူ့နယ်မြေထဲဝင်ရောက်ပြီး အင်တာဗျူးတွေလုပ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ကြေးတံဆိပ်ဆုတစ်ခုကို သူရခဲ့ပါတယ်။

၁၉၄ဝခုနှစ်မှာ Hemingwayဟာ စပိန်ပြည်တွင်းစစ်အကြောင်းနောက်ခံပြီး ဖက်စစ်ဝါဒီကို ဆန့်ကျင်တဲ့ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ “For Whom the Bell Tolls” ကိုရေးသားခဲ့တယ်။ ၁၉၅၂ခုနှစ်မှာ Hemingway ရေးသားခဲ့တဲ့ “The Old Man and the Sea”ဟာ စာပေနိုဘယ်လ်ဆု ရရှိခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တံငါသည် Santiagoဟာ ပင်လယ်ပြင်မှာငါးဖမ်းခဲ့တာ ၈၄ရက်လုံးလုံး ငါးတစ်ကောင်မှမရခဲ့ဘူး။ စစချင်းမှာ Manolinလို့ခေါ်တဲ့ လူရွယ်လေးတစ်ယောက်က သူနဲ့အတူ ငါးဖမ်းထွက်ခဲ့တယ်။ ဒါပေမယ့် ရက်၎ဝအတွင်း ငါးတစ်ကောင်မှမမိခဲ့လို့ လူရွယ်ကို သူ့မိဘတွေက တခြားငါးဖမ်းလှေနဲ့ လိုက်စေခဲ့တယ်။ သူတို့ရဲ့သားကို တံငါအိုနောက်ထည့်လိုက်ရင် ကံကောင်းမှာမဟုတ်ဘူးလို့ သူတို့ထင်ခဲ့လို့ဖြစ်တယ်။

၈၅ရက်မြောက်နေ့မှာ တံငါအိုSantiagoဟာ မနက်စောစောထပြီး လှေကိုအဝေးကြီး လှော်ခတ်ခဲ့တယ်။ အဲဒီမှာ လှေထက်တောင်ကြီးတဲ့ မာလင်ငါးတစ်ကောင်ကို သူမထင်မှတ်ဘဲ ဖမ်းမိခဲ့တယ်။ တံငါအိုဟာ အဲဒီငါးနဲ့ နှစ်ရက်လောက်လုံးပန်းခဲ့ရပြီး နောက်ဆုံးမှာ ခက်ရင်းခွနဲ့ ထိုးဖမ်းနိုင်ခဲ့တယ်။ ငါးရဲ့သွေးညီနံ့ကြောင့် ငါးမန်းတွေ တိုက်ခိုက်တာကို တံငါအိုခံခဲ့ရတယ်။ ငါးမန်းတွေရဲ့ရန်ကို သူခုခံကာကွယ်ခဲ့တယ်။ ဆိပ်ကမ်းပြန်ရောက်ချိန် အရိုးချည်းပဲကျန်ခဲ့တဲ့ မာလင်ငါးကိုကြည့်ပြီး တံငါအိုဟာ ခြေကုန်လက်ပန်းနဲ့ မြေပြင်ပေါ်ထိုင်ချပစ်ခဲ့တယ်။ တံငါအိုကို လူရွယ်Manolinလာကြည့်ခဲ့ပါတယ်။ တံငါအိုSantiago ရှုံးနိမ့်သွားပြီလို့ Manolinမထင်ခဲ့မိဘူး။ အဲဒီနေ့ညနေမှာ Santiagoဟာ တဲအိပ်လေးမှာအိပ်ပျော်သွားခဲ့ပြီး ခြင်္သေ့တစ်ကောင်ကို သူမက်မြင်ခဲ့တယ်။

“လူတစ်ယောက်ဟာ အလဲထိုးခံရဖို့ မွေးဖွားလာခဲ့တာမဟုတ်ဘူး။ အဲဒီလူကို ပျောက်ပျက်အောင် သင်လုပ်နိုင်တယ်။ ဒါပေမယ့် အလဲထိုးပစ်လို့တော့ မရဘူး”

ဒါက တံငါအိုSantiagoရဲ့ ဘဝယုံကြည်မှုဖြစ်သလို အဲဒီဝတ္ထုထဲက စာရေးသူချပြချင်တဲ့ အတွေးလည်းဖြစ်တယ်။ ဖျက်ဆီးပစ်လို့မရနိုင်တဲ့ ကြံ့ခိုင်အား၊ ဇွဲသတ္တိကိုပြသတာလည်းဖြစ်တယ်။ လူရွယ်ဟာ တံငါအိုနဲ့ နောက်တစ်ခေါက် ပင်လယ်ထွက်ပြီး တံငါအိုဆီကနေ “စွမ်းရည်”တွေ သင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ လူသားတို့ရဲ့ “အနိုင်မခံ အရှုံးမပေး”တဲ့စိတ်ဓာတ်ကို တစ်မျိုးဆက်ပြီးတစ်မျိုးဆက် လက်ဆင့်ကမ်းခဲ့တဲ့ သင်္ကေတပဲဖြစ်တယ်။

တံငါအိုSantiagoက Hemingwayလေးစားကိုးကွယ်တဲ့ လူမျိုးလူစားဖြစ်တယ်။ ကြံ့ခိုင်သန်မာတယ်၊ သဘောထားကြီးတယ်၊ အကြင်နာတရားရှိတယ်၊ ချစ်ခြင်းမေတ္တာပြည့်ဝတယ်။ ဘဝရဲ့စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်၊ ကံကြမ္မာကိုပြောင်းလဲလို့ မရနိုင်ပေမယ့် သူ့စိတ်ဓာတ်တွေ ကြံ့ခိုင်သန်စွမ်းခဲ့တယ်။ “လူသန်”ကြီးတစ်ဦးတယ်။ “လူသန်”က Hemingwayရဲ့ စာအုပ်တွေထဲမှာ မကြာခဏ အဖော်ပြခံရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။ သူ့စာအုပ်တွေမှာ မကြာခဏပါဝင်တတ်တဲ့ ဇာတ်လိုက်ဖြစ်တယ်။ ဒီဇာတ်လိုက်တွေဟာ လောကဓံရဲ့ အပြောင်းအလဲ၊ ထိုးနှက်ချက်တွေကို အရှုံးမပေးဘဲ သတ္တိရှိရှိနဲ့ ရှေ့ဆက်လှမ်းသူတွေဖြစ်တယ်။ သူတို့ဟာ ရှုံးနိမ့်သွားသည့်တိုင် လူ့ဂုဏ်သိက္ခာနဲ့ ရဲစွမ်းသတ္တိကို ထိန်းထားနိုင်ကြသူတွေဖြစ်တယ်။ Hemingwayဟာ စာအုပ်တွေကို သူ့တစ်သက် ရေးသားခဲ့တယ်။ ဘယ်လိုအခက်အခဲမျိုးမှာပဲဖြစ်ဖြစ် သူလက်မလွှတ်ခဲ့ဘူး။ သူဟာ အမေရိကန်လူမျိုးတို့ရဲ့ စိတ်ဓာတ်မော်ကွန်းတိုင်ပဲဖြစ်တယ်။

Hemingwayက လူတိုင်းနဲ့ရင်းနှီးတဲ့ စာရေးဆရာအကျော်အမော်တစ်ဦးဖြစ်တယ်။ သူ့ဘဝတစ်သက်မှာ ကမ္ဘာစစ်နှစ်ကြိမ်နဲ့ ကြုံခဲ့ရတယ်။ အခက်အခဲ ဆင်းရဲဒုက္ခပေါင်းစုံကြုံခဲ့ရတယ်။

လူ့ဘဝခယောင်းတောလမ်းမှာ ဆူးညှောင့်ခလုတ်တွေ၊ ရွံ့နွံတွေနဲ့ ပြည့်ချင်ပြည့်နေမယ်။

လှပတဲ့ရှုခင်းတွေအစား သဲကန္တာရ၊ ချောက်ကမ်းပါးကြီးတွေ ဖြစ်ရင်လည်းဖြစ်မယ်။

အမှောင်ထုမှာ အကြာကြီးစမ်းတဝါးဝါးဖြစ်ပြီးမှ အလင်းကို ကျွန်တော်တို့ ရှာတွေ့တဲ့အခါလည်း ရှိမယ်။

ကျွန်တော်တို့ယုံကြည်ထားတဲ့ သစ္စာတရားတွေ ဖုန်အလိတ်လိတ်ပေကပ်ပြီး လွတ်လပ်ခြင်းအတောင်ပံကို ကျွန်တော်တို့မဖြန့်နိုင်တဲ့အခါလည်း ရှိမယ်။

ကျွန်တော်တို့ရဲ့ ကြီးမားတဲ့စိတ်ဓာတ်ဝိညာဉ်တွေ၊ ရည်ရွယ်ချက်တွေ ဦးတည်ရာပျောက်ပြီး နေရာတစ်ခုတည်းမှာပဲ တဝဲဝဲလည်နေတဲ့အခါလည်းရှိမယ်

ဒီလိုအချိန်မျိုးမှာ သတ္တိရှိရှိနဲ့ “နောက်တစ်ကြိမ်.. နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်”လို့ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ကျွန်တော်တို့ အားမပေးနိုင်ရမှာလဲ။
နောက်တစ်ကြိမ်ထပ်ကြိုးစားရင် အောင်မြင်မှုကမ်းဆီ ကျွန်တော်တို့ အရောက်လှော်ခတ်နိုင်ပါတယ်။

ထင်ရှားသူတို့၏ဘဝပုံပြင်စာအုပ်မှ....

နိုင်းနိုင်းစနေ
.

No comments:

Post a Comment