Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 25, 2014

သဘာဝ၏ ထိပ်တန်းလူသတ်လက်နက်


အလွန်ပူပြင်းသော ရာသီသည် ကမ္ဘာ့ရပ်ဝန်းများစွာတွင် ကြုံဆုံနေရသော ရာသီဥတုဒဏ်ဖြစ်သည်။ ပူပြင်းသောရာသီသည် လူအများစုကို ပူအိုက်စေရုံ သာမက ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် အသက်ဆုံးရှုံးမှုပါ ဖြစ်စေနိုင်သည်။

သို့ဖြစ်၍ သဘာဝ၏ လူသတ်လက်နက် အပူရှိန်နှင့် ပတ်သက်၍ မှတ်သား သိမှတ်ဖွယ်ရာ အချက်များကို လေ့လာသိရှိနိုင်ရန် တင်ပြရပေသည်။
ရာသီဥတုပညာရှင်များသည် ပြင်းထန်းသောအပူဒဏ်ကို တိုင်းတာရန် အတွက် အပူပြင်းဒဏ်ညွှန်းချက် (Mean Heat Index) တစ်ခုကို ပြုစုထား ကြသည်။ ယင်းညွှန်းချက်သည် အလွန်ပူပြင်းသော နေ့တာတစ်လျှောက်တွင် ခံစားရပုံကို တိုင်းတာသည်။

ပူပြင်းသော နေ့တစ်နေ့ သို့မဟုတ် ပူပြင်းသော နေ့ပေါင်းများစွာ၏ စုစုပေါင်း အပူဒဏ်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ပညာရှင်များက ဆိုသည်။ ပူပြင်းသော နေ့ပေါင်းများစွာကို အပူလှိုင်းတစ်ခုအဖြစ် သတ်မှတ် သည်။ ညတာအပူချိန်နှင့် နေ့တာအပူချိန် မကွာခြားလှသောအခါတွင် ထိုအပူလှိုင်းသည် အသက်ဘေးသင့်နိုင်သည့် အခြေအနေ ရောက်သွား သည်။ ထိုသို့သော အနေအထားကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဖိအားပြင်းထန် လာစေသည်။

အပူဒဏ်ကာကွယ်ခြင်း
=============

အလွန်ပြင်းလှသော အပူဒဏ်မှ မိမိကိုယ်မိမိ ကာကွယ်နိုင်သော နည်း လမ်းပေါင်းများစွာရှိသည်ဟု ဆရာဝန်များက ဆိုသည်။ တတ်နိုင်သမျှ နေပူထဲ မထွက်ခြင်းက ကာကွယ်နည်းတစ်ရပ်ပင်ဖြစ်သည်။ ရေအေးအေး များများသောက်ပါ။ ပိတ်သားဖြင့် ပြုလုပ်ထားသော အရောင်ဖျော့ဖျော့ အ၀တ် အထည်များကို ၀တ်ဆင်ပါ။ အ၀တ်အစားများ ချောင်ချောင်ချိချိရှိပြီး လွတ်လပ် စွာ လှုပ်ရှားနိုင်စွမ်းရှိပါစေ။ ထို့အပြင် အပူဒဏ်နှင့် ဆက်စပ်နေသော ကျန်းမာရေးဆိုင်ရာ အန္တရာယ်နိမိတ်လက္ခဏာများကို သိအောင်ကြိုးစားပြီး ကာကွယ်မှု ပြုရမည်။ အပူလွန်ကဲမှုသည် လျင်မြန်စွာ ဖြစ်ထွန်းနိုင်သော ဘေး အန္တရာယ်ဖြစ်သည်။

အပူလွန်ကဲလျှင်
=========

အပူလွန်ကဲမှုကို ကောင်းစွာ မကုသပါလျှင် အပူ လေဖြတ်မှု ဖြစ်လာနိုင်သည်။ အပူ လေဖြတ်ရာတွင် ခန္ဓာကိုယ်အပူချိန်သည် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပို၍ မြင့်မားသွားသည်။ ခန္ဓာကိုယ်မှ ချွေးထွက်မှု တန့်သွားသည့် အရေပြား သည် ခြောက်သွေ့ပြီး လွန်စွာပူလောင်လာသည်။ လူသည်လည်း သတိလစ် သွားနိုင်သည်။ ခန္ဓာကိုယ်အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် လွန်ကဲသွား ပါလျှင် ခန္ဓာကိုယ်၏ တစ်ရှူးများနှင့်အင်္ဂါများ ကျက်စပြုလာသည်ဟု ဆရာဝန် များက ဆိုသည်။ ထာဝရထိခိုက်မှုနှင့် သေကိန်းဆိုက်မှု ရှိနိုင်သည်။

အပူလေဖြတ်သူကို ချက်ချင်း ဆေးကုသရန်လိုအပ်သည်။ ထိုသို့ ချက်ချင်း လက်ငင်းကုသမှု မပြုနိုင်လျှင် လူနာမှာ အသက်ဆုံးပါးနိုင်သည်။
ချက်ချင်းလက်ငင်း ကုသမှုပြုရမည့် နည်းများမှာ လုနာကို နေရိပ်ထဲသို့ ရွှေ့ပါ။ လူနာ၏ ခြေထောက်ကို မြေပြင်မှ ၃၀ စင်တီမီတာခန့် ထောင်လိုက်ပါ။ ထို့နောက် လူနာ၏ အ၀တ်အစားကို ချွတ်လိုက်ပါ။ ခန္ဓာကိုယ်ကို ရေပတ် တိုက်ပေးပါ။ အရေပြားနှင့်သွေးကြော နီးစပ်ရာနေရာများတွင် ရေခဲတုံးလေး များ ကပ်ပေးပါ။ ယင်းနေရာများတွင် ဇက်ပိုးနှင့် ချိုင်းအောက်များလည်း ပါဝင်သည်။ ရည်ရွယ်ချက်မှာ ကိုယ်ခန္ဓာအပူချိန် ဆက်လက် မတက်စေရန် လူနာကို တတ်နိုင်သမျှ အမြန်ဆုံးအေးမြသွားအောင် ပြုလုပ်ရေးပင်ဖြစ်သည်။ ပူသော ရာသီဥတုတွင် အေးမြသော အရည်များ သောက်သုံးခြင်းက အကောင်းဆုံးဖြစ်သည်။

မှတ်ချက်။ ၂၀၁၄ခုနှစ်၊ဧပြီလထုတ် သုတပဒေသာစာစောင်ပါ လှတိုး(စိတ်ပညာ) ရေးသားသည့် ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

MOI Webportal Myanmar

No comments:

Post a Comment