Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 22, 2014

ဟံသာဝတီဦးဝင်းတင်နှင့် ကျွန်တော်



(Written by: မောင်သိန်းညွန့်(ကော့ကရိတ်))
၂၁-၄-၂၀၁၄ နံနက် ၆း၃၀နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သွားခဲ့ပါပြီ။ သတင်းစာအသိုင်းအ၀ိုင်းနှင့် နိုင်ငံရေးနယ်ပယ်တို့မှ ဟံသာဝတီဦးဝင်းတင်ကို ကိုယ်တိုင်သိရှိသူ တွေ့ခဲ့သူများ မဆိုထားဘိ သူ့ဘ၀သူ့ဇာတ်ကြောင်းကို တစ်ဆင့်ကြားဖူး သိဖူးသူများပင် ဦးဝင်းတင်ကွယ်လွန်အနိစ္စရောက်သည့်အတွက် ကြေကွဲဝမ်းနည်းနေကြပါပြီ။
မြန်မာ့သတင်းစာသမိုင်းတွင် နာမည်ကျော်ကြားလှသော ဆရာဦးဝင်းတင်ကို ၁၉၇၂ ခုနှစ် သတင်းစာသင်တန်း အမှတ်စဉ်ငါး၌ သင်တန်းဆရာတစ်ဦးအနေဖြင့် ကျွန်တော်အနီးကပ် မြင်ဖူးသိကျွမ်းခဲ့ရပါသည်။ ကျွန်တော်ကိုယ်တိုင် ကလောင်တစ်ချောင်းကိုင်ခဲ့သော ၁၉၆၈-၁၉၇၂ ကာလအတွင်း၌လည်း ဆရာဦးဝင်းတင်နှင့် ပတ်သက်ခဲ့ရပါသည်။ ကျွန်တော်၏ ဝေဖန်ထောက်ပြသော ဆောင်းပါးတချို့ကို ထိုစဉ်က ရန်ကုန်မြို့ထုတ် လုပ်သားပြည်သူ့နေ့စဉ် ဗိုလ်တထောင်၊ ကြေးမုံသတင်းစာတို့၌ ထည့်သွင်းရန် လက်မခံဝံ့ပါ။
ငြင်းပယ်ခံရသော ဆောင်းပါးများကို ဆရာဦးဝင်းတင် အယ်ဒီတာချုပ်လုပ်သော မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာသို့ ပေးပို့ခဲ့ရပါသည်။ ထိုဆောင်းပါးများအနက် "ပုတ်သင်ညိုပါတီမဖြစ်အောင်" ဆောင်းပါးကို ယနေ့အထိ မှတ်မိနေပါသည်။ ပါတီဥက္ကဋ္ဌကြီးလမ်းညွှန်သမျှ ခေါင်းညိတ်နေသော ပါတီကေဒါကြီးငယ်များကို သထုံမြို့ ရွှေစာရံဘုရားဝင်းအတွင်းရှိ ပိုက်ဆံတစ်ခါထည့်လျှင် ချွမ်းကလောက် ချွမ်းကလောက် အသံထွက်သော အရုပ်များနှင့်တူကြောင်း ကြေးစားနိုင်ငံရေးသမားများအကြောင်းကို ဟံသာဝတီသတင်းစာ၌ ဖော်ပြပေးခဲ့ပါသည်။
လမ်းစဉ်ပါတီခေတ်၌ သတင်းစာဆရာကြီး စာရေးဆရာကြီး နိုင်ငံရေးသမားကြီး ဦးသိန်းဖေမြင့်၏ "လုပ်ဟန်အမှားများပြင်ရေး" နှင့်ပတ်သက်သော ဝေဖန်ရေးစာတမ်းကြောင့် စာတမ်းဖတ်သူ သခင်ကျော်စိန် သဘာပတိလုပ်သူ ဦးဝင်းတင်တို့ အရေးယူခံခဲ့ရသည်။ သူတို့နှင့် မရှေးမနှောင်းပင် ကျွန်တော်လည်း အရေးယူခံရပါသည်။ အကြောင်းအရင်းသုံးခုအနက် တစ်ခုမှာ ဆရာသိန်းဖေမြင့်၏ ဈာပနကို ဦးစီးဆောင်ရွက်ခဲ့သည်ဆိုသည့် အချက်လည်းပါဝင်ပါသည်။
သတင်းစာလောက၌ မိမိလေးစားခဲ့သော ဆရာဦးဝင်းတင်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှုပ်ရှားမှုကာလ၌ သူ၏ရှေ့နေအဖြစ် ကျွန်တော်ရပ်တည်ပေးခွင့်ကြုံခဲ့ပါသည်။ ကွယ်လွန်သူ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း (တကသ ကျောင်းသားခေါင်းဆောင်)က ၁-၇-၈၉ နေ့စွဲဖြင့် အောက်ပါစာကိုပေးပို့ခဲ့ပါတယ်။
" ဦးသိန်းညွန့်ခင်ဗျား...
အရေးကြီးကိစ္စတစ်ခုခင်ဗျားကို တာဝန်ယူဖို့ ကျွန်တော်တို့အားလုံး သဘောထားရှိနေပါတယ်။
ဆရာဦးဝင်းတင်ကို မောင်စိုးသိန်းကိစ္စထဲ ဆွဲသွင်းပြီး ပုဒ်မ ၂၁၆ နဲ့ ရုံးတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီကိစ္စအတွက် ဦးဝင်းတင်ကိုယ်တိုင်နဲ့ ဦးထွန်းတင် ကျွန်တော်တို့အားလုံး ခင်ဗျားကိုတာဝန်ပေးဖို့ သဘောထားရှိနေကြပါတယ်။ အဲဒီကိစ္စအတွက် နက်ဖြန်မနက် ၁၀ နာရီ ၃၀ မိနစ် တက္ကသိုလ်ရိပ်သာလမ်း အဖွဲ့ချုပ်ရုံးမှာ ကျွန်တော်စောင့်နေပါမယ်။ ဆရာဦးဝင်းတင်နဲ့ချိန်းထားပြီး ဖြစ်ပါတယ်။
ကျွန်တော် အဖွဲ့ချုပ်က စောင့်နေပါမယ်။ ဆက်ဆက်လာခဲ့စေလိုပါတယ်"
တရားခွင်တိုက်ပွဲတာဝန်ကို ကျွန်တော်ယူခဲ့ပါတယ်။ သင်ဆရာ၊ မြင်ဆရာဖြစ်သော သတင်းစာဆရာကြီးအတွက် သူ့ကျေးဇူးကို ဆပ်ခွင့်ကြုံ၍ ဆပ်ရသည်ကိုပင် ကျွန်တော်ကျေနပ်ခဲ့ပါသည်။ ထိုအချိန်က NLD တွင် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့များ မရှိသေးပါ။ ဖိနှိပ်မှုပြင်းထန်သော နိုင်ငံရေးရာသီဥတုကြောင့် ရှေ့နေတော်တော်များများသည်လည်း နိုင်ငံရေးအမှုများ မလိုက်ဝံ့ကြပါ။
ထိုအချိန် ထိုကာလတွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ဆရာဦးဝင်းတင်အပေါ်စွဲဆိုခဲ့သော ပုဒ်မ ၁၂၆ အမှုနှင့်ပတ်သက်၍ သုံးလခန့် ကျွန်တော်အမှုလိုက်ခဲ့ပါသည်။ မိုးထဲရေထဲကာလတွင် အင်းစိန်ခုံးကျော်တံတားကြီး တည်ဆောက်နေသည့်အချိန်မို့ အင်းစိန်အကျဉ်းထောင်သို့သွားရသည်မှာ အခက်အခဲများလှပါသည်။
မည်သို့ပင်ဖြစ်စေ အကျဉ်းထောင်အတွင်း၌စစ်ဆေးသော ရန်ကုန်တိုင်းတရားရုံးအမှတ် ၃ ၌ ၁၉၈၉ ခုနှစ် ပြစ်မှုကြီးအမှတ် ၆၂၈ နှင့် ပတ်သက်၍ ကျွန်တော်က တရားခံရှေ့နေ ဦးဝင်းတင်က တရားခံအဖြစ် ရင်ဆိုင်ခဲ့ရပါသည်။ ထိုအမှုနှင့်ပတ်သက်၍ ၃.၁၀.၈၉ ခုနှစ်တွင် ဦးဝင်းတင်အား အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် အပြစ်ပေးခဲ့ပါသည်။
ဦးဝင်းတင်အား ပြစ်ဒဏ်စီရင်ခဲ့သော တရားစီရင်ရေးစနစ်နှင့်ပတ်သက်၍ ယနေ့အထိ ကျွန်တော်ထောက်ပြနေသော အချက်မှာ ပုဒ်မ ၂၁၆ သည် အာမခံပေးနိုင်သည့် အမှုဖြစ်လျက်နှင့် ဦးဝင်းတင်၏ အာမခံလျှောက်ထားမှုကို အမြင့်ဆုံးတရားရုံးအထိ ပယ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်လက်ဝယ် ယနေ့အထိ သိမ်းဆည်းထားသော တရားရုံးချုပ် ၁၉၈၉ ခုနှစ် ပြစ်မှုဆိုင်ရာ အထွေထွေအမှု အမှတ် ၈၄ တွင် "ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၆ ပြစ်မှုသည် အာမခံပေးခွင့်ရှိသည့် ပြစ်မှု" ဖြစ်ကြောင်း . . . "ယခုအမှု၌ တိုင်းတရားရုံး၏ စီရင်ချက်အရ တရားခံအား အာမခံခွင့်မပြုစေလိုကြောင်း၊ တရားစွဲအဖွဲ့အစည်းက တင်ပြထားချက်ရှိကြောင်း ပါရှိရာ ယင်းတင်ပြချက်ကို ၎င်းတရားရုံးအနေဖြင့် အလေးဂရုပြု၍ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပေသည်။"
သို့ကလို သုံးသပ်ပြီး အာမခံလျှောက်လွှာပယ်ခဲ့ခြင်းသည် တရားစီရင်ရေးစနစ်၏ အမည်းစက်ဖြစ်ကြောင်း လွှတ်တော်အတွင်း၌လည်း အခါအခွင့်ကြုံတိုင်း ကျွန်တော်တင်ပြခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ထောင်ဒဏ်သုံးနှစ်ပြည့်သောအခါ၌လည်း ဦးဝင်းတင်လွတ်မလာခဲ့ပါ။ အင်းစိန်အကျဉ်းထောင်အတွင်း၌ ဒုတိယအကြိမ်တရားစွဲပြီး အရေးယူခဲ့သောအမှုတွင် ရှေ့နေလိုက်ခွင့်မရခဲ့သဖြင့် မည်သည့်မှုခင်းမျိုးဖြစ်သည်ကိုပင် မသိခဲ့ရပါ။
အင်းစိန်ထောင်အတွင်း၌ပင် တတိယအကြိမ်စွဲဆိုသော ၁၉၅၀ ပြည့်နှစ်အရေးပေါ် စီမံမှု ဥပဒေပုဒ်မ ၅ (င) အမှုနှင့်ပတ်သက်၍ မူလအမှုတွင် လိုက်ပါခွင့်မရခဲ့သော်လည်း တရားရုံးချုပ်အယူခံမှုများ အထူးအယူခံအမှုများ လိုက်ပါခွင့်ရခဲ့ပါသည်။ ကျွန်တော်၏ ဆောင်ရွက်ချက်များကို စီရင်ချက်မိတ္တူများကူး၍ ရန်ကုန်ဆေးရုံကြီး အကျဉ်းသားများအခန်း၌ တက်ရောက်ကုသနေသော ဆရာဦးဝင်းတင်ထံသို့ ၎င်းနှင့်အရင်းနှီးဆုံး ဦးအုံးထွန်းမှတစ်ဆင့် အသိပေးနိုင်ခဲ့ပါသည်။
ယခုအချိန်တွင်တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ပင် ဆရာဦးဝင်းတင် ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ချိန်မှာတော့ သတင်းစာဆရာကြီးတစ်ဦး၏ဘ၀တွင်သာမက ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးအဖြစ် ဘ၀နိဂုံးချုပ်ခဲ့သောကြောင့် ကျွန်တော့်အနေဖြင့် လေးစားကြောင်း၊ ၀မ်းနည်းကြေကွဲကြောင်း တင်ပြအပ်ပါသည်။
(၂၀၁၃ ခုနှစ် နိုဝင်ဘာ၁၀ ရက်ကဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သော NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြည်သူ့ဆန္ဒသဘောထားရယူပွဲတွင် ဟံသာဝတီဦးဝင်းတင်အား တွေ့ရစဉ်)

No comments:

Post a Comment