Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 17, 2014

စစ်တွေ အဓိကရုဏ်းအတွင်း ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်နှင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့

18 April 2014

ရန်ကုန်၊ ဧပြီ ၉
သာသနာ့အလံအား မဖွယ်မရာ ပြုသည်ဟူသည့် အကြောင်းပြချက် မှတစ်ဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း NGO ၁၈ ဖွဲ့၏ ရုံး၊ နေအိမ်နှင့် သိုလှောင်ရုံများ ဖျက်ဆီးခံခဲ့ရမှုတွင် ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ အဓိကရုဏ်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

၂၀၁၄ ခုနှစ် မတ်လ ၂၆ နှင့် ၂၇ ရက်များအတွင်း စစ်တွေ မြို့တွင် ဖြစ်ပွားခဲ့သည့် အထိကရုဏ်း ဖြစ်စဉ်အတွင်း အဆိုပါ အမျိုးသမီးမှာ သာသနာ့အလံအား မဖွယ်မရာ ပြုကျင့်သည့်အတွက် ဒေသခံများက မကျေနပ်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ရုံးများ၊ သိုလှောင်ရုံများနှင့် နေအိမ် များအား ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ယင်းအဓိကရုဏ်း ဖြစ်စဉ်အတွင်း ဒေသခံ တိုင်းရင်းသားအချို့၏ ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနှင့် NGO အဖွဲ့များ၏ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီးနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံး ခဲ့ရပြီး ကာလတန်ဖိုး ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း ၄၃၀၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၄၃၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စစ်တွေ အဓိကရုဏ်းနှင့် ပတ်သက်၍ သမ္မတရုံး ညွှန်ကြားချက်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင် အုန်း ခေါင်းဆောင်သော စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်း၍ စစ်ဆေးခိုင်းပြီးနောက် ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အဆိုပါ အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီးလည်း သာသနာ့အလံအား မဖွယ်မရာ ပြုလုပ်သူ နိုင်ငံခြားသူ Ms. Yvonne Dunton မှာ ၎င်းအဖွဲ့၏ စည်းမျဉ်းအတိုင်း သဘောရိုးဖြင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မမှန်မကန် စည်းရုံး လှုံ့ဆော်သူအချို့၏ ပယောဂကြောင့် ဒေသခံတိုင်းရင်းသား အချို့မှာ နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် အထင်အမြင်လွဲမှားမှု ပိုမိုမြင့်တက် လာခဲ့ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းသို့ ထုတ်ပြန်ရာတွင် ““Malteser International အဖွဲ့မှ ငှားရမ်း၍ ရုံးဖွင့်ထားသော ရခိုင်အမျိုးသားပိုင် အဆောက်အအုံတွင် အိမ်ရှင်ဖြစ်သူက ၎င်း၏ သဘောဖြင့် သာသနာ့အလံကို လွှင့်ထူထားရာ ယင်းသို့ ဆောင်ရွက်မှု သည် နိုင်ငံတော် အစိုးရအပေါ် ဆန့်ကျင် ဆောင်ရွက်သည့် သဘော သက်ရောက် သဖြင့် ထိုသို့ ဆောင်ရွက်၍ မရသော ၎င်းတို့ အဖွဲ့အစည်း များ၏ မူအရ အဆိုပါ အဖွဲ့မှ နိုင်ငံခြားသူ Ms. Yvonne Dunton သည် သဘောရိုးဖြင့် အလံကို ဖြုတ်သိမ်းခဲ့သည်”” ဟု ပါရှိသည်။

စစ်တွေ အဓိကရုဏ်းဖြစ်စဉ် အတွင်း၌လည်း ဒေသအာဏာပိုင်များက အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်မှု မပေးနိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း စုံစမ်း စစ်ဆေးရေးအဖွဲ့က ပြောဆိုထားပြီး ပြည်နယ် အစိုးရသည် ဖြစ်စဉ်ဖြစ် ပွားလျှင် ဖြစ်ပွားချင်း လျင်မြန် ထိရောက်စွာ တုံ့ပြန် အကာအကွယ်ပေးနိုင်မှု အားနည်းကြောင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် အလေးထား ဆောင်ရွက်ရန်အတွက် အကြံပြုထားသည်။

““နိုင်ငံတကာ အဖွဲ့အစည်း ဆိုတာမျိုးက ခုနက သူတို့ရဲ့ အဆောက်အအုံမှာ အစိုးရသော်လည်းကောင်း၊ တခြားမည်သည့် သင်္ကေတသော်လည်းကောင်း၊ ထားခွင့်ရှိသူရဲ့ Mission သဘော အရသော်လည်းကောင်း ရှိချင်မှလည်း ရှိမယ်။ INGO, UN Agency တို့ရဲ့ ကားတွေမှာဆိုရင် သေနတ်ပါတဲ့ လူတွေတောင် မတက်ရဘူး ခင်ဗျ။ အဲဒီလိုမျိုး သူ့စည်းကမ်း၊ ကိုယ့် စည်းကမ်းတွေ ရှိကြတယ်လေ။ အဲဒီတော့ သာသနာ့အလံကို သွားပြီး စိုက်လိုက်တယ်ဆိုတာ ဘယ်သူ စိုက်တာလဲ။ ဘာကြောင့် စိုက်တာလဲ။ ဒါလေးတွေကအစ အရေးကြုံ လာတာ ပေါ့လေ”” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

သူက ဆက်လက်ပြီး ““သာသနာ့အလံမျိုး၊ နိုင်ငံတော် အလံလိုဟာမျိုး သွားစိုက်သင့်၊ မသင့်က စိုက်တဲ့လူ အပေါ်မှာ တာဝန်ရှိသွားတယ်။ တကယ်လို့များ စိုက်တဲ့လူက တာဝန်မဲ့စွာ စိုက်တယ်ဆိုရင် စိုက်တဲ့သူက တာဝန်ခံရမယ်။ အဲဒီအလံကို မလိုအပ်လို့ ပြန်ခေါက်သိမ်းတာ က ခေါက်သိမ်းတဲ့ လူမှာ တာဝန်ရှိတယ်။ စနစ်တကျ ခေါက်ခြင်း၊ သိမ်းခြင်း၊ ပြန်ပေးခြင်းကို လုပ်တယ်ဆိုရင် ခုနကလို ဖြုတ်၊ ခေါက်၊ သိမ်းတဲ့လူမှာ တာဝန်မရှိဘူး။ သူ့ဘက်က စနစ်တကျ လုပ်တာလေ။ ကျန်တဲ့ အပိုင်းကတော့ ကျွန်တော် မသိဘူး။ ခုနက မဖွယ်မရာ လုပ်တယ် ဘာညာ ဆိုတာတော့ မှတ်တမ်း ရှိချင်မှ ရှိမယ်။ ရှိချင်လည်း ရှိမယ်။ ချဲ့ကားတာလည်း ဖြစ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်”” ဟု ပြောသည်။

ယင်းစစ်တွေ အဓိကရုဏ်းအတွင်း အုပ်စုဖွဲ့ဖျက်ဆီးမှုနှင့် ပတ်သက်၍ သံသယရှိသူ ၁၂ ဦးအား အာဏာပိုင်များမှ ခေါ်ယူစစ်ဆေးခဲ့ပြီး လူစုခွဲရန် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးခဲ့ရသည်။

MH-0025

Myanmartandawsint Newspaper
via Thit Htoo Lwin

No comments:

Post a Comment