Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

ဆန္ဒပြအင်အားစုများ ရှိသော်လည်း ပြန်လည် ကျင်းပသည့် ထိုင်းရွေးကောက်ပွဲ ချောမွေ့

ဘန်ကောက်၊ မတ် ၂

အတိုက်အခံ အင်အားစုများ၏ ပိတ်ဆို့ ဟန့်တားမှုကြောင့် ရာနှုန်းပြည့် ပြီးပြတ်မှု မရှိခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲကို ပြည်နယ်ငါးခုတွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆန္ဒပြသူများက ပြန်လည်ဝိုင်းဖွဲ့ အင်အားပြ ခဲ့ကြသော်လည်း အဆင်ပြေ ချောမွေ့မှု ရှိခဲ့သည်ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

“ရွေးကောက်ပွဲအတွက် မဲပေးမှု ဖြစ်စဉ်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြီးဆုံးသွားပါတယ်” ဟု ရွေးကောက်ပွဲ ကော်မရှင်မှ အထွေထွေ အတွင်းရေးမှူး ပူချောင်းနူရာဝမ်းက ပြောကြားသည်။

အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အား ရာထူးမှ ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုကြီးကို မတ်လ ၃ ရက်နေ့မှစ၍ ရပ်ဆိုင်းမည်ဟု အတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူတက်တာဆူဘန်က ထုတ်ဖော်ပြောဆိုပြီး တစ်ရက်အကြာတွင် အဆိုပါ ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
“ကျွန်တော် ဆန္ဒပြမှုကို စွန့်လွှတ်လိုက်တာ မဟုတ်ပါဘူး၊ ကျွန်တော်လို အသက် ၆၀ ကျော် လူကြီးတစ်ယောက်က စွန့်လွှတ်တယ် ဆိုတာကို ဘယ်လိုလုပ်ရမှန်း မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ထောက်ခံတဲ့ပြည်သူ သန်းနဲ့ချီ ရှိလို့ပါ။ ဒါဟာ တပ်ခေါက်တာ မဟုတ်ဘူး၊ တိုက်ခိုက်ဖို့ အတွက် ပြန်လည် ပြင်ဆင်ရုံ သက်သက်ပါ” ဟု ဆူတက်တာဆူဘန်က ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ထိုင်းနိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ရန် ဦးတည်ချက်ဖြင့် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆူတက်တာဆူဘန်တို့ ဆန္ဒပြ အင်အားစုများ၏ ပိတ်ဆို့မှုများကြောင့် မဲဆန္ဒနယ် ၃၇၅ ခုတွင် ၆၉ ခု၌ မဲပေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း ကော်မရှင်က ပြောကြားသည်။

လက်ရှိ အနေအထားတွင် ဆန္ဒပြ အင်အားစုများ ဘန်ကောက်မြို့ရှိ လုမ္ဗိနီ ဥယျာဉ်တွင် စုဝေးလျက် ရှိကြသော်လည်း လူအင်အားမှာ တဖြည်းဖြည်းချင်း လျော့နည်းသွားလျက် ရှိကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း လူသွားလူလာ များသည့် ရှော့ပင်းစင်တာ တစ်ခု၌ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ရာမှ ဆန္ဒပြသူများ လျော့ကျလာခြင်း ဖြစ်ကြောင်း အာဏာပိုင်တို့က ပြောကြားသည်။

ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတို့တွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အား ထောက်ခံသူ အခိုင်အမာ ရှိထားပြီး ဖြစ်သောကြောင့် ယခုရွေးကောက်ပွဲသည် ၎င်းအာဏာ ပြန်လည် ရရှိစေရေးအတွက် အဓိက ပံ့ပိုးပေးမည် ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူတို့က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများနှင့် ဆက်စပ်သည့် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် လူပေါင်း ၂၀ ခန့် သေဆုံးခဲ့ရသည်။

No comments:

Post a Comment