Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

ကာဇက်စတန်နိုင်ငံ အမည်ပြောင်းရန် ပြည်သူများနှင့် ဆွေးနွေးမည်ဟု သမ္မတဆို



အတ်စတာနာ၊ ဖေဖော်ဝါရီ ၇

ကာဇက်စတန်နိုင်ငံ အမည်တွင် ပါဝင်သည့် စတန်ဆိုသည့် အသုံးအနှုန်းမှာ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်း မရှိဘဲ ရင်းနှီးမြှုပ်နှံသူများကိုလည်း စိတ်ပျက် အားလျော့စေခြင်းကြောင့် အမည်သစ် ပြောင်းလဲရေး လုပ်ဆောင်နိုင်ရန် ပြည်သူများနှင့် ဆွေးနွေးမည်ဟု သမ္မတ နဇာဘရတ်ဇ်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံ အမည်သစ်ကို ကာဇက်အလီ သို့မဟုတ် ကာဇက်နိုင်ငံအဖြစ် ပြောင်းလဲ အသုံးပြုရန် သမ္မတ နဇာဘရတ်ဇ်က အကြံပြုလိုက်ကြောင်း Interfax – Kazakhstan သတင်းတွင် ဖော်ပြထားသည်။

“စတန်ဆိုတဲ့ အတိုကောက် အသုံးအနှုန်း မပါတဲ့ လူဦးရေ နှစ်သန်းခန့်သာရှိတဲ့ မွန်ဂိုလီးယားနိုင်ငံကို နိုင်ငံခြားသားတွေက စိတ်ဝင်စားပါတယ်” ဟု သမ္မတ နဇာဘရတ်ဇ်က ပညာရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

သယံဇာတ ကြွယ်ဝပြီး ဧရိယာ အကျယ်အဝန်း ကြီးမားသည့် ကာဇက်စတန် နိုင်ငံမှာ နာမည် ပြောင်းလဲမှုပေါင်း များစွာကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် မြို့တော် အမည်ကို အယ်မာအတာမှ အယ်မတီအဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် လေးနှစ်အကြာတွင် မြို့တော်ကို အမိတာဟု အမည်ရသော နေရာသစ်တစ်ခုသို့ ပြောင်းလဲခဲ့ကာ ၁၉၉၈ ခုနှစ်တွင် မြို့တော်သစ်၏ အမည်နာမကို အတ်စတာနာဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်။

သို့သော်လည်း ကာဇက်စတန် နိုင်ငံအမည်အဖြစ် ပြောင်းလဲရေးကို ပြည်သူများနှင့် ဦးစွာ ဆွေးနွေးဦးမည်ဟု သမ္မတ နဇာဘရတ်ဇ်က ပြောကြားလိုက်သဖြင့် နိုင်ငံ အမည်သစ် ပြောင်းလဲရေးမှာ ရုတ်တရက် ပေါ်ထွက်လာမည် မဟုတ်ပေ။

ကာဇက်စတန် နိုင်ငံမှာ ဗဟိုအာရှဒေသတွင် ရှိသည့် စွမ်းအင် ကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ပြီး ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်း နိုင်ငံဖြစ်ကာ ဆိုဗီယက် ပြိုကွဲခဲ့သည့် ၁၉၉၁ ခုနှစ်မှစ၍ နိုင်ငံကို သမ္မတ နာဇာဘရတ်ဇ်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment