Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 27, 2014

ဧည့်လမ်းညွှန်များ ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲ ထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ်လှည့်လည်ခြင်း မပြုရန် သတိပေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဧည့်လမ်းညွှန်များကို ခရီးစဉ် လှည့်လည်ရာတွင် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် သတိပေး အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းမြတ်က ပြောကြားသည်။

ပြည်ပနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ နေ့စဉ် ဝင်ရောက် လည်ပတ်လျက်ရှိရာ ဝန်ဆောင်မှုပေးသည့် ဧည့်လမ်းညွှန်များ အနေနှင့် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားမှသာ ဧည့်လမ်းညွှန်ဟု သတ်မှတ်နိုင်မည် ဖြစ်ပြီး မိမိဝန်ဆောင်မှု ပေးနေသော ဧည့်သည်၏ ကိုယ်စားပြုနိုင်ငံ အလံကို ကိုင်ဆောင်၍ မြန်မာနိုင်ငံတွင်း ခရီးစဉ် လှည့်လည် ဝန်ဆောင်မှု ပြုခြင်းများကို မပြုမိစေရန်အတွက် သတိထားစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လတ်တလောမှာ ထိုင်းနိုင်ငံအလံကို ကိုင်ပြီး ခရီးစဉ် လှည့်လည်နေတဲ့ ဧည့်လမ်းညွှန်လိုင်စင် ချိတ်ဆွဲမထားတဲ့ အမျိုးသမီး တစ်ယောက်ကို တာဝန်သိ ဧည့်လမ်းညွှန် တစ်ယောက်က ဒီလိုမလုပ်ဖို့ တားခဲ့ရပါတယ်။ ဒါပေမဲ့ လိုက်နာမှု မရှိခဲ့ဘူးလို့ သိခဲ့ရပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည့်အတွက် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းအနေနှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် အကြောင်းကြားသည့်စာကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (မန္တလေးဇုန်၊ ပုဂံဇုန်၊ ရှမ်းတောင်ဇုန်၊ ရှမ်းအရှေ့ ရွှေတြိဂံဇုန်၊ မွန်ပြည်နယ်ဇုန်) တို့ကို ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ဧည့်လမ်းညွှန်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ကြိုတင်သတိပေးမှုတွေကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းက သတိပေးတယ်။ သတိပေး တားမြစ်တာကို ဆက်လုပ်ရင် ဓာတ်ပုံနဲ့တကွ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့ဆောင်ရွက်မယ်” ဟု ဦးထွန်းမြတ်က ဆိုသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် ၃၆၇၉ ခု ထုတ်ပေးထားပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြား ဧည့်သည်ပေါင်း ၂,၀၄၄,၃၀၇ ဦး ဝင်ရောက်ခဲ့သည်။

No comments:

Post a Comment