Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

ပသီလူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆို

Monday, January 27, 2014

ပြည်တွင်းရှိ ပသီလူမျိုးများကို တိုင်းရင်းသား လူမျိုးအဖြစ် တရားဝင် သတ်မှတ်ပေးရန် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) က ဇန်နဝါရီလ ၂၆ ရက်နေ့၊ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် ပထမအကြိမ် ပါတီညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။

မင်္ဂလာဒုံမြို့နယ် ဘူခါရီရှား ခန်းမကြီးတွင် ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပခဲ့သည့် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ဗဟိုဦးစီး ညီလာခံတွင် ဦးစီး ကိုယ်စားလှယ်များ၏ သဘောတူညီချက်အရ ယင်းသို့ တောင်းဆို ကြေညာခြင်း ဖြစ်ကြောင်း ပါတီအလုပ်အမှုဆောင် အဖွဲ့ဝင်များက ဆိုသည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီအထိ ပသီ လူမျိုးများကို တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ် ပြုခဲ့သော်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၄၄ မျိုးမှ ချန်လှပ် ခံခဲ့ရကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း ထည့်သွင်းထားခြင်း မရှိကြောင်း UNC ဥက္ကဋ္ဌ ဦးမြင့်ဝေက ပြောကြားသည်။

ပသီလူမျိုးများသည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော်ပြီ ဖြစ်ပြီး မြန်မာမင်း အဆက်ဆက် တိုင်းပြည်အတွက် အမှုထမ်းခဲ့သည့်အပြင် ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးတွင်လည်း ပါဝင်ခဲ့ကြောင်း၊ ကိုလိုနီခေတ် အမျိုးသား စီမံကိန်းနှင့် ပညာရေးဝန်ကြီး ဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် ပသီလူမျိုး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပသီတိုင်းရင်းသား လူမျိုး ၁၂ သန်းခန့်ရှိပြီး အစ္စလာမ် ဘာသာဝင်တိုင်း ပသီလူမျိုး မဟုတ်သော်လည်း မြန်မာနိုင်ငံဖွား တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ၊ နိုင်ငံခြား သွေးမနှောသူ အစ္စလာမ် ဘာသာဝင်များကို ပသီလူမျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးလှမြင့်က ပြောဆိုသည်။

ပသီလူမျိုးများ တိုင်းရင်းသားအဖြစ် သတ်မှတ်ခွင့်ရရန် နိုင်ငံတော်သမ္မတ၊ လူ့အခွင့်အရေး ကော်မရှင်နှင့် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနများသို့ ၂၀၁၃ ခုနှစ်အတွင်းက တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ လွှတ်တော်အတွင်းမှ တရားဝင် တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ ပြုလုပ်သည့် ပါတီညီလာခံ ပိတ်သိမ်းပွဲ အခမ်းအနားတွင် ပသီလူမျိုးများကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် Pre Code ဖြင့် ဖော်ပြပေးရန်နှင့် လူနည်းစု အခွင့်အရေး ကာကွယ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုင်ရှင်မဲ့ လယ်ယာစနစ်ကို ဖျက်သိမ်း၍ ပိုင်ရှင် အမည်ပေါက် လယ်ယာစနစ်သို့ ပြုပြင်ပြောင်းလဲရေး၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရန် စသည့်များ အပါအဝင် ကြေညာချက် ရှစ်ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment