![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bFEMm62RCMq95A-fixyRpr81UM-1H4SPRlPGsVpFd41SFVjEqjQkv_shk_MXwOptlnEeU4GHTCWezcS6ncN4qAkVhbzQPozH1OChInf2TL3F_s_Wps1jpj3HVufYx9Q0vcpSP03iiEM/s1600/1.jpg)
Wednesday, January 29, 2014
ကမ္ဘာ့ရေတိမ်ဒေသနေ့ (World Wetland Day) ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မိုးယွန်းကြီး အင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်း ကျင်းပမည် ဖြစ်ပြီး ရေတိမ်ဒေသ ပြခန်းကိုလည်း ဖွင့်လှစ် ပြသထားမည် ဖြစ်ကြောင်း သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါနေ့ အထိမ်းအမှတ်ပွဲများကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ နေပြည်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတွင်သာ ကျင်းပခဲ့ရာမှ ယခုအကြိမ်တွင် ပထမဆုံးအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် ကျင်းပခြင်း ဖြစ်ပြီး ယင်းပွဲအတွင်း ရေတိမ်ဒေသဆိုင်ရာ ဆွေးနွေးမှုများနှင့် ဓာတ်ပုံများ၊ အချက်အလက်များကို ပြခန်းဖွင့်လှစ်ကာ ပြသသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရေတိမ်ဒေသနေ့ အခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ တက်ရောက်ကြမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထူးခြားပြီး အရေးပါသည့် ရေတိမ်ဒေသများမှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ်နှင့် မုတ္တမကွေ့တို့ ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနထံမှ သိရသည်။
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဧရိယာ အကျယ်အဝန်း အားဖြင့် ၂၅၆၀၀ ဒသမ ၀၀ ဧက ကျယ်ဝန်းကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။
The Voice Weekly
Photo _ Artist Htein Lin
No comments:
Post a Comment