Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

အထက်မြန်မာပြည် မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်းရုံးခန်း ဖွင့်မည်


မန္တလေး၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံ အထက်ပိုင်းရှိ ပြည်တွင်းတွင် နေထိုင် ကြီးပြင်းသော မြန်မာတရုတ် သွေးနှောသူများနှင့် တရုတ်ပြည်မကြီးတွင် ကြီးပြင်းသော တရုတ်လူမျိုးများ အများဆုံး လာရောက် စီးပွားရှာဖွေရန် အခွင့်အလမ်းများ ရှိနေသည့် မန္တလေးမြို့တော်တွင် အခြေစိုက်မည့် အထက်မြန်မာပြည် မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်း ဖွဲ့စည်းပြီး ရုံးစိုက်ရန် အစီအစဉ်ရှိကြောင်း မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံရှိ တရုတ် ကုန်သည်များနှင့် တရုတ်စီးပွားရေး အသင်းအဖွဲ့များ နှစ်နိုင်ငံ လုပ်ငန်းရှင်များ အကျိုး ဖြစ်ထွန်းစေမည့် စီးပွားရေး လုပ်ငန်းများကို ဆက်သွယ် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံဘက်မှ လိုအပ်မည့် ဆောက်လုပ်ရေးနှင့် စက်မှုနည်းပညာ လုပ်ငန်းဆိုင်ရာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် မြန်မာ-တရုတ်ကုန်သည်များ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများ၊ နှစ်နိုင်ငံ ကုန်သည်များ အပြန်အလှန် ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ရန် လက်ရှိ ဖွဲ့စည်းမည့် မြန်မာ-တရုတ်ကုန်သည်ကြီးများ အသင်းက ကြားခံ ဆက်သွယ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းကဲ့သို့ ဖွဲ့စည်းနိုင်ရန်အတွက် ပြီးခဲ့သည့် လေးနှစ်ခန့်က ရန်ကုန်အခြေစိုက် မြန်မာ-တရုတ် ကုန်သည်များအသင်း ကတိသစ္စာ ခံယူပွဲကို မန္တလေးမြို့တော်ရှိ မြန်မာ-တရုတ် ကုန်သည်များ သွားရောက်တက်စဉ် မန္တလေး မြန်မာ-တရုတ် ကုန်သည်များက မန္တလေးမြို့တော်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် မြန်မာ-တရုတ်ကုန်သည်များ အသင်းဖွဲ့လိုကြောင်း တင်ပြရာ ခွင့်ပြုသဖြင့် မန္တလေးမြို့တော်ရှိ ကြင်းတော်ယန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ဖွင့်လှစ်မည် ဖြစ်ပြီး မြန်မာ-တရုတ် ကုန်သည်အသင်း အဖွဲ့တွင် မန္တလေးမြို့ပေါ်ရှိ တရုတ်ဘုံကျောင်း လေးကျောင်းတွင် ပါဝင်သော ဘုံကျောင်း အဖွဲ့များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အသင်းဖွဲ့ဖို့အတွက် မြန်မာ-တရုတ် မြို့ခံ ကုန်သည်ကြီးတွေ တွေ့ဆုံပြီး အစည်းအဝေး တစ်ကြိမ် လုပ်ပြီးပြီ။ ဘုရားကျောင်းထဲမှာ ရုံးခန်း ရှာနေတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တော်တွင် မြို့ခံ ကုန်သည်များဖြင့် ဖွဲ့စည်းထားသည့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းအပါအဝင် ညီနောင် အသင်းပေါင်း ၁၄ခု နှင့် ပွဲစား ကထိန်တော် အသင်း နှစ်သင်း အပါအဝင် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် အထက် မြန်မာပြည် အိန္ဒိယ စီးပွားရေးအသင်းတို့ ရှိပြီး မြန်မာ-တရုတ် ကုန်သည်များ အသင်းအဖွဲ့ သည် ဖွဲ့စည်းထားခြင်း မရှိသေးကြောင်း မြို့ခံကထိန်တော် အသင်းဝင် ပဲလုပ်ငန်းရှင် ဦးလှဦးက ပြောကြားသည်။

“မြန်မာ-တရုတ်ကုန်သည် အသင်းမရှိတော့ တစ်ဖက်စောင်းနင်း ကုန်သွယ်မှုကို မြန်မာဘက်က အမြဲလိုလို အရေးနိမ့်နေပြီး ဘယ်သွားပြောရမှန်းမသိ ဖြစ်နေတယ်။ အခု အသင်းဖွဲ့မယ်ဆိုတော့ မြို့ပေါ် ကုန်သည် အသင်းအဖွဲ့တွေနဲ့ အဲဒီတရုတ်ကုန်သည် အသင်းနဲ့ ပူးပေါင်းပြီး ဖြေရှင်းရတော့မယ်” ဟု မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုနှင့် ကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းဌေးက ဆိုသည်။

မန္တလေးမြို့ပေါ်ရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်း ရောင်းဝယ်မှုများတွင် တရုတ်နိုင်ငံသားများနှင့် ဖြစ်ပွားသည့် ပြဿနာရပ်များအတွက် တရုတ်နိုင်ငံသား အများစုက မန္တလေးမြို့ပေါ်ရှိ တရုတ် ကောင်စစ်ဝန်ကို သွားရောက် တိုင်ကြားရာတွင် တရုတ်ကောင်စစ်ဝန်က တရုတ် နိုင်ငံသားများဘက်မှ အများဆုံး ပြောဆို ရပ်တည် ပေးခဲ့ကြောင်း မန္တလေးမြို့ခံ မြန်မာ ကျောက်စိမ်း ကုန်သည် အများစုက တညီတညွတ်တည်း ပြောကြားသည်။

မန္တလေးမြို့တော်တွင် အခြေစိုက် ဖွင့်လှစ်မည့် မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်းရုံးကို မဟာအောင်မြေမြို့နယ်ရှိ ၃၅လမ်း၊ ၃၆လမ်းကြားရှိ မြို့ပတ်လမ်းဘေး ကြင်းတော်ယန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းထံမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment