Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

နာမည်ရ R&B အဆိုတော်၏ကား ဓားထောက်လုယက်ခံရ



နာမည်ရ လူငယ်အဆိုတော်တစ်ဦး၏ကားကို ၎င်း၏ဖခင် မောင်းနှင်နေစဉ်အတွင်း အသက် ၂၃ နှစ်အ ရွယ် လူငယ်တစ်ဦးက ဓားထောက်လုယက်ကာ မောင်းနှင်ထွက်ပြေးမှုတစ်ခု ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က ပုလဲကွန်ဒိုတွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ကာယကံရှင်မိသားစုက မဇ္ဈိမသို့ အတည်ပြု ပြောကြားလိုက်သည်။

“ကားက ကျွန်တော့်ကားပါ။ အဖေနဲ့အမေက ဈေးဝယ်သွားဖို့ ပုလဲကွန်ဒိုက ကမ္ဘာအေးဘုရားလမ်းအထွက် ဂိတ်ပေါက်မှာ လုယက်ခံရတာပါ၊ ဓားနဲ့ လှမ်းပက်လိုက်ပေမယ့် အဖေက ရှောင်လိုက်နိုင်တော့ မထိခဲ့ပါဘူး”ဟု အဆိုပါ အမည်မဖော်လိုသူ အဆိုတော်က ပြောသည်။

အသက် ၆၂ နှစ်ရွယ်ရှိ အဆိုတော်၏ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့က ပုလဲကွန်ဒို ဂိတ်ပေါက်မှတစ်ဆင့် ကမ္ဘာအေးလမ်းမပေါ်သို့ထွက်ရန် ယာဉ်ကြောရှင်းချိန်စောင့်ဆိုင်းနေစဉ်အတွင်း လူငယ်တစ်ဦး ကားဘေး သို့ရောက်ရှိပြီး ဓားထောက် လုယက်ခဲ့ခြင်းဖြစ်သည်။

“ကောင်လေးက ဂျစ်ကန်ကန်ပုံစံနဲ့ဗျ။ အစကတော့ ဓားနဲ့ထောက်ထားတာကို တွေ့ပေမယ့်။ မိတ်ဆွေ အချင်းချင်း စနောက်နေတယ်ထင်တာ။ နောက်မှ ကားပေါ်က အမျိုးသားကြီးဆင်းလာတာကို တွေ့ပြီး လူငယ်က ဓါးနဲ့လှမ်းပက်တယ်။ အမျိုးသားကြီးက နောက်ဆုတ်လိုက်လို့ မထိမိဘူး၊ နောက် ဒီနားက လူ တွေ ပြေးဆင်းလာတော့။ ကားပေါ်တက်ပြီး မောင်းပြေးသွားတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါလုယူခံရသည့် ကားသည် နစ်ဆန်း Cedric အမျိုးအစားဖြစ်ပြီး လုယူထွက်ပြေးသွားရာတွင် ရန် ကင်းစင်တာအနီး၌ ယာဉ်တိုက်မှု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အနီးနားရှိ ပြည်သူများနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကားလုယူထွက် ပြေးခဲ့သူကို ၀ိုင်းဝန်း ဖမ်းဆီးရမိခဲ့သည်။

“ကျွန်တော့်ကားကတော့ ရှေ့ရော၊ နောက်ပါ ပျက်စီးသွားတယ်။ လုယက်သူကိုလည်း ရဲစခန်းမှာ အမှု ဖွင့်ပြီးပါပြီ”ဟု အထက်ပါအဆိုတော်က ဆိုသည်။

ကားလုယက်မှု ကျူးလွန်သူသည် မောင်ဇော်ဆက်လွင် ၂၃ နှစ်ဆိုသူဖြစ်သည်ဟုလည်း ဗဟန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

ယင်းအမှုကို (ပ)၄၈၂/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီ လုယက်သူကို ပုဒ်မ ၃၈၆ ဖြင့် အရေးယူနိုင်ရန် စစ်ဆေး နေသည်ဟု အဆိုပါအရာရှိက ပြောသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

No comments:

Post a Comment