CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 24, 2013
အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် များကို တပ်မတော်က ကန့်ကွက်မည်မဟုတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၏ တွေ့ရှိချက်များကို အခြေခံပြီး ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်က ကန့်ကွက်မည် မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဝေလင်းက ပြောကြားသည်။
"ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး၊ ညီလိုအစ်ကိုလိုပဲ အမျိုးသားရေး တာဝန် ထမ်းဆောင်နေတဲ့ အတွက် ဘာမှ စိတ်မပူပါနဲ့လို့၊ အကုန်လုံးနဲ့ လိုက်လျောညီထွေ ရှိမှာပါ" ဟု ၄င်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များနှင့် ပြည်သူလူထုအနေနှင့် တပ်မတော်ကို မစိုးရိမ်ကြရန်လည်း ၄င်းကထပ်လောင်း ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် အတွက် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးစောလှထွန်းက ဆိုထားသည်။
တပ်မတော်က တွေ့ရှိထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ပြင်ဆင်ရမည် ဖြစ်သော အချက် ၁၅ ချက်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်က မကန့်ကွက်ဘူး ဆိုတာ နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ဆိုသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ရယူသည့် ဟောပြောပွဲ များတွင် အခြေခံ ဥပဒေပြင်ဆင်ရန် အတွက် နိုင်ငံနှင့် လူမျိုးအတွက် စွန့်စားရဲသော တပ်မတော်သား တစ်ဦး လိုအပ်ကြောင်း ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော် ခေါင်းဆောင်များ၊ အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့် တွေ့ဆုံလိုကြောင်း သက်ဆိုင်ရာ ခေါင်းဆောင်များ ထံသို့ နိုဝင်ဘာလ ၂၃ ရက်နေ့က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီသို့ နိုင်ငံရေး ပါတီများနှင့် အသင်းအဖွဲ့ အသီးသီးက ပေးပို့ထားသော အကြံပြုစာ ၁၅၀၀ ကျော် ကို ကဏ္ဍအလိုက် စာရင်းပြုစုကာ ဇန်နရီလ ၇ ရက်နေ့တွင် လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များ စတင်တော့မည် ဖြစ်ကြောင်း အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။
ကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ လကုန်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြု တင်ပြသွားရန် ပြည်ထောင်စုလွှတ်တော်က ကြေညာထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီကို စက်တင်ဘာလ အတွင်းတွင် ပြည်ထောင်စု လွှတ်တော် က နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျ ထည့်သွင်းကာ အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် များကို တပ်မတော်က ကန့်ကွက်မည်မဟုတ်
Reviewed by VC
on
December 24, 2013
Rating: 5
Reviewed by VC
on
December 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment