Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 30, 2013

နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အီဂျစ် မွတ်ဆလင် ညီနောင်များကို အကြမ်းဖက် အဖွဲ့အဖြစ် လူ့အခွင့်အရေးအဖွဲ့ သတ်မှတ်


ကိုင်ရို၊ ဒီဇင်ဘာ၂၉

မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်းကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အီဂျစ်အစိုးရက ကြေညာလိုက်ခြင်းသည် နိုင်ငံရေးအရ လွှမ်းမိုးမှုများ ရှိနေသည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့်အဖွဲ့ Human Rights Watch (HRW) က ပြောဆို ထုတ်ပြန်လိုက်သည်။

အီဂျစ်အစိုးရသည် မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း၏ ငြိမ်းချမ်းသော လှုပ်ရှားမှုများကိုပါ ကန့်သတ် လိုသောကြောင့် ယင်းသို့ သတ်မှတ်လိုက်သည်ဟု ယူဆရကြောင်း ယင်းအစီရင်ခံစာက ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ မန်ဆိုရာမြို့တွင် ရဲဌာနချုပ် တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ရာ လူ ၁၃၀ ကျော် ဒဏ်ရာရရှိ သွားခဲ့ပြီးနောက် မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်းကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အီဂျစ်အစိုးရက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို အမြန်ပြန်လည် ရုပ်သိမ်းပါရန်လည်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့်အဖွဲ့က တိုက်တွန်း ထားသေးသည်။
“အီဂျစ်အစိုးရဟာ ဒီပေါက်ကွဲမှုအတွက် မွတ်ဆလင် ညီနောင်များကို စွပ်စွဲခဲ့ရာမှာ စုံစမ်းစစ်ဆေးမှု သက်သေ အထောက်အထား တင်ပြမှုတို့ မလုပ်ခဲ့ဘူး” ဟု ယင်းအဖွဲ့၏ အစီရင်ခံစာက ဖော်ပြထားသည်။

မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်းက ယင်းပေါက်ကွဲမှု ကျူးလွန်သူများကို ရှုတ်ချသည့် ကြေညာချက်တစ်ရပ် ထုတ်ခဲ့ကြောင်း၊ ဆိုင်နိုင်းကျွန်းဆွယ် အခြေစိုက် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ယင်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ကြောင်း အင်တာနက်တွင် ကြေညာချက် ထုတ်ခဲ့ကြောင်း HRW အဖွဲ့အစည်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မွတ်ဆလင် ညီနောင်များနှင့် ဆက်စပ်သော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ထောင်ကျော်၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ အဖွဲ့ခေါင်းဆောင် ၁၃၀ ခန့်ကို ဖမ်းဆီးထားခြင်း စသည်တို့ကို အီဂျစ် အစိုးရက ပြုလုပ်ထားသည်ဟု သတင်းများက ဆိုသည်။

ထို့ပြင် မွတ်ဆလင် ညီနောင်များ အင်အားစု၏ နိုင်ငံရေးပါတီ လွတ်လပ်မှုနှင့် တရားမျှတမှုပါတီက ထုတ်ဝေသည့် သတင်းစာကိုလည်း ပိတ်လိုက်သည်ဟု ဖော်ပြထားသေးသည်။

အီဂျစ်နိုင်ငံတွင် သမ္မတဟိုစနီ မူဘာရက် အာရပ်နွေဦး လူထုလှုပ်ရှားမှု များကြောင့် ပြုတ်ကျသွားခဲ့ပြီး နောက်ပိုင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြင့် မွတ်ဆလင် ညီနောင်များ၏ မိုဟာမက်မော်စီက အာဏာရလာခဲ့ကာ အုပ်ချုပ်ရေး နိုင်ငံရေးတွင် အစ္စလာမ္မစ် စံနှုန်းများ ထည့်သွင်းလာသဖြင့် ဧရာမ ဆန္ဒပြပွဲကြီးများဖြင့် ကန့်ကွက်ခံရသည်။ နောက်ဆုံးတွင် စစ်တပ်က မော်စီကို သမ္မတ ဖြုတ်ချကာ ကြားဖြတ် အစိုးရတစ်ရပ် တင်ထားသည်။

No comments:

Post a Comment