Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

မရီးဖြစ်သူအား အရှင်လတ်လတ် ရိုက်နှက်၊ မီးရှို့၊ လူသတ်ခဲ့သည့် ဖြစ်စဉ်အား ဇန်န၀ါရီ ၆ ရက်တွင် စတင်စစ်ဆေးမည်


အရှင်လတ်လတ် ရိုက်နှက်၊ မီးရှို့၊ လူသတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်၍ တရားလိုနှင့် တရားလိုပြ သက်သေများအား ဟင်္သာတခရိုင် တရားရုံး၌ ဇန်န၀ါရီ ၆ ရက်တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဟင်္သာတခရိုင် တရားရုံး၌ ဒီဇင်ဘာ ၂၇ ရက် ပထမဦးဆုံး ရုံးချိန်းတွင် နိုင်ငံတော် စရိတ်ဖြင့် လိုက်ပါဆောင်ရွက်မည့် ရှေ့နေက ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ပြီးနောက် ခရိုင်တရားသူကြီး ဒေါ်မြင့်မြင့်စိန်က တရားလိုနှင့် တရားလိုပြ သက်သေများအား စတင်စစ်ဆေးမည့်ရက်ကို ယင်းကဲ့သို့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

အမှုဖြစ်စဉ် အကျဉ်းမှာ ''နိုဝင်ဘာ ၁၈ ရက် ည ၁၂ နာရီက အင်္ဂပူမြို့နယ် လိပ်ကန်ကြီး ရွာဟောင်းတွင် နေထိုင်သည့် မရီးဖြစ်သူ မသူဇာဝင်း (အသက် ၂၈)နှစ်က တရားခံ ဖိုးကျော်(ခ) ကျော်လင်းထိုက် (အသက် ၃၈) နှစ်အား ကောက်ရိတ်ခ တောင်းရမ်းခိုင်းရာ မရရှိခဲ့ကြောင်း၊ တရားခံက မိမိအား ညာတောင်းခိုင်းသည် ဟုဆိုကာ စိတ်ဆိုးပြီး တစ်အိမ်တည်းနေသူ မရီးဖြစ်သူအား တုတ်ဖြင့် ကျောကုန်းနှင့် ခြေထောက်တို့အား ရိုက်၍ အိမ်ပေါ်မှ နှင်ချခဲ့ကြောင်း၊ ထို့နောက် မရီးဖြစ်သူက နေအိမ်အနီး ချုံပုတ်ထဲတွင် ပုန်းအောင်းနေခဲ့ရာ ချုံပုတ်ထဲမှ ဆွဲထုတ်ပြီး မတ်တတ် ရပ်ခိုင်းခဲ့ကြောင်း၊ မရီးဖြစ်သူမှာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် မတ်တတ် မရပ်နိုင်သဖြင့် မရပ်နိုင်လျှင် မီးပုံရှို့မည်ပြော၍ ကောက်ရိုးတစ်ပွေ့နှင့် ထန်းလက်တို့ကို ယူလာပြီး မရီးဖြစ်သူ၏ ကိုယ်ပေါ်တင်ကာ မီးပုံရှို့ခဲ့သော အမှုဖြစ်ကြောင်း၊ အဆိုပါ ကျုးလွန်ခဲ့မှု ဖြစ်စဉ်အား တရားခံက အင်္ဂပူမြို့နယ် တရားသူကြီးထံတွင် ကြိုတင်ဖြောင့်ချက် ပေးထားပြီး ဖြစ်ကြောင်း'' ယင်းအမှုတွင် နိုင်ငံတော် စရိတ်ဖြင့် လိုက်ပါဆောင်ရွက်မည့် ဒေါ်ဧရာလင်းထွန်း (အထက်တန်းရှေ့နေ)၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမှုသည် ကျောင်းကွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ တရားလိုပြုလုပ် တိုင်ကြားမှုအား အင်္ဂပူမြို့နယ် မဲဇလီကုန်း ရဲစခန်းက (ပ)၄၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဟင်္သာတခရိုင် တရားရုံးသို့ တရားစွဲ တင်ခဲ့သော အမှုဖြစ်ကာ ရုံးတော်က ရာကြီး ၆၃/ ၂၀၁၃ ဖြင့် လက်ခံထားသော အမှုဖြစ်သည်။

Credit To: Eleven Media Group

No comments:

Post a Comment