Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 13, 2013

ယာဉ်တိုက်မှုကြောင့် ခြေထောက် ဖြတ်ရသည့် ခရီးသည်ကို ယာဉ်မောင်းအဖြစ် ရဲကမှားယွင်း အမှုဖွင့်

လားရှိုး၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုကြောင့် ပေါင်ဖြတ်လိုက်ရသည့် ခရီးသည် တစ်ဦးကို ယာဉ်မောင်းအဖြစ် မှားယွင်းကာ ဒီဇင်ဘာလ ၁၂ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးတွင် ယာဉ်ထိန်းရဲက တရားစွဲလိုက်ကြောင်း အဆိုပါ တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုကို လားရှိုးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့ပြီးနောက် တရားခံ မှားယွင်း တရားစွဲဆို ခံရကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ခရီးသည် ဦးအိုက်စံကို အမှုမှလွှတ် ကြောင်း အမိန့် ချမှတ်လိုက်သည်ဟု လားရှိုးမြို့နယ် တရားရုံးမှ တရားသူကြီးက ဆိုသည်။

လားရှိုးမြို့ ရပ်ကွက် (၅) တွင် စက်တင်ဘာလ ၃၀ ရက်နေ့က ထင်းများ တင်ဆောင်လာသည့် ထော်လာဂျီ အရှိန်လွန်ကာ လမ်းဘေးတွင် ရပ်ထားသည့် ခြောက်ဘီးယာဉ်ကို တိုက်ခဲ့သည့် ဖြစ်စဉ်တွင် ထင်းထမ်း လုပ်သားအဖြစ် လိုက်ခဲ့သည့် ဦးအိုက်စံကို ယာဉ်မောင်းနှင့် မှားယွင်းကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာခံ မျိုးမင်းသိန်းက ပြောဆိုသည်။

ဦးအိုက်စံမှာ ယာဉ်၏ ရှေ့ခန်းတွင် ခြေထောက်ကို ထိုင်ခုံဖြင့် ညပ်ကာ ဒဏ်ရာများနှင့် တွေ့ရသဖြင့် ယာဉ်မောင်းအဖြစ် အမှုဖွင့် အရေးယူရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ကားရှေ့ခန်းမှာလည်း တွေ့တယ်။ သူက ပလောင်တိုင်းရင်းသား ဗမာစကားလည်း လုံးဝမတတ်တော့ သူ့ကိုပဲ ယာဉ်မောင်းထင်လို့ မှားပြီး အမှုဖွင့်မိတာပါ” ဟု ရဲအရာခံ မျိုးမင်းသိန်းက ဆိုသည်။

ဦးအိုက်စံကို ယာဉ်မောင်းအဖြစ် မှားယွင်းကာ အမှုဖွင့်မိသည်ဟု မြို့နယ်ဥပဒေရုံးကို သေသေချာချာ တင်ပြခဲ့သော်လည်း တရားရုံးက နှစ်ဦးစလုံးကို တရားစွဲရမည်ဟု အကြံပြုသဖြင့် တရားစွဲဆိုခံရသူ နှစ်ဦး ဖြစ်သွားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ အမှုစစ်အရာရှိက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ထော်လာဂျီ ယာဉ်မောင်းမှာ ဦးအိုက်စံ မဟုတ်ကြောင်း အဆိုပါ ထော်လာဂျီကို မောင်းခဲ့သည့် ယာဉ်မောင်းလျန်းပန်က ဆိုသည်။

(နေမျိုးနွယ်)
The Voice Weekly

No comments:

Post a Comment