CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 28, 2013
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ မလေးရှားမှ သီတဂူ အစီအစဉ်ဖြင့် ပြန်လာသူ လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံး
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)ရှိ အဆောင်ဟောင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးက ပြောကြားသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်က လူနာကိုအောင်ဇော်မျိုး အသက် ၂၆ နှစ်သည် ဆေးကုသမှုခံယူပြီး သုံးလွှာသို့ လူနာတင်လှည်းဖြင့် ဓာတ်လှေကားဖြင့် တက်ရောက်စဉ် နှစ်လွှာနှင့် သုံးလွှာကြား၌ ဓာတ်လှေကား ဖရိန်ဖြင့် ကန့်လန့်ညပ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သောင်းက ''လူနာက သုံးလွှာမှာ ကုသနေတဲ့လူနာပါ။ အောက်ထပ်မှာ ဆေးကုသမှုခံယူပြီး တက်လာတာ။ နှစ်လွှာမှာ ထော်လီ ထုတ်တဲ့အချိန် ဓာတ်လှေကားက ရုတ်တရက် အပေါ်ကို တက်သွားတယ်။ အဲ့ဒီမှာ အပေါ်ကဖရိန်နဲ့ သူ့ခါး ကန့်လန့်ကြီး ညပ်သွားတာ။ ဆွဲထုတ်အပြီးမှာ အောက်ဆီဂျင်တွေပေးပြီး ကုသသေးတယ်။ ဒါပေမဲ့ သူက ဆုံးသွားပါပြီ။ ခုလက်ရှိ သူ့ကိုဆေးရုံကပဲ တာဝန်ယူ သင်္ဂြိုဟ်ပေးမှာပါ'' ဟု ဆိုသည်။
ဆေးရုံအောက်ထပ်တွင် အပေါက်စောင့်သည့် ၀န်ထမ်းတစ်ဦးက ''၀ုန်းဆိုပြီး အသံကြားလိုက်လို့ ဘာဖြစ်တာလဲဆိုပြီး တက်ကြည့်တော့ ဓာတ်လှေကားနဲ့ လူနာက ကန့်လန့်ကြီး ညပ်နေတာ။ မကြည့်ရဲတော့တာနဲ့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဓာတ်လှေကားက အပေါ်ကနေ အောက်ကိုပြုတ်ကျတာ မဟုတ်ဘဲ အောက်ကနေအပေါ်ကို တက်သွားတာ။ တော်တော်ထူးဆန်းတယ်'' ဟု ပြောကြားသည်။
ယင်းကဲ့သို့ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အဆိုပါ ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ''အခုဖြစ်သွားတဲ့ ဖြစ်စဉ်က ဓာတ်လှေကား အပြင်တံခါးက ပိတ်ပြီး အတွင်းတံခါးက မပိတ်ဘဲ အပေါ်ကို တက်သွားတဲ့အခါ လူနာက ဖရိန်နဲ့ ကန့်လန့်ကြီး ညပ်သွားတာပါ။ အခုဓာတ်လှေကားတိုင်းက တံခါးအစုံမပိတ်ဘဲ လုံးဝမတက်ပါဘူး။ ဓာတ်လှေကားကိုလည်း အင်ဂျင်နီယာ အဖွဲ့က တစ်လတစ်ခါ စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုးဖြစ်တယ် ဆိုတာကိုတော့ အသေအချာ မပြောတတ် သေးပါဘူး။ အတော်ထူးဆန်းပါတယ်'' ဟု ဓာတ်လှေကားအား တာဝန်ယူ စစ်ဆေးပေးနေသည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။
ယင်းဓာတ်လှေကားမှာ ဆေးရုံစဆောက်သည့် ၁၉၈၄ ခုနှစ်ကတည်းက တပ်ဆင်ထားပြီး ဓာတ်လှေကား အမျိုးအစားမှာ ဂျပန်လုပ် ''အော့တစ်'' အမျိုးစား ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
သေဆုံးခဲ့သည့်လူနာ ကိုအောင်ဇော်မျိုးမှာ ယင်းဆေးရုံတွင် နိုဝင်ဘာလကတည်းက တက်ရောက် နေသူဖြစ်ကာ ရန်ကုန်ဆေးရုံကြီးတွင် နှလုံးအဆို့ရှင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ကြောင်းနှင့် ၎င်းမှာမလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေရာမှ သီတဂူ အထောက်ကူပြု အဖွဲ့၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိ လာခဲ့သည့် မလေးရှားရောက် မြန်မာအလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။
(လူနာညပ်၍ သေဆုံးခဲ့သည့် ဓာတ်လှေကား ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))
EMG
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ မလေးရှားမှ သီတဂူ အစီအစဉ်ဖြင့် ပြန်လာသူ လူနာတစ်ဦး ဓာတ်လှေကားညပ် သေဆုံး
Reviewed by VC
on
December 28, 2013
Rating: 5
Reviewed by VC
on
December 28, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment