ဂျပန်နိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့စဉ်က အပျက်အစီးများ စုပုံမျောပါလာ သည့် အမှိုက်ကျွန်းကြီးတစ်ခုသည် ယခုအခါ အမေရိကန် ပြည်ထောင်စုဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း သိရှိရသည်။ အမှိုက်အစအနများ ကျယ်ပြန့်စွာ စုပေါင်းထားသည့် ရေပေါ်အမှိုက်ပုံကြီးကို ဆက်စပ်စုစည်းလိုက်မည် ဆိုပါက တက္ကဆက်ပြည်နယ် အရွယ်အစားမျှ ရှိနိုင်ကြောင်းလည်း ပညာရှင်များက ဆိုသည်။
လတ်တလောတွင် တန်ချိန်တစ်သန်းမျှ ရှိနိုင်သည့် အမှိုက်ထုကြီးသည် ဟာဝိုင်အီကျွန်းစု အရှေ့မြောက်ဘက် ရေပေါ်တွင် ရွေ့လျားနေဆဲဟု သိရှိရသည်။ (၂၀၁၁)ခုနှစ်က ဖြစ်ပျက်သည့် သဘာဝ ဘေးဆိုးကြီးနောက်ပိုင်း ဂျပန်နိုင်ငံမှ စတင်မျောပါလာသည့် အမှိုက်များသည် (၂၀၁၃) ခုနှစ်၊ ဧပြီလက အမေရိကန် ကမ်းခြေသို့ စတင်ရောက်ရှိခဲ့သည်။
လက်ရှိအချိန်ထိ ငါးဖမ်းလှေတစ်စင်း၊ ဆိပ်ခံဘောတံတားတစ်ခု၊ ဘောလုံးတစ်လုံးနှင့် မော်တော်ဆိုင်ကယ် တစ်စင်းတို့သည် ဂျပန်နိုင်ငံမှ ခရီးစတင်ကာ အမေရိကန် အနောက်ဘက် ကမ်းခြေဒေသတွင် လာရောက်တင်ကျန်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်။
ပင်လယ်ထဲတွင်မူ လှေသင်္ဘောများ၊ အိမ်ပျက်များ အပါအဝင် အမှိုက်သရိုက် အမြောက်အမြား စုပုံနေသည့် အမှိုက်သရိုက်ကျွန်းစုကြီး ဆက်ရှိနေဆဲဖြစ်သည်။ အချို့သော ပေါ့ပါးသည့် အမှိုက်စ အချို့သည် ဂဃနဏ မှတ်တမ်းမတင်နိုင်မီ (၂၀၁၁)ခုနှစ် ကတည်းက အမေရိကန် ကမ်းလွန်သို့ စတင်ရောက်ရှိခဲ့ပြီဟု ယုံကြည်ရသည်။ ဧပြီလက ပေ(၂၀)မျှ အရှည်ရှိသောလှေတစ်စင်းသည် ဂျပန်မှတစ်ဆင့် မျောပါရင်း ကယ်လီဖိုးနီးယားရှိ ခရက်ဆန့်စီးတီးသို့ ရောက်ရှိလာခဲ့သည်။ ဂျပန်နိုင်ငံတွင် လှုပ်ရှားခဲ့သည့် ငလျင်ကြီးကြောင့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုမျောပါနေသည့် အမှိုက်အစအနများတွင် မည်သည့် ရေဒီယို သတ္တိကြွမှုမျိုးမျှ ရှိမနေဟုလည်း သိရှိရသည်။
Planet News

No comments:
Post a Comment