Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

လက်ပန်တောင်းမှာ လယ်သမားတွေဘက်က ခေါင်းဆောင်များကိုဖမ်းဆီးရန်နှင့် တန်ပြန်ဆန္ဒပြပွဲများ ဖန်တီးရန် ဗိုလ်မှူးကြီး ကြည်နိုင် မှ ဦးစီးညွှန်ကြားနေခြင်း



မူရင်းနေ့သစ်
လက်ပန်တောင်းတောင်ဒေသ အခြေအနေ (၉-၄-၂၀၁၃)

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးဆန္ဒပြပွဲကို နေ့လည် (၂) နာရီမှ ညနေ (၄) နာရီအထိ ဒေသခံလယ်သမားများ ကျင်းပခဲ့ကြသည်။

တုံရွာရှေ့မှစတင်ချီတက်ခဲ့ပြီး ညောင်ပင်ကြီးဆိပ်ကမ်းထိ ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး၊ တိုင်းပြည်ကိုလက်ညှိုး ထိုးရောင်းစားနေသော ဦးပိုင်ကုမ္ပဏီအလိုမရှိ၊ ကျွန်ဇာတ်သွင်းနေသော မြန်မာဝမ်ဘောင်ကုမ္ပဏီ ချက်ချင်းထွက် စသည့်ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။ ဆန္ဒပြမှုအား တုံအလယ်တော ရွာမှ ဦးဆောင်ခဲ့ပြီး အင်အား (၅၀၀) ပါဝင်ခဲ့သည်။

အာဏာပိုင်များအနေဖြင့်လည်း တန်ပြန်ဆန္ဒပြပွဲများ ဖြစ်ပေါ်လာရေးကို စီစဉ်နေပါသည်။

မနေ့က နေ့လည် (၁၁) နာရီခန့်က ဆည်တည်းရွာသစ်ရှိ ကိုဇော်မင်းထွန်းနေအိမ်၌ စည်းဝေးတာဝန်ပေးမှုများ ပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးတွင် ဖောင်းကတာကျေးရွာနေ ရဲသတင်းပေး၊ အမှုပွဲစားလုပ်သူ ကိုမြင့်နိုင်မှ ဒီသေတွင်ရှိနေ သော လယ်သမားအရေးဆောင်ရွက်နေသူ ခေါင်းဆောင်ကို ဖမ်းဆီးပေးမည်ဟု တင်ပြခဲ့သည်။ ထိုတင်ပြချက်အား စစ်ကိုင်းတိုင်းဒေသ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်မှ တဦးထဲကိုဖမ်းလျှင် မထိရောက်နိုင် ကြောင်းသူ့ကိုဖမ်းမိလျှင် ကျန်သူများက စီမံကိန်းကို ဆက်လက်ကန့်ကွက်နေမှာပင်ဖြစ်ကြောင်း လယ်သမားများနှင့် အတူရှိနေသော ကွန်ယက်အင်အားကို ထိန်းချုပ်ဖြိုခွဲမှ ငြိမ်မှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။

တဆက်တည်းမှာပင်၊ တန်ပြန်ဆန္ဒပြမှုတွေ များများလုပ်ဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် တုံရွာသစ် မှ ကိုဇေယျ (ရဲသတင်းပေး)၊ ဦးပိုင်ကုမ္ပဏီကို လိုလားသူတချို့တို့ တက်ရောက်ခဲ့သည်။

ဒေသခံလယ်သမားများအနေဖြင့် အာဏာပိုင်မျာမှ ရွာသားအချင်းချင်းကို ရန်တိုက်သွေးခွဲမှာကို စိုးရိမ်နေကြပြီး၊ ကြေးနီ စီမံကိန်းလုံးဝဖျက်သိမ်းရေးတောင်းဆိုပွဲအား ပြည်သူများ အထင်မြင်လွဲရှုပ်ထွေးအောင် ယုတ်မာသောနည်းလမ်းများဖြင့် ပြုလုပ်နေမှုများကို ကာကွယ်ရန် အသိပေးစည်းရုံးမှုများကို ဆောင်ရွက်နေကြပါသည်။

ဒေသခံပြည်သူများအား အာဏာပိုင်များနှင့် ဦးပိုင်ကုမ္ပဏီဘက်မှ တဖက်သတ်ဖိနှိပ်နေမှုအား ပြန်လည်ကာကွယ်ပေးရန် လယ်သမားများနှင့်အတူ မည်သည့်ဥပဒေအကျိုးဆောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊ ဦးပိုင်ကုမ္ပဏီ၏ စီမံကိန်းနှင့်ပတ်သတ်၍ လွတ်လပ်သောစောင့်ကြည်အဖွဲ့များ လုံးဝမရှိပါ။

ဒေခံပြည်သူများအား ပုဒ်မ (၁၄၄) ထုတ်ထားပြီး၊ မြေလျှော်ကြေးမယူထားသည့်မြေယာများကို ကုမ္ပဏီမှ သိမ်းပိုက်ထား ပါသည်။ လက်ပန်တောင်းလယ်သမား၏ အခြေအနေမှာ စိတ်ဓာတ်ခွန်အားမှတပါး အခြားအားကိုးရာမရှိ ဖြစ်နေပါသည်။
စစ်ခရိုနီကုမ္ပဏီ၏ မတရားမှုများကို ရပ်တန့်သွားစေရန် ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် လက်ပန်တောင်းဒေသငြိမ်းချမ်းမှုကို ဖြစ်ပေါ်ပါစေ။

၉-၄-၂၀၁၃
လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ

No comments:

Post a Comment