Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း


(သန့်ဇင်ဦး)

ဟစ်ဟော့ပ် ဂီတလောကတွင် လူငယ် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိထားသူ တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံပြီး သူကျင်လည်ခဲ့သော Underground လောကအကြောင်း၊ ဒုတိယစီးရီး ဖြစ်သည့် ဂီတစာဆို လွှမ်းပိုင်အကြောင်း၊ ဒုံးပျံ ဗီစီဒီအကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ သီချင်းတွေဆိုဖို့ လွှမ်းပိုင် ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။

HP ။ ။ ကျွန်တော် သီချင်းတွေစဆို ဖြစ်တဲ့ အချိန်ကတော့ ဆယ်တန်း ဖြေပြီးတဲ့ အချိန်မှာပါ။

Voice ။ ။ အဲဒီ အချိန်ကတည်းက လွှမ်းပိုင်ကြိုက်တဲ့ ဂီတအမျိုးအစားက ဟစ်ဟော့ပ်ပဲလား။

HP ။ ။ ကျွန်တော် ပထမဆုံး စကြိုက်ခဲ့တဲ့ ဂီတအမျိုးအစားကတော့ ရော့ခ်ပေါ့။ ငယ်ငယ်တုန်းက ရော့ခ်တွေ ကြိုက်တယ်။ နိုင်ငံခြားက ဝင်လာတဲ့ MTV ခွေတွေကိုကြည့်ပြီး Boy Bands တွေကို ကြိုက်တယ်။ ဟစ်ဟော့ပ် ဂီတကိုတော့ Eminem တို့ခွေတွေကို နားထောင်ပြီး စိတ် ဝင်စားတဲ့အတွက် ကိုယ်လည်း လိုက်လုပ်ကြည့်တဲ့ အခါမှာ ပိုပြီးတော့ ရူးသွပ်သွားတာပေါ့။ စကြိုက်တာကတော့ Music ကို ပေါင်းစုံ ကြိုက်တယ်။ တကယ်လုပ်ဖြစ် သွားတာကတော့ ဟစ်ဟော့ပ်ပေါ့။

Voice ။ ။ ဟစ်ဟော့ပ်ဂီတကို ရွေးချယ်ပြီး လုပ်ဖြစ်တာက ကိုယ့်အသံနဲ့ ပိုလိုက်တယ် ထင်လို့လား။

HP ။ ။ ဟုတ်ပါတယ်။ ဟစ်ဟော့ပ် ဂီတက လုပ်ကြည့်တဲ့အခါ ကိုယ်နဲ့အံဝင်ခွင်ကျ ရှိတယ်။ ပိုပြီးတော့လည်း အဆင်ပြေတယ်ထင်လို့ လုပ်ဖြစ်တာပါ။

Voice ။ ။ လွှမ်းပိုင်ရဲ့သီချင်းတွေက Main Stream ပေါ်မရောက်ခင် Underground မှာ အရင်စပျံ့ခဲ့တာနော်။ Underground မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

HP ။ ။ Underground မှာ ကျင်လည်နေတုန်းက ကျွန်တော်ဒီလောကနဲ့ အရမ်း အလှမ်းဝေးပါတယ်။ ဒီလောကထဲက အဆိုတော်ကြီးတွေ၊ အဆိုတော် ပေါက်စတွေ တစ်ယောက်နဲ့မှ ကျွန်တော်မသိဘူး။ Underground ကလူတွေနဲ့လည်း ကျွန်တော်မသိဘူး။ ကိုယ်နဲ့သိတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ သီချင်းလေးတွေကို အပျော်လုပ်ကြတယ်။ ကျွန်တော်တို့ ခေတ်တုန်းက Sample သီချင်းခွေတွေ ဝေတာ အရမ်းခေတ်စားတယ်။ အဲဒီတုန်းက သူများတွေက သီချင်းခွေတွေ ဝေပြီဆို ၁၅၀၀၊ ၂၀၀၀ လောက်ဝေကြတယ်။ ကျွန်တော်တို့ကတော့ ခွေ ၁၅၀ လောက်ပဲ ဝေခဲ့တယ်။ အဲဒီ ကျွန်တော်တို့ဝေတဲ့ Sample ခွေ တစ်ခွေက မထင်မှတ်ဘဲ Rock Star အဖွဲ့ထဲကို ရောက်သွားတယ်။ အဲဒီခွေမှာက ကျွန်တော့် ဖုန်းနံပါတ် ရေးထားတဲ့အတွက် သူတို့က ကျွန်တော့်ကို ဆက်သွယ်လာတယ်။ အဲဒီကနေမှ ကျွန်တော် ဒီဂီတ လောကထဲကို ရောက်လာတာပါ။

Voice ။ ။ လွှမ်းပိုင်ကို ပရိသတ်တွေ စတင်သတိထားမိစေတဲ့ သီချင်းက ဘယ်သီချင်းဖြစ်မလဲ။

HP ။ ။ ပရိသတ် သတိထားမိတာထက် အဆိုတော်တွေ သတိထားမိတာက ကျွန်တော် Rap စာသားတွေ အမြန်ဆိုတယ်ပေါ့နော်။ အဲဒီမှာ ကိုရဲလေးက သူ့ရဲ့ တတိယကာရန် စီးရီးထဲမှာ ပါတဲ့ နှုတ်မဆက်ချင်ဘူး သီချင်းမှာ ကျွန်တော်နဲ့ ထက်ထက်ကို Featuring ဆိုခိုင်းတယ်။ အဲဒီသီချင်းကနေစပြီး ပရိသတ်တွေ သတိထားမိ လာကြတယ်လို့ ထင်ပါတယ်။

Voice ။ ။ Underground က လူငယ်တွေရဲ့ သီချင်းတွေကိုရော လွှမ်းပိုင် နားထောင်ဖြစ်လား။

HP ။ ။ ကျွန်တော်နားထောင် ဖြစ်ပါတယ်။ သူတို့ရဲ့သီချင်းတွေမှာ ကိုယ်ပိုင်ဟန်တွေ ရှိကြပါတယ်။ အောင်မြင်မှု ရဖို့ကတော့ အချိန်တစ်ခု စောင့်ရမှာပေါ့နော်။ တကယ် အရည်အချင်းရှိတယ် ဆိုရင်တော့ စင်ပေါ်ရောက်လာကြမှာပါ။

Voice ။ ။ Rap စာသားတွေကို အမြန်ဆိုတာက ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်တစ်ခု ဖြစ်အောင် လုပ်ယူခဲ့တာလား။

HP ။ ။ ကျွန်တော်က Rap စာသားတွေကို အမြန်ဆိုရတာ သဘောကျတယ်။ နိုင်ငံခြားမှာဆို Twister ကိုနားထောင်ကြည့်တဲ့အခါ သူ့ Rap စာသားတွေကို အမြန်ဆိုတာ မိုက်တယ်ပေါ့နော်။ အဲဒါနဲ့ ကျွန်တော်လည်း သဘောကျတာနဲ့ လိုက်လုပ်ကြည့်ခဲ့တာ။ ကျွန်တော်က အသစ်အဆန်း တစ်ခုလုပ်ရတာကို ပျော်တယ်။ သူများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်ကြိုက်တာ လုပ်နေရရင် ပျော်တယ်။

Voice ။ ။ လွှမ်းပိုင်က သီချင်းတွေလည်း ရေးတာဆိုတော့ ဘယ်အချိန်ကစပြီး သီချင်းတွေ ရေးဖြစ်လဲ။ သီချင်း အကြောင်းအရာပိုင်းကျတော့ ဘယ်လိုစဉ်းစားဖြစ်လဲ။

HP ။ ။ သီချင်းတွေကို ကျွန်တော် Underground မှာ ကျင်လည်နေတဲ့ အချိန်ကတည်းက စပြီးရေးဖြစ်တယ်။ ပထမဆုံး စရေးဖြစ်တဲ့ သီချင်းက ‘အနားနားဘေးမှာ’ ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းကို ပရိသတ်တွေက ကြိုက်ကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာပြီး သီချင်းတွေ ဆက်ရေးဖြစ်တယ်။

Voice ။ ။ လွှမ်းပိုင်ရဲ့သီချင်းပုံစံက ကိုရီးယား ဟစ်ဟော့ပ်ဘက်ကို နည်းနည်း နွယ်တယ်နော်။ အဲဒါကျတော့ ကိုယ်ကိုယ်တိုင်က ကြိုက်လို့ ဒီလိုသီချင်းပုံစံမျိုးတွေ ဖန်တီးဖြစ်တာလား။

HP ။ ။ ကိုရီးယား ဟစ်ဟော့ပ်တွေက အခုဆို ကမ္ဘာ့အဆင့်ကို ရောက်နေပြီ။ သူတို့က ကမ္ဘာကျော် အဆိုတော် Nicki Menah လို လူမျိုးနဲ့တောင် ပွဲအတူတူ တက်နေကြပြီ။ ကျွန်တော်တို့ တစ်သက်မှာ မြင်ခွင့်မရသေးတဲ့ အဆိုတော်တွေနဲ့ အလုပ်တွေတွဲ လုပ်နေပြီ။ အဲဒါကြောင့် ဒီလူတွေက အရမ်းကို တော်တယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ရဲ့ ဖန်တီးမှုတွေက အာရှအဆင့် မဟုတ်တော့ဘူး၊ ကမ္ဘာအဆင့်ကို ရောက်နေပြီ။ အဲဒါကြောင့် သူတို့ရဲ့ Music တွေကို ကျွန်တော်ကြိုက်ပါတယ်။

Voice ။ ။ လွှမ်းပိုင်က ရန်ကုန်မှာ လုပ်တဲ့ ဟစ်ဟော့ပ် ရှိုးပွဲတိုင်းမှာ ပါနေတာဆိုတော့ တစ်ပွဲနဲ့တစ်ပွဲ တင်ဆက်မှုပိုင်း မတူအောင် ဘယ်လိုအားထုတ်ဖြစ်လဲ။

HP ။ ။ ကျွန်တော်လည်း အဲဒီအကြောင်းကို လတ်တလော စဉ်းစားဖြစ်နေတယ်။ တစ်လမှာ တစ်ပွဲပဲဆိုတယ် ဆိုရင်တောင် ဆိုရတဲ့ သီချင်းတွေကတော့ ဒီအပုဒ်တွေကိုပဲ ပရိသတ်တွေကို ကက်ဆက်ပြန်ဖွင့် ပြသလို ဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ Performance လုပ်ပြီး ကပြတာကလည်း အရမ်းရိုးနေပြီ။ အခုလာမယ့် သီတင်းကျွတ် လပြည့်နေ့ မျှော်စင်ကျွန်းမှာ လုပ်မယ့် ရှိုးပွဲမှာ စတေ့ခ်ျစင်ကို အရင်ပွဲတွေနဲ့ မတူအောင်လုပ်ဖို့ ကိုဘိုစန်းနဲ့ ကျွန်တော် တိုင်ပင်ထားတယ်။

Voice ။ ။ လွှမ်းပိုင်ရဲ့ ဒုတိယစီးရီးဖြစ်တဲ့ ‘ဂီတစာဆိုလွှမ်းပိုင်’ အကြောင်းလည်း ပြောပါဦး။

HP ။ ။ ကျွန်တော့်ရဲ့ ဒုတိယစီးရီးမှာပါမယ့် သီချင်းတွေက ဒုံးပျံ စီးရီးထဲက သီချင်းတွေနဲ့ သိပ်ပုံစံမတူဘူး။ ဒုံးပျံ စီးရီးထဲမှာက သီချင်းအမြူးတွေ များတယ်။ ဂီတစာဆိုလွှမ်းပိုင် စီးရီးမှာတော့ သီချင်းအမြူးတွေထက် သီချင်း အကြောင်းအရာပိုင်းကို ပိုပြီးဦးစားပေးထားပါတယ်။

Voice ။ ။ ဒုံးပျံ ဗီစီဒီထဲမှာ ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ သီချင်းတွေ ပါတယ်လေ။ သရုပ်ဆောင်ဘက်ကို ကူးဖို့ရော စိတ်ကူးရှိလား။
HP ။ ။ သရုပ်ဆောင်ဘက်ကို ကူးဖို့တော့ စိတ်ကူး မရှိပါဘူး။ ကျွန်တော် ဆုံးဖြတ်ထားတာကတော့ ကျွန်တော့် တစ်ကိုယ်တော်ခွေ ထွက်မယ်။ အဲဒီခွေကို ဒုံးပျံထက် အောင်မြင်အောင် လုပ်ချင်တယ်။

Voice ။ ။ ဒုံးပျံ ဗီစီဒီမှာ သီချင်းနှစ်ပုဒ်ကို ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ထားတယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

HP ။ ။ ကျွန်တော်က သရုပ်ဆောင်ထက်စာရင် ဒါရိုက်တာ လုပ်ရတာ အရမ်း ဝါသနာပါတယ်။ ကျွန်တော် ရိုက်ထားတဲ့ သီချင်းနှစ်ပုဒ်ကို ကိုယ်တိုင်ပဲ တည်းဖြတ်တယ်။ သီချင်းတွေချည်း ဆိုနေရတာကြာတော့ နည်းနည်း ပျင်းလာတယ်။ အဲဒီတော့ ကိုယ်ဝါသနာ ပါတာလေးတွေကို ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ်ကြည့်တာပါ။ အဲဒီလို လုပ်ရတာလည်း ကျွန်တော်ပျော်တယ်။

Voice ။ ။ ဒီနှစ်ထဲမှာ မူးယစ်ဆေးဝါးကြောင့် အရေးယူခံရတဲ့ အနုပညာရှင်တွေ ရှိတယ်လေ။ လူငယ်အနုပညာရှင် တစ်ယောက်အနေနဲ့ မူးယစ်ဆေးဝါးအပေါ် အမြင်ကို ပြောပြပေးပါဦး။

HP ။ ။ မူးယစ်ဆေးဝါး ဆိုတာက စွဲစေတဲ့ အရာဆိုတော့ လူငယ်တွေအားလုံး မစမ်းသပ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

Voice ။ ။ လွှမ်းပိုင်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင် ပြောပေးပါဦး။

HP ။ ။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ ထက်ထက်ရဲ့ ဒုံးပျံ ဗီစီဒီကို အောက်တိုဘာလ ၁၃ ရက်နေ့ Junction Square မှာ စဖြန့်ပါမယ်။ အမှတ်တရ လက်မှတ် ထိုးပေးမယ်။ ကျွန်တော်တို့ အနုပညာ ညီအစ်ကို မောင်နှမတွေအားလုံး ဖျော်ဖြေမယ့် Free Show မှာ ပရိသတ်တွေ အားလုံးနဲ့ ပျော်ပျော်ပါးပါး ဆိုချင်ပါတယ်။ ဒီပွဲက ပုံရိပ်တွေကို နောက်ခွေမှာ အမှတ်တရအနေနဲ့ ထည့်လို့ရအောင် ရိုက်ကူးရေးလည်း လုပ်သွားပါမယ်။

No comments:

Post a Comment