Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

မြန်မာနိုင်ငံ၏ ပင်စင်သက်တမ်းအပေါ် ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပြီး နိုင်ငံ့အတွက် အကျိုးရှိမည် ဆိုပါက အသက် ၆၀ ထက် ပိုမိုတိုးမြှင့်သင့်ကြောင်း သုံးသပ်မှုများ ရှိလာ


မြန်မာနိုင်ငံ အနေဖြင့် ပင်စင်သက်တမ်းအပေါ် ပြန်လည်ဆန်းစစ်သင့်ပြီး နိုင်ငံအတွက် အကျိုးရှိမည် ဆိုပါက အသက် ၆၀ အထက်သို့ တိုးမြှင့်ပြဋ္ဌာန်းရန် ဆောင်ရွက်သင့်ကြောင်း နယ်ပယ်အသီးသီးမှ တောင်းဆိုမှုများနှင့် ပြည်သူများအကြား သုံးသပ်မှုများ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပင်စင်သက်တမ်းမှာ အသက် ၆၀ အထိ သတ်မှတ်ထားသော်လည်း လက်ရှိတွင် သက်ကြီးရွယ်အို အရေအတွက် တဖြည်းဖြည်း များပြားလာခြင်းများကြောင့်အသက် ၆၀ အထက်သို့ တိုးမြှင့်ပေးရန်နှင့် နိုင်ငံတကာနည်းတူ အသက် ၆၀ ကျော်သူများ အနေဖြင့် ပုံမှန်အတိုင်း အလုပ်လုပ်ခွင့် ဆက်လက်ရရှိရန် လိုအပ်လာကြောင်းလည်း ပြောဆိုထောက်ပြမှုများ ရှိလာသည်။

"ကျွန်တော်ဆိုရင် အစိုးဝန်ထမ်း လုပ်သက်အားလုံးပေါင်း နှစ် ၃၀ ကျော် ကြာခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကမှ ပင်စင်ရထားတယ်။ ဒါပေမဲ့ အလုပ်လုပ်နိုင် နေသေးတဲ့အတွက် အခု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က လုပ်နေတဲ့ စီမံချက်တစ်ခုမှာ ပြန်လည်တာဝန် ထမ်းဆောင်နေတယ်။ အခု ကျွန်တော့်အသက် ၆၃ နှစ် ဆိုပေမယ့် အခုချိန်ထိ အရင်လိုပဲ လုပ်နိုင်ကိုင်နိုင် သေးတယ်။ ကျွန်တော့်လို သက်တူရွယ်တူ အလုပ်တူ သူငယ်ချင်းတွေလည်း ပြန်လုပ်နေတာမျိုးတွေ အများကြီး ရှိပါတယ်။ ပင်စင်ရလို့သာ နားလိုက်တာ ကျွန်တော်တို့လိုပဲ အလုပ်လုပ်နိုင်တဲ့သူတွေ အများကြီး ရှိပါသေးတယ်။ တကယ်တော့ အသက် ၆၀ ဆိုတဲ့ အရွယ်က အလုပ်မလုပ်နိုင်တော့တဲ့အရွယ် မဟုတ်သေးပါဘူး။ ကျန်းမာရေးလည်း ကောင်းသေးတယ်၊ လုပ်နိုင်ကိုင်နိုင်သေးတယ် လုပ်ချင်ကိုင်ချင်စိတ် ရှိသေးတဲ့သူတွေလည်း အများကြီးပါ။ ဒီလိုလူတွေကို နိုင်ငံအနေနဲ့ ပြန်လည် အသုံးချတတ်ဖို့ လိုပါတယ်။ ပင်စင်ရသွားတဲ့ သူတွေဆိုပေမယ့် အပြင်ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့သူတွေ အများကြီးပါ။ ဒါက နောက်လူတွေကို နေရာမပေးချင်တဲ့ သဘောတော့ မဟုတ်ပါဘူး။ ပင်စင်သက်တမ်းကို အခြားနိုင်ငံနည်းတူ တိုးမြှင့်သင့်တယ်။ နိုင်ငံအနေနဲ့ တိုးမြှင့်ဖို့ အခက်အခဲတွေ ရှိတယ်ဆိုဦးတော့ ဒီလိုလူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်" ဟု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ၂၆ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်မျိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် လူဦးရေ ၆ သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အိုများလည်း များပြားလာကြောင်းနှင့် သန်းခေါင်စာရင်းများအရ လူ ၁၀ ဦးလျှင် တစ်ဦးနှုန်းမှာ အသက် ၆၀ နှစ်နှင့် အထက်များ ဖြစ်နေကြောင်း သိရသည်။

သို့ဖြစ်ရာ နိုင်ငံအနေဖြင့် လူ့သက်တမ်း တဖြည်းဖြည်း မြင့်လာမှုနှင့်အတူ သက်ကြီးပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်နှင့် လုပ်နိုင်ကိုင်နိုင်မှု လုပ်ငန်းခွင်တွင် အသုံးဝင်မှုများအပေါ် ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပြီ ဖြစ်သည်။ ထို့ပြင် နယ်ပယ်အသီးသီး၌ အသက် ၆၀ ကျော် ပင်စင်စားများ အနေဖြင့် နိုင်ငံအတွက် တာဝန်များကို စွမ်းဆောင်နိုင်သေးသည့် ကျန်းမာရေး အခြေအနေ ကောင်းမွန်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အင်အားအပြည့်အ၀ ရှိနေသူများစွာ တိုးမြင့်လာမှုကိုလည်း စဉ်းစားအသုံးချနိုင်ရန် လိုအပ်ကြောင်း သုံးသပ်မှုများအရ သိရသည်။

"လက်ရှိအချိန်မှာ အစိုးရ ၀န်ထမ်းတွေ အနေနဲ့ အသက် ၆၀ ပြည့်ရင် ပင်စင်ပေးတယ်။ လုပ်ငန်းခွင်ကနေ ရပ်နားခွင့် ပြုတယ်။ သို့သော် အစိုးရ ၀န်ကြီးဌာနတွေမှာ အရင်တုန်းက နာမည်ကြီးခဲ့တဲ့ ဆရာကြီး ဦးဘခင်တို့လို၊ ဆရာကြီး ဦးအုန်းတို့လို၊ ဆရာကြီးဦး ထွန်းလွင်တို့လို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိပြီး အသက် ၆၀ ကျော်သော်လည်း ဆက်လက်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတတ်ပါတယ်။ သူတို့တွေဆို အစိုးရ ဌာနတစ်ခုအတွက် စွမ်းဆောင်ရည် ထက်မြက်သလို ပြည်သူတွေအပေါ်လည်း သြဇာရှိတယ်။ သူတို့လို လူမျိုးတွေကို အသက် ၆၀ ပြည့်ပြီးသော်လည်း ဆက်လက်ခန့်ထားနိုင်ရင် ပြည်သူအတွက် အများကြီး အကျိုးရှိတယ်။ အစိုးရ ၀န်ကြီးဌာနအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပေါ်စေနိုင်တယ်။ အခုလို အသက် ၆၀ ပြည့်ရင် မည်သူမဆိုဖြစ်စေ တာဝန်က ရပ်နားရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးက အမိန့်ပေးစနစ် တစ်ခုလိုမျိုး ဖြစ်နေတယ်။ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်ရည်ကို ဒီကန့်သတ်ချက်နဲ့ မချုပ်ကိုင်သင့်ဘူး။ ဒီသတ်မှတ်ချက်ကြီးကို တရားဝင် ဥပဒေအရ ပြင်ဆင်နိုင်ဖို့ ကျွန်တော် လွှတ်တော်လုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံအနေဖြင့် လူ့သက်တမ်း တဖြည်းဖြည်း မြင့်လာမှုနှင့်အတူ သက်ကြီးပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်နှင့် လုပ်နိုင်ကိုင်နိုင်မှု လုပ်ငန်းခွင်တွင် အသုံးဝင်မှုများအပေါ် ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပြီ ဖြစ်သည်။ ထို့ပြင် နယ်ပယ်အသီးသီး၌ အသက် ၆၀ ကျော် ပင်စင်စားများ အနေဖြင့် နိုင်ငံအတွက် . . . . .

"ကျွန်တော်ဆိုလည်း အသက် ၆၇ နှစ် ရှိနေပြီ ဒါပေမဲ့ ဒုတိယ အယ်ဒီတာချုပ် အနေနဲ့ နေ့စဉ်ထုတ် သတင်းစာမှာ တစ်ပတ်ကိုတစ်ရက် ညပိုင်းတာဝန်တွေကို လုပ်ဆောင်နေပြီး အရင်ကလိုပဲ ကိုယ့်ရဲ့လုပ်ငန်း တာဝန်တွေကို လုပ်နိုင်တုန်းပါပဲ။ ကျွန်တော့်လိုပဲ တခြားသူတွေလည်း အသက် ၆၀ ကျော်မှာ လုပ်နိုင်နေကြတုန်းပါပဲ" ဟု Daily Eleven News သတင်းစာ၏ ဒုတိယ အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်သစ်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပင်စင်ရယူ ထားသူများ အနေဖြင့်လည်း ပင်စင်သက်တမ်းကို နှစ်နှစ်သုံးနှစ်ခန့် ပိုမိုတိုးမြှင့် သတ်မှတ်ပေးရန် လိုလားနေကြကြောင်း သိရသည်။

"အသက် ၆၀ နဲ့ ပင်စင်ယူရတာက ကြိုက်တဲ့သူရှိသလို မနှစ်သက်တဲ့ သူတွေလည်း ရှိမှာပဲ။ ခုဆို ပင်စင်ယူပြီးတဲ့ သူတွေကလည်း ပုဂ္ဂလိက အထက်တန်းကျောင်းတွေမှာ ၀င်လုပ်နေကြပြီး အဆင်ပြေတဲ့ သူတွေလည်း ရှိပါတယ်။ လစာလည်း ပိုကောင်းပြီး အတန်းစုံကိုလည်း သင်ရတယ်။ အသက် ၆၅ နောက်ပိုင်း ဆိုရင်တော့ သတိမေ့တာတွေ ရှိတဲ့အတွက် ၆၃ နှစ်လောက်ထိဆိုရင် ကောင်းပါတယ်။ လုပ်နိုင်တဲ့ သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ ပင်စင်သက်တမ်းကို တိုးပေးသင့်ပါတယ်" ဟု ဒေါ်စန်းနွဲ့ (အထက်တန်းကျောင်း ဆရာမ အငြိမ်းစား) က ရှင်းပြခဲ့သည်။

ဒေသတွင်း နိုင်ငံများတွင်လည်း လူ့သက်တမ်း ပိုမိုတိုးလာခြင်းနှင့်အတူ ပင်စင်သက်တမ်းကိုလည်း တိုးမြှင့်ပေးမှုများ ရှိနေကြသည်။ အာရှထိပ်သီး နိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံတွင်လည်း ပင်စင်သက်တမ်းကို ၆၅ နှစ်အဖြစ် သတ်မှတ်ပေးထားပြီး ဥရောပနိုင်ငံ အချို့တွင်လည်း ပင်စင်သက်တမ်းကို ပိုမိုတိုးမြှင့်ရန် စဉ်းစားနေကြကြောင်း သိရှိရသည်။

"ဆရာမတို့ဆို အမျိုးသား ပြတိုက်အပေါ်မှာ စိတ်လည်းဝင်စားတယ်။ ပင်စင်ယူဖို့ကို ၆၀ နဲ့ကန့်သတ်လိုက်လို့သာ ပင်စင်ယူရတာ။ ကိုယ်တိုင်ကလည်း ကျန်းမာသေးတော့ အလုပ်လုပ်ချင် ပါသေးတယ်။ အသက် ၆၀ နဲ့ သတ်မှတ်တာက ကာယလုပ်သားတွေကို သတ်မှတ်တာကိုတော့ လက်ခံပါတယ်။ သူတို့ကျတော့ ခန္ဓာကိုယ်ကို အသုံးချပြီး လုပ်ကတာဆိုတော့ တစ်ပိုင်းပေါ့။ ပညာရှင်တွေ အနေနဲ့ကျတော့ ဥာဏ်ရည်စွမ်းအားကို အသုံးချကတာဆိုတော့ အတွေ့အကြုံတွေကလည်း ပိုပြီးများလာမယ်။ ဥာဏ်ရည်စွမ်းအားကလည်း ပိုပြီးရင့်သန် လာမယ်ဆိုတော့ ပိုတောင်ထားသင့် ပါသေးတယ်။ ဂျပန်မှာဆို ပင်စင်သက်တမ်း ၆၅ နှစ် ထားပြီးတော့ ဂုဏ်ထူးဆောင်ဘွဲ့တောင် ထပ်ပေးသေးတယ်။ မြန်မာနိုင်ငံမှာလည်း ပင်စင်သက်တမ်းကို တိုးပေးသင့်တယ်လို့ ထင်ပါတယ်။ တိုးပေးရင်တော့ ကောင်းတာပေါ့" ဟု အမျိုးသားပြတိုက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဖြစ်သူ ဒေါ်နုမြဇံက ပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်ဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်သူ ဦးခင်မောင်ကလည်း "အသက် ၆၀ ပြည့်လို့သာ ပင်စင်ယူရတာ။ အသက် ၂၀ ကတည်းက တပ်ထဲဝင်ပြီး အလုပ်လုပ်ခဲ့တာဆိုတော့ နှစ် ၄၀ နီးပါးလောက်ကို အလုပ်လုပ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း လုပ်နိုင်ကိုင်နိုင် ပါသေးတယ်။ အတွေ့အကြုံတွေလည်း အများကြီး ရှိခဲ့တယ်။ ကိုယ့်အလုပ်ကိုလည်း ၀ါသနာ ပါတယ်ဆိုတော့ မစွန့်လွှတ်ချင်ဘူး။ ပင်စင်ယူပြီး ကတည်းက အိမ်မှာပဲ နေရတော့တာဆိုတော့ တစ်ခါတလေမှာ စိတ်အားငယ်မှုတွေတောင် ဖြစ်ပါတယ်။ ကျွန်တော့်အထင် ပြောရရင် လုပ်နိုင်တဲ့ သူတွေကို ၆၃ နှစ်လောက်ဖြစ်ဖြစ် ၆၅ နှစ်လောက်ဖြစ်ဖြစ် တိုးပြီးထပ်လုပ် ခိုင်းသင့်တယ်လို့ ထင်ပါတယ်။ အချို့ဆိုရင် ပင်စင်ယူပြီး ပေမယ့်လည်း အပြင်မှာ အလုပ်လုပ်နေတဲ့ သူတွေတောင် ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သက်တမ်းထပ်တိုးပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းမှာ ၂၀၁၁ ခုနှစ်တွင် ၆၂ ဒသမ ၁ နှစ်အထိ ရှိနေသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း Asia Development Bank (ADB) က ထုတ်ပြန်ခဲ့သည့် Myanmar in Transition အစီရင်ခံစာအရ သိရသည်။

ပြည်တွင်းတွင် သက်ကြီးရွယ်အို အရေအတွက် တဖြည်းဖြည်း များပြားလာသော်လည်း အခြားဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းမှာ အနိမ့်ဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င် ဖြစ်နေသေးကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

Myanmar in Transition တွင် ဖော်ပြထားချက်များအရ အရှေ့တောင်အာရှ နိုင်ငံများအနက် ပျမ်းမျှသက်တမ်း အမြင့်ဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ပျှမ်းမျှသက်တမ်း ၈၀ နှစ်ဖြစ်ကြောင်းနှင့် ပျှမ်းမျှသက်တမ်း အနိမ့်ဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီယားနှင့် အရှေ့တီမော နိုင်ငံများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ မှ ၅၉ နှစ်ကြား ရှိသူများအား Productive Age ဟု သတ်မှတ်ထားပြီး ယင်းအသက် အပိုင်းအခြားများသည် နိုင်ငံလူဦးရေ၏ ၅၅ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းတွင်ပါ သက်ကြီးရွယ်အို တိုးပွားလာမှု ပြဿနာကို ရင်ဆိုင်နေရပြီး အာရှဒေသများ အတွင်း၌လည်း အဆိုပါ အရေးမှာ ဆွေးနွေးဖွယ် ဖြစ်လာလျက်ရှိကာ ယခုအခါတွင် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာ နှစ်စဉ် ၂ ဒသမ ၀ ရာခိုင်နှုန်းမျှ တိုးတက်လျက် ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်မှာ လက်ရှိအချိန်တွင် စုစုပေါင်း လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိသားစု လူနေမှုပုံစံများ ပြောင်းလဲလာပြီဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။

"အသက် ၆၀ ဆိုတဲ့ မြန်မာပြည်က ပင်စာဟာ ဘယ်လိုအခြေအနေနဲ့မှ မသင့်တော်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သက်ကြီးရွယ်အို နှုန်းတွေက မြင့်မားလာနေတယ်။ ဒါပေမဲ့ မလုပ်နိုင်တော့ တာမဟုတ်ဘူး။ တတ်စွမ်းနိုင်သေးတယ်။ အဘဆို အခုအသက် ၉၅ နှစ်ရှိပြီး အလုပ်လုပ်နိုင်သေးတယ်။ အခုဆို စာရေးနေတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ မိသားစု စားစရိတ် အခြေအနေကို တွက်ကြည့်သင့်တယ်။ အစားအသောက်တွေက ဈေးနှုန်းပေါပေါနဲ့ ရနေတာ မဟုတ်ဘူး။ ဈေးမြင့်နေတာ။ အဲဒီမှာ မိသားစု သုံးယောက်မှာ နှစ်ယောက်လောက်က အလုပ်မလုပ်လို့ မရဘူး။ အဲဒီအတွက် ပင်စာကို နောက်ထပ်ငါးနှစ်လောက် ထပ်တိုးပေးဖို့ တောင်းဆိုပါတယ်" ဟု အာကစားနှင့် ကာယပညာသိပ္ပံမှ အငြိမ်းစားဝန်ထမ်း ဦးထင်အောင်က ပြောကြားသည်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ၏ ပျမ်းမျှလူ့သက်တမ်း (၂၀၀၅-၂၀၁၀)
စဉ် နိုင်ငံ မ ကျား
၁။ ဘရုနိုင်း ၈၀ နှစ် ၇၅ ဒသမ ၃ နှစ်
၂။ ကမ္ဘောဒီးယား ၆၂ ဒသမ ၆ နှစ် ၆၀ ဒသမ ၂ နှစ်
၃။ အင်ဒိုနီးရှား ၆၉ ဒသမ ၄ နှစ် ၆၆ ဒသမ ၃ နှစ်
၎။ လာအို ၆၇ ဒသမ ၃ နှစ် ၆၄ ဒသမ ၈ နှစ်
၅။ မလေးရှား ၇၅ ဒသမ ၇ နှစ် ၇၁ ဒသမ ၂ နှစ်
၆။ မြန်မာ ၆၅ နှစ် ၆၂ ဒသမ ၁ နှစ်
၇။ ဖိလစ်ပိုင် ၇၁ ဒသမ ၃ နှစ် ၆၄ ဒသမ ၅ နှစ်
၈။ စင်ကာပူ ၈၂ ဒသမ ၇ နှစ် ၇၈ ဒသမ ၅ နှစ်
၉။ ထိုင်း ၇၇ ဒသမ ၁ နှစ် ၇၀ ဒသမ ၂ နှစ်
၁၀။ အရှေ့တီမော ၆၁ ဒသမ ၇ နှစ် ၅၉ ဒသမ ၉ နှစ်
၁၁။ ဗီယက်နမ် ၇၆ ဒသမ ၂ နှစ် ၇၂ ဒသမ ၃ နှစ်

(Ref: Statistical Yearbook for Asia and the Pacific 2011)

ပင်စင်လစာ ထုတ်ယူရန် စောင့်ဆိုင်းနေကြသော ပင်စင်စား နိုင်ငံ့ဝန်ထမ်းဟောင်းများကို တွေ့ရစဉ်


Eleven Media Group

No comments:

Post a Comment