Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

နဖူးတွင် ဓားမြှောင်တစ်ဆုံး ထိုးသွင်းခံရသူ အမျိုးသမီး အသက်မသေ


ပုသိမ်၊ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြိ့နယ် ပြင်ခရိုင်မြို့နယ်ခွဲ သက္ကယ်သောင် ကျေးရွာတွင် အောက်တိုဘာလ ၂၄ ရက်နေ့ က အမျိုးသမီးတစ်ဦး ခြောက်လက်မ အရှည်ရှိသော ဓားမြှောင်ဖြင့် ဘယ်ဘက် နဖူးအတွင်းတစ်ဆုံး ထိုးသွင်းခံခဲ့ရသော်လည်း အသက်သေဆုံးမှု မရှိကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်က သက္ကယ်သောင် ကျေးရွာတွင် နေထိုင်သူ အသက် ၃၈ နှစ် အရွယ် ဒေါ်မေစုသည် ၎င်း၏ ယောင်းမ ဖြစ်သူ ဒေါ်ဒါးဂျလူး၏ နေအိမ်တွင် အတူရှိစဉ် ဒေါ်ဒါးဂျလူး၏ အလုပ်သမား ဦးသန့်ဇင် ရောက်ရှိလာခဲ့ပြီး ကြိုတင်ငွေလစာ ထုတ်ပေးရန် တောင်းဆိုရာမှ စကားများ ရန်ဖြစ်ရာ ဦးသန့်ဇင်က ဒေါ်ဒါးဂျလူးကို လက်သီးဖြင့် ထိုးကြိတ်နေ သောကြောင့် ဒေါ်မေစုနှင့် မိသားစုဝင်များက ဝင်ဆွဲခဲ့ရာ ဦးသန့်ဇင်က ဒေါ်မေစု၏ ဆံပင်ကို ဆောင့်ဆွဲကာ အသင့်ယူဆောင်လာသော အလျားခြောက်လက်မ၊ အကျယ် တစ်လက်မခန့်ရှိ ဓားမြှောင်ဖြင့် ဘယ်ဘက် နဖူးအတွင်းသို့ တစ်ဆုံးထိုးသွင်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မမိုးမိုးခိုင် (ခ) ဘူလားခက ရှင်းပြသည်။

“အိမ်က အလုပ်သမား အားလုံးကို အဒေါ်က ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကြိုတင်ငွေ ထုတ်ပေးပြီးသား။ အဲဒီနေ့က အိမ်ခေါင်းရင်းမှာ အလုပ်သမားအဆောင်မှာ အရက် ထိုင်သောက်နေရာက အိမ်ထဲ ဝင်လာပြီး ကြိုတင်ငွေ ထပ်ထုတ်ခိုင်းတော့ အဒေါ်က မပေးနိုင်ဘူး ပြောတာကို စိတ်ဆိုးပြီး လက်သီးနဲ့ ထိုးတော့ ကျွန်မတို့က ဝိုင်းဆွဲနေကြတုန်း သူက ဒေါ်မေစုဆံပင်ကို ဆောင့်ဆွဲခေါ်သွားပြီး အိမ်ရှေ့ တံစက်မြိတ် ရောက်တော့ လွယ်အိတ်ထဲက ဓားမြှောင်ထုတ်ပြီး ခေါင်းထဲကို အဆုံးထိုးခဲ့တာ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဓားတစ်ဆုံး အထိုးခံရသောကြောင့် သွေးများထွက်နေပြီး မိသားစုဝင်များက ဓားကို ဆွဲမထုတ်ရဲသောကြောင့် ပြင်ခရိုင် တိုက်နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ညတွင်းချင်းပင် ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၂၅ ရက် နေ့မှစ၍ လွှဲပြောင်း ကုသလျက်ရှိကြောင်း လူနာရှင် မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ နဖူးအတွင်းသို့ စိုက်ဝင်ခဲ့သော ဓားမြှောင်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ခွဲစိတ် ထုတ်ယူနိုင်ခဲ့ကြောင်း၊ ဓားမှာ အရိုးကြားအတွင်းသို့ ဝင်ရောက် သွားသောကြောင့် လူနာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ရှင်းလင်း ပြောကြားသည်။
ဓားမြှောင်ဖြင့် ဘယ်ဘက်နဖူးစပ်မှ အဆုံးထိုးသွင်းခဲ့သောကြောင့် အောက်မေးရိုးအထိ ဝင်ရောက်သွားခဲ့ပြီး ဓားမြှောင် တန်းလန်းဖြင့် ခြောက်ရက်ကြာ နေရသော်လည်း ဒေါ်မေစုမှာ သတိလစ်သွားခဲ့ခြင်း မရှိဘဲ စကားပြောဆိုနိုင်ပြီး အစာအစားများလည်း စားသောက်နိုင်ကြောင်း ၎င်းတို့၏ ဆွေမျိုးများထံမှ သိရှိရသည်။
ဓားမြှောင်ဖြင့် ထိုးကာ ထွက်ပြေးခဲ့သော ဦးသန့်ဇင်ကို ရဲတပ်ဖွဲ့ဝင်များက သက္ကယ်သောင် ကျေးရွာတွင် ညတွင်းချင်းပင် ဖမ်းမိခဲ့ပြီး အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ဆေးရုံသို့ လိုက်ပါလာသူ ပြင်ခရိုင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment