Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

ကောလင်းတွင် ကျပ်တစ်သောင်းတန်အတုများ ဖမ်းဆီးရမိ


ကောလင်းမြို့နယ်အတွင်း ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆက်တရားခံကို ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ အောက်တိုဘာ ၂၆ရက်က ကျွန်းလှမြို့နယ်၊ တောင်ကိုင်းဝန်းကျေးရွာ၊ မူလတန်းကျောင်း ခြံစည်းရိုးတိုင်အောက်ခြေတွင် ပလတ်စတစ်အိတ်ဖြင့် မြှုပ်နှံထားသော တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၅၂၄ ရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ကောလင်းမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ရက် နံနက် ၁၁နာရီခွဲတွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်ရတနာကားဂိတ် ၌ ဒေါ်ခိုင်စုဝေနှင့် ခင်ပွန်းဖြစ်သူ ဦးထွန်းရွှေတို့နှစ်ဦး လာရောက်ဝယ်ယူသည့် ကားလက်မှတ်ဖိုးငွေ ကျပ်တစ်သောင်းတန်သုံးရွက်မှာ ငွေစက္ကူအတုများဖြစ်နေ၍ အကြောင်းကြားချက်အရ ကောလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်စန်းယုနှင့်အဖွဲ့သည် ဒေါ်ခိုင်စုဝေနှင့်ဦးထွန်းရွှေတို့ကို စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စက်တင်ဘာလ ၁၂ ရက်တွင် ကျော်ထွန်းဆိုသူက ချေးထားသည့်ငွေကျပ်သုံးသိန်းကို ဦးထွန်းရွှေအားပြန်ဆပ်ရာမှ ရရှိခြင်းဖြစ်ကာ  ငွေကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၂၁ ရွက်ကို ၎င်းထံမှ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြပါရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာ ၂၀ရက်တွင် ကောလင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဦးထွန်းရွှေအား(ပ)အမှတ် ၃၅၆/၂၀၁၃၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

ကွင်းဆက်တရားခံဟု ယူဆရသော ၀င်းညွန့်သည် ကျွန်းလှမြို့ နယ်၊ စရိတ်သာချောင်းဖျားရှိ တောရဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ရဟန်းဝတ်နေကြောင်းသတင်းရသဖြင့် သိက္ခာချလူဝတ်လဲ၍ ဖမ်းဆီးစစ်ဆေးရာ တောင်ကိုင်းဝန်းကျေးရွာ မူလတန်းကျောင်း ခြံစည်းရိုးတိုင်အောက်ခြေ၌  ပလတ်စတစ်ထုပ်ဖြင့်မြှုပ်နှံထားသည့်  တစ်သောင်းကျပ်တန်ငွေစက္ကူ ၅၂၄ ရွက် ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀င်းညွန့်ကို ဆက်လက်စစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိသည်။

7Day Daily


No comments:

Post a Comment