Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် တပ်မတော်နှင့် ကေအိုင်အေတို့ သဘောတူ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၈ ရက်မှ ၁၀ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့၏ သုံးရက်ကြာ ပြည်ထာင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်များတွင် လက်နက်ကိုင် တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။

တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးကို အာမခံနိုင်သည့် နိုင်ငံရေးအရ သဘောတူညီမှုများ ထွက်ပေါ်လာနိုင်ရေးကို ဦးတည်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် အချက်ခုနစ်ချက်ပါ သဘောတူညီချက်၊ ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်ဖက်လိုက်နာရန် စည်းကမ်းချက် ၁၈ ချက်တွင် လက်နက်ကိုင် တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး(က) လူ့အသက်နှင့် ခန္ဓာကိုယ်ကို ထိခိုက် နစ်နာအောင် ပြုမူခြင်း၊ အထူးသဖြင့် နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း၊ ကိုယ်လက် အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ဖြတ်တောက်ပစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်းနှင့် နှိပ်စက်က လူပြုခြင်း၊ (ခ)ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း၊ (ဂ) လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း၊ အထူးသဖြင့် အရှက်ရ သိမ်ငယ်စေသော ဆက်ဆံမှုများ ပြုလုပ်ခြင်း၊ (ဃ)တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မပြုဘဲ ပြစ်ဒဏ်များ ချမှတ်ခြင်း၊ သေဒဏ်စီရင်ခြင်း မပြုလုပ်ရန် အချက်များလည်း ပါဝင်ကြောင်း သိရသည်။

ယခု ဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်သည့် နှစ်ဖက်တပ်များမှ ကိုယ်စားလှယ်များ တံခါးပိတ်အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ကာ တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ကေအိုင်အို အနေဖြင့် စစ်ရှိန်လျှာ့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရးအတွက် ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Joint Monitoring Comittee) ဖွဲ့စည်းရေးကို အဆိုပြု တင်ပြခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း လွန်ခဲ့သော သြဂုတ်လ ၂၈ ရက်က ကချင်ပြည်နယ် မချမ်းဘောမြို့နယ် အင်ခန်ဂါး ကျေးရွာအနီးတွင် တပ်မတော်အရာရှိတစ်ဦး အသတ်ခံရသည့် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပြီး အဆိုပါ ဖြစ်စဉ်မှာ မီဒီယာများ၏ ပုံကြီးချဲ့မှုကြောင့် ပဋိပက္ခ ပိုမိုကြီးကျယ်သွားခဲ့ကြောင်း ဆွေးနွေးမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

အင်ခန်ဂါး ဖြစ်စဉ်မှာ ပူတာအိုခရိုင် မချမ်းဘော မြို့နယ်အတွင်း သြဂုတ်လ ၂၈ ရက်က မလွတ်ဒမ်းကျေးရွာမှ ထွက်ခွာလာသော နယ်မြေခံတပ်ရင်း တပ်စု ၁ ကို ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အင်အား ၂၀ခန့်က စောင့်ကြို တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ တပ်မတော် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး လူစုကွဲ ပျောက်ဆုံးသွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပျောက်ဆုံးနေသူများအား ပြန်လည်ရှာဖွေရာ စက်တင်ဘာ ၁ ရက်တွင် စစ်သည်အား ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် အင်ခန်ဂါး ကျေးရွာအနီး နေထိုင်သူနှစ်ဦးက ၎င်းတို့ တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးကျေးရွာ၏ မြောက်ဘက် တောင်ယာသွားလမ်း၊ တောင်စောင်းတစ်နေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ တပ်မတော် အရာရှိကို ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကေအိုင်အေ(ကချင်)လက်နက်ကိုင် တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်နှင့် အပေါင်းပါ ၂၀ ခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် မချမ်းဘော မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပြီး ပြုလုပ်သော ဆွေးနွေးပွဲတွင် ဖမ်းဆီးရမိသူများနှင့် လက်နက် ချပြီးသူများကို လူသားဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် အချက်များအား ထည့်သွင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။ အစိုးရ ကိုယ်စားပြု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့၏ ဆွေးနွေးပွဲတွင် Sky Net အပါအ၀င် နှစ်ဖက် မီဒီယာအချို့ကိုသာ ၀င်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိက မီဒီယာများကိုမူ ဆွေးနွေးပွဲ ကျင်းပနေသည့်အချိန်တွင် သတင်းယူခွင့်မပြုခဲ့ဘဲ ခန်းမအပြင်သို့ ထွက်ပေးရန် ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် လက်မှတ်ရေးထိုး လဲလှယ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန က.စ.ထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့အား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment