Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

စီးပွားရေး သုံ့ပန်း ဖြစ်နေသလား..?


မြောက်ပိုင်းရှမ်းပြည် နယ်စပ်မြို့ မြန်မာပြည်ပိုင် တရုတ်နယ်စပ် မူဆယ်မြို့ကနေ တရုတ်ပြည်ပိုင် ရွှေလီသွားဖို့ အတွက် ကျယ်ဂေါင် အ၀င်ဂိတ်က အခမဲ့တံဆိပ် ရိုက်ပေးပြီး ကြိုဆိုနေပေမယ့် ကိုယ့်တိုင်းပြည်က လူတွေ ကိုယ့်တိုင်းပြည်ပိုင် နယ်စပ်မြို့ကို ဖြတ်ကျော်တဲ့အခါ အပြာကတ်လုပ် ကျပ် ၁၀၀၀ အနီ စာအုပ်နဲ့ဆို တံဆိပ်ရိုက်ပေးခ ကျပ် ၃၀၀ ကောက်ယူနေတဲ့ ငွေတွေက မြန်မာပိုင် နယ်စပ်မြို့ မူဆယ်အတွက် ဘယ်လောက်ဝင်ငွေ ရှိနေသလဲ ဆိုတာ ကျွန်တော်ဘယ်လိုမှ မသိနိုင်ပါ။

ရွှေလီနဲ့ ကျယ်ဂေါင်ပတ်ဝန်းကျင် တစ်ကြောမှာရှိနေတဲ့ ကျွန်တော်တို့ ဗမာနိုင်ငံသားတွေ ထံကနေ တရုတ်နယ်စပ် ဒေသခံ အစိုးရအတွက် သိသာတဲ့ ၀င်ငွေကတော့ နယ်စပ် ဖြတ်ကျော်ပြီး ၀င်ထွက်သွားလာ နေထိုင်နေတဲ့ မြန်မာပြည်သားတွေ ထဲကနေ ဒေသခံ တရုတ်နယ်စပ် အစိုးရကနေ မြင်မြင်ထင်ထင် ရနေတာတွေကြည့်ပြီး တွက်ကြည့်တာ၊ တစ်နှစ်ကို အနည်းဆုံး ရွှေတွေတန်နဲ့ချီ ရှိမယ်လို့ ခန့်မှန်းမိတယ်။ ကိုယ်မမြင်နိုင် မတွက်နိုင်တာတွေက ဘယ်လောက်ရှိနေမယ် ဆိုတာတော့ မပြောနိုင်ဘူးပေါ့၊ ဒါလူဝင်မှုနဲ့ ပတ်သက်တာတင်ပါ၊ ကုန်ဝင်ကုန်ထွက် မပါသေးဘူး ဖြစ်တယ်။ ကျယ်ဂေါင် အလယ်ပေါက်ဂိတ်၊ မာန်ဝိန်းကြီးပေါက်ဂိတ်၊ ဆင်ဖြူဈေးပေါက် ဂိတ်ဆိုပြီး အဲဒီဂိတ်သုံးဂိတ်ကနေ ကျယ်ဂေါင်နဲ့ မူဆယ်ကို အ၀င်အထွက် လုပ်နေသူ မြန်မာနိုင်ငံသား အရည်အတွက်ဟာ တစ်ရက်တစ်ရက် ငါးထောင်အထက် ကျွန်တော် ခန့်မှန်းမိတယ်။ အဲဒီလို အ၀င်အထွက်လုပ်တဲ့ မြန်မာနိုင်ငံသား မှန်သမျှဟာ ရွှေလီကို သွားမယ်ဆိုရင် တက္ကစီခငါးယွမ် ရွှေလီကနေ ကျယ်ဂေါင် လာမယ်ဆိုရင် ငါးယွမ် အဲဒီလူတွေ ကိုင်ထားတဲ့ တရုတ်နံပါတ်နဲ့ လက်ကိုင်ဖုန်းတွေ ပြောတဲ့ဖုန်းခတွေ၊ ရွှေလီနဲ့ ကျယ်ဂေါင် တရားဝင် နေထိုင်ခွင့် စာအုပ်လုပ်ပြီး နေထိုင်သူ မြန်မာနိုင်ငံသား အရည်အတွက်က ၂၀၁၂ ခုနှစ်က ငါးသောင်းစွန်းစွန်း ရှိတယ်လို့ သိရဖူးတယ်။

အဲဒီတရားဝင် နေထိုင်တဲ့ စာရင်းအရ တစ်ယောက်ကို ၁၇၀-ယွမ်နဲ့ တွက်ရင် အဲဒီတရားဝင် စာရင်းရဲ့ နေထိုင်ခွင့် လုပ်ခငွေ စုစုပေါင်းကိုး လစာ ယွမ် ရှစ်ဆယ့်ငါးသိန်း ရှိတယ်၊ အဲဒီလိုတရားဝင် နေသူတွေ နေ့စဉ်အသုံးပြုနေတဲ့ လျှပ်စစ်မီးနဲ့ ရေဖိုးတွေကလည်း ရှိနေသေးတယ်။ ဒီတရုတ် နယ်စပ်ထဲမှာ မြန်မာ နိုင်ငံသား လူငယ်လူကြီးတွေ အားလုးံ ၀ယ်သောက်နေတဲ့ ဘီယာဖိုးတွေလည်း ရှိတယ်။

ဒီလူတွေဝတ်တဲ့ ဆောင်းဆိုလဲ အနွေးထည်အင်္ကျီ၊ နွေဆိုလဲ နွေအင်္ကျီ ဖိုးတွေလဲ ရှိတယ်။ ရွှေလီကျယ်ဂေါင်မှာ ၀င်ထွက်သွားလာ နေထိုင်သူတွေ ၀ယ်စီးနေတဲ့ ဆီဆိုင်ကယ်တွေ ဆီဖိုးနဲ့အတူ၊ ဓာတ်ခဲဆိုင်ကယ်တွေ ၀ယ်စီးနေတာ တွေကလည်း မြန်မာနိုင်ငံသား ၁၀ ယောက်ကို ခြောက်ယောက်လောက်က ၀ယ်စီးနေကြတာတွေ တွေ့နေရတယ်။ ၂၀၁၃-၅ လပိုင်း နောက်ကစပြီး ဓာတ်ခဲဆိုင်ကယ်တွေကို ဆိုင်ကယ်လိုင်စင်နံပါတ် လုပ်ခိုင်းလို့ တစ်စီးကို ယွမ်-၁၇၀-ကျော် ပေးရတယ်။

တရားဝင် နေထိုင်ခွင့် စာအုပ်စစ်ဆေးတဲ့အခါ မရှိလို့ အဖမ်းခံရသူတွေထောင်မှာ သွားရွေးရတဲ့ ငွေကလည်း တစ်ယောက်ကို ယွမ်ငါးရာ၊ ရွှေလီနဲ့ ကျယ်ဂေါင်မှာ တရားဝင် နေထိုင်ခွင့် စာအုပ်မရှိလို့ အဖမ်းခံနေရတဲ့ မြန်မာ နိုင်ငံသားတွေက တစ်နှစ်ကို ငါးထောင်ကနေ တစ်သောင်းလောက် ရှိမယ်လို့ ခန့်မှန်းမိတယ်၊ တရားဝင်စာရင်း ငါးသောင်းကနေ ငှားနေတဲ့ အိမ်ခန်းခ တွေကလည်း ရှိတယ်။

အဲဒီအိမ်ခန်းခ တွေကလည်း မြို့စွန်မြို့ဖျားနဲ့ ရွာတွေထဲမှာကို တစ်ခန်းကို တစ်လနှစ်ရာ ယွမ်အနည်းဆုံးပဲ။ အခုဆိုရင် တရုတ်နယ်စပ်ထဲကို အခြေချနေထိုင်ပြီး လုပ်ကိုင်စားသောက်နေတဲ့ မြန်မာနိုင်ငံသား ဟူသမျှ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက အခန်းခ ဖြစ်နေတယ်။ ကျယ်ဂေါင်နဲ့ ရွှေလီမြို့ပေါ်တွေမှာက လူနေအခန်းခနဲ့ ဆိုင်ခန်းခနှုန်းတွေ တက်လွန်းလို့ မြန်မာနိုင်ငံသားတွေ အများစုကတော့ ရူးမှန်းသိလျက် စားနေရတဲ့ဘ၀ ဆူးမှန်းသိလျက် ဆုပ်နေရတဲ့ ဘ၀လို ဖြစ်နေတယ်။ ကိုယ့်နိုင်ငံ ပြန်လုပ်စား ရအောင်ကလည်း လုပ်ကိုင်စားဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ဖြစ်နေတယ်။

အဲဒီတော့ မဖြစ်ဖြစ်အောင်ရပ်တည် ရင်းကနေ စားဖို့သောက်ဖို့နဲ့ အခန်းခရပြီး နေဖြစ်ရုံပဲ ဖြစ်နေသူတွေက များနေကြတယ်။ ကျယ်ဂေါင်နဲ့ ရွှေလီမှာက မြန်မာနိုင်ငံသားတွေ ရောက်လာပြီး စည်စည်ကားကား ဖြစ်လာတာဟာ ကျောက်စိမ်းဈေးကွက် တွင်ကျယ်လာမှု အခြေအနေတွေ ပါတယ်လို့ ပြောရင်ရမယ်၊ ဒီကျောက်စိမ်း ဈေးကွက် စည်ကားလာမှုကို အခြေခံပြီး တခြားလုပ်ငန်းတွေလည်း ဆက်စပ်စုဝေး လာကြပြီး တစ်နှစ်နဲ့တစ်နှစ် ပိုပိုစည်ကား လာခဲ့တယ်။ ကိုယ်တွေ့ ပြောရမယ်ဆိုရင် ၁၉၉၇ ခုနှစ်က ကျောက်စိမ်းရောင်းဖို့ ဆိုင်တစ်ခန်းကို တစ်လလေးရာ (၄၀၀)ယွမ် ရှိတယ်။ လချင်းပဲ ပေးရတယ်၊ အဲဒါ လျန်စစ်ကျူလို့ခေါ်တဲ့ ရွှေလီကျောက်ဝိုင်းမှာ အခုအဲဒီကျောက်ဝိုင်းထဲနဲ့ ပတ်ဝန်းကျင်မှာပဲ ကျောက်စိမ်းရောင်းဖို့ ဆိုင်ခန်းတစ်ခန်း တစ်လကို သုံးထောင်(၃၀၀၀)ယွမ်က နေ ရှစ်ထောင် (၈၀၀၀)ယွမ်အထိ ရှိနေပြီး တစ်နှစ်စာ ပေးနေရတယ်။ အထူးသဖြင့် ကျယ်ဂေါင်နဲ့ ရွှေလီမှာ(၂၀၀၈)နောက်ပိုင်းမှာ အခန်းခတွေ အတက်ကြမ်းခဲ့တာ ဖြစ်တယ်။

ဒီလိုတက်လာ ချက်ကတော့ ရွှေလီမှာ ကျောက်စိမ်းဆိုင်တွေ ပေါလာလို့ ဖြစ်တယ်။ ကျယ်ဂေါင်မှာလည်း ကျောက်စိမ်းဝိုင်းတွေ ကျောက်စိမ်းဆိုင်တွေ ပေါလာလို့ ဖြစ်တယ်။

ရွှေလီမှာ အခန်းငှားပြီး နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ကျောက်စိမ်းအရောင်းအ၀ယ် လုပ်သူတွေ အများစုက ဆိုင်းခန်းငှားပြီး ကျောက်ဆိုင်မဖွင့် နိုင်သူတွေကတော့ အရှည်တစ်မီတာခွဲ လောက်ရှိပြီး အနံတစ်မီတာ လောက်ရှိတဲ့ ကျောက်ခင်းရောင်းဖို့ နေရာတွေကို တစ်လကို ယွမ်သုးံလေးငါးရာဈေးနဲ့ တစ်နှစ်စာ ပေးထားပြီး လုပ်စားနေရ သူတွေကလည်း ထောင်နဲ့ချီ ရှိနေတယ်။ ကျယ်ဂေါင်မှာလည်း အခန်းခတွေက ရွှေလီနဲ့ မကွာဘူး။ ဆိုင်ခန်းတစ်ခန်းက တစ်နှစ်ကို အနည်းဆုံး ယွမ်နှစ်သောင်းခွဲ သုံးသောင်းရှိတယ်၊ ဆိုင်ခန်းဆိုတာက ကျောက်ဆိုင်ခန်းရှိတယ်၊ ကုန်စုံဆိုင်ရှိတယ်။

လက်ဖက်ရည်ဆိုင်ရှိတယ်၊ စားသောက်ဆိုင်ရှိတယ်၊ အဲဒီလိုဆိုင်တွေ အားလုးံက လုပ်ငန်းလိုင်စင် လုပ်ရတာတွေကလည်း တစ်ဆိုင်ကို တစ်နှစ်ဆိုရင် ယွမ် ၁၇၀-ကျော်ရှိ သေးတယ်။ ရွှေလီကျယ်ဂေါင်မှာ မြန်မာနိုင်ငံသား တွေထဲက ဆိုင်ခန်းငှားရပ်တည် နေသူအရေအတွက်ကလည်း ထောင်ချီရှိနေတယ်။ ရွှေလီနဲ့ ကျယ်ဂေါင်ဒေသနှင့် အတူ အနီးပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံသားတွေထံက ငွေတွေတစ်နှစ်တစ်နှစ် တရုတ်နယ်စပ် ဒေသခံအတွင်း ဘယ်လောက်ရနေသလဲ ဆိုတာ အတိအကျကြီး တွက်ပြီးပြော မရပေမယ့် ဒေသခံ အစိုးရထံ ၀င်သွားတဲ့ ငွေတွေရယ်။ ဒေသခံ လူထုထံဝင်သွားတဲ့ ငွေတွေက နယ်စပ်ဖြတ်ကျော် ၀င်ထွက်တာတွေရယ် နေထိုင်နေသူ မြန်မာနိုင်ငံ သားတွေထဲက၊ ထွက်နေတဲ့ ငွေတွေဆိုတာတော့ အသေအချာ ဖြစ်နေတယ်။

ဒီငွေတွေဟာ ကျွန်တော်တို့နိုင်ငံပိုင် နယ်စပ်ဒေသဘက်ကို တရုတ်နိုင်ငံဘက်က လူတွေရောက်ခဲ့ရင်လည်း ကျွန်တော်တို့နိုင်ငံ နယ်စပ်ဒေသ လူထုအတွက်ရော အစိုးရအတွက်ရော ၀င်ငွေတွေ ဖြစ်လာမယ်။ အခုတော့ တရုတ်နယ်စပ်ထဲ ဖြတ်ကျော်ဝင်လာသမျှ ကျွန်တော်တို့ နိုင်ငံသားတွေဟာ သူများနိုင်ငံ နယ်စပ်ဒေသအတွက် ကျွန်တော်တို့ငွေတွေ ထွက်နေရတယ်။ တိုင်းပြည်နှစ်ခု စစ်ဖြစ်ခဲ့ရင် စစ်ရှုံးတဲ့ တိုင်းပြည်က အသက်ရှင်ကျန်နေတဲ့ စစ်သားတွေဟာ စစ်နိုင်တဲ့ တိုင်းပြည်ရဲ့စစ် သုံ့ပန်းတွေ ဖြစ်သွားရတယ်။ စီးပွားရေးစစ်ပွဲဆိုတာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က စီးပွားရေး စစ်ရှုံးနေသလား။ ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုး တိုးတက်နေတဲ့ တိုင်းပြည်ကို၊ စီးပွားရေး နှိမ့်ကျနေတဲ့ တိုင်းပြည်က စီးပွားရေး စစ်ရှုံးနေတယ်လို့ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က စီးပွားရေး သုံ့ပန်းအဖြစ် ရောက်နေသလား တွေးမိတယ်။ အဲဒီလိုတွေးမိပြီး အာရုံထဲပေါ်လာသမျှ ပြောရဦးမယ်ဆိုရင် မြန်မာနိုင်ငံက သစ်မျိုးစုံတွေ စစ်အစိုးရ ခေတ်တုန်းက စစ်အစိုးရနဲ့ ပေါင်းပြီး စီးပွားရေးသမားတွေ ရောင်းလိုက်တာတို့ သစ်တောတွေကို ပိုင်ထားတဲ့ ဒေသခံ အဖွဲ့အစည်းတွေက စီးပွားရေး သမားတွေကို ရောင်းလိုက်တာတွေတို့ဟာ သစ်တန်ချိန် ရေတွက်လို့ မရနိုင်အောင် ကားအကြီးကြီးတွေနဲ့ နှစ်ဆယ်ချီပြီး ဒီတရုတ်နယ်စပ်ကနေ တရုတ်ပြည်မကြီးထဲ သယ်နေတာ တွေလည်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ် ပြီး တက်လာတဲ့ အစိုးရခေတ်မှာလည်း မြန်မာပြည်က သစ်တွေ ကားအကြီးကြီးတွေနဲ့ ညဖက်တွေမှာ ရွှေလီမြို့ထဲကနေ ကားအစီးရေ ရာနဲ့ချီပြီး ဖြတ်နေတာ တွေ့နေရသေးတယ်။

စီးပွားရေးကိစ္စ ဆက်ပြောရမယ်ဆိုရင် မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးစာချုပ်တွေဖြစ်တဲ့ မြစ်ဆုံစာချုပ်တွေ၊ ဓာတ်ငွေ့ပိုက်လိုင်း စာချုပ်တွေ၊ လက်ပံတောင်းတောင် စာချုပ်တွေ၊ ပတ်သက်သမျှ စာချုပ်တွေအားလုံး ရောထည့်တွက်ပြီး ပြောမယ်ဆိုရင် စီးပွားရေးသုံ့ပန်းဆိုတဲ့ ဘ၀ကနေ မိမိတိုင်းပြည် လွတ်မြောက်နေတဲ့ ဘ၀ကို မိမိမသေခင်မြင် တွေ့ရနိုင်ပါ့မလား။

Written by ဟိန်းထက်နိုင်
Eleven Media 

မူဆယ်မြို့မှ တရုတ်နိုင်ငံရွှေလီသို့ သွားရောက်ရန် ကျယ်ဂေါင် အ၀င်ဂိတ်အား တွေ့ရစဉ် 
(ဓာတ်ပုံ - ထွန်းနေလှိုင်)

No comments:

Post a Comment