Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

တက္ကသိုလ်များ တောထုတ်ပြီးနောက်ဝယ်


စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးအတွက် အဆိုးဝါးဆုံးများထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံး၍ လွင်တီးခေါင်ပြင်များတွင် တက္ကသိုလ်အဆောက်အအုံများ ပေါ်ထွန်းလာခြင်းဖြစ်သည်။
ကျောင်းသားလူငယ်များ စုစည်းမိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးရှိလာချိန်တွင် မြို့တွင်းရှိ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မြို့ပြင်ရှိ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်လာအောင် ဆောင်ရွက်မည့် အရိပ်လက္ခဏာများ အခုထိမတွေ့ရသေးပါ။
အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ ဆွေးနွေးညှိနှိုင်း အဖြေရှာနေသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)၏ ပြုပြင်ပြောင်းလဲရေး စီမံချက်များတွင်လည်း လက်ရှိကျောင်းသားများ အဓိကရင်ဆိုင်နေရသည့် တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံးနေသည့် အခက်အခဲအား ဖြေရှင်းရန် နည်းလမ်းဖော်ထုတ်ထားခြင်း မရှိသေးပေ။
စစ်အစိုးရသည် သူတို့အတွက် လုံခြုံရေးရှုထောင့်တစ်ခုတည်းသာကြည့်၍ မြို့ပြင်သို့ တက္ကသိုလ်နှင့်ကောလိပ်များပို့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နေရာထိုင်ခင်း၊ ခရီးသွားဝန်ဆောင်မှုတို့ကို လျစ်လျူရှုခဲ့ခြင်း၏ အကျိုးဆက်သည် ခေတ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်စေမည့်အချက် ဖြစ်နေသည်။
ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပြုပြင်ပြောင်းလဲမှုများ မည်မျှဆောင်ရွက်သည်ဆိုစေ ကျောင်းနေမပျော်သော ကျောင်းသားများအတွက် ထိရောက်သောပညာရေး ဖြစ်လာစေရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
“သင့်တင့်တဲ့ပို့ဆောင်ရေးနဲ့ အခြားဝန်ဆောင်မှုတွေ အားနည်းတာက အဓိကပြဿနာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာတွေအနေနဲ့ ညံ့ဖျင်းပြီး ရှည်ကြာတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် အိမ်၊ ဒါမှမဟုတ် ကျောင်းရောက်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်”ဟု စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့သည့် မြန်မာသတင်းအချက်အလက် နည်းပညာကုမ္ပဏီ (MIT)၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန(၁၂)အောက်၌ တက္ကသိုလ်၊ ကောလိပ်(၁၇၀)နီးပါး တည်ထောင်ထားပြီး အများစုမှာ မြို့ပြနှင့် အလှမ်းဝေးသောနေရာတွင် တည်ဆောက်ထားခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာများအတွက် အချိန်ကုန်၊ လူပန်းဒဏ်ကို ခံစားနေကြရသည်။ တက္ကသိုလ်နှင့် ကောလိပ်များ တောထုတ်ခဲ့ခြင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် စစ်အစိုးရလက်ထက်တွင် ဖြစ်ပါသည်။ ၁၉၉၆ ကျောင်းသားများ၏ ဆန္ဒပြမှုများအလွန်တွင်မူ မြို့တွင်းရှိ တက္ကသိုလ်အများစုကို ပိတ်ခဲ့ကာ တက္ကသိုလ်များ မြို့ပြင်ပို့သည့်အပြင် ကျောင်းသားများမစုမိစေရန် အဝေးသင်ပညာရေးစနစ်ကို ပိုမိုအားစိုက်တီထွင်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် စသည့်မြို့တွင်းတက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ကျောင်းသားအရေအတွက် လက်ခံမှုကိုမူ အကန့်အသတ်ရှိနေဆဲဖြစ်၏။
“အဆောင်မှာနေတာ ၁၃ ယောက်ရှိတယ်။ တစ်လတစ်သောင်း ပေးရတယ်။ မပျော်ဘူး။ အဆောင်နဲ့ ကျောင်းက ဝေးတယ်။ တုတ်တုတ်နဲ့ သွားရတယ်။ မနှစ်က ကျပ်တစ်ရာပဲ ပေးရတယ်။ ဒီနှစ်က ကျပ်နှစ်ရာပေးရတယ်”ဟု မအူပင်တက္ကသိုလ်မှ အဝေးသင်ပထ၀ီဝင်ဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကပြောသည်။
တက္ကသိုလ်၊ ကောလိပ်များသည် မြို့ပြနှင့်ဝေးကွာခြင်းကြောင့် ကျောင်းကြို၊ ပို့ယာဉ် မစီးနိုင်သော ကျောင်းသား၊ ကျောင်းသူများ ခရီးစရိတ်ကုန်ကျမှုများခြင်း၊ ကျောင်းသွား၊ ကျောင်းပြန်ချိန် တစ်ရက်လျှင် အနည်းဆုံးသုံးနာရီကြာမြင့်ခြင်း၊ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ကျန်းမာရေးကိစ္စများတွင် အချိန်မီကုသနိုင်မှုမရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဆိုသည်။
“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒဂုံတက္ကသိုလ်ကျောင်းသူတစ်ဦး မြွေကိုက်ခံရမှုမှာ ဆေးရုံကို အချိန်မီအရောက်မသွားနိုင်ခဲ့လို့ သေဆုံးခဲ့ရဖူးပါတယ်။ တက္ကသိုလ်ဆေးပေးခန်းဆိုတာ အမည်ခံသာရှိပြီး ဆေးမရှိ၊ ဆရာဝန်မရှိ၊ သူနာပြုမရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အားကိုးလောက်စရာမရှိပါဘူး”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။
ပညာရေးပြုပြင်ပြောင်းလဲရေး စီမံချက်ရေးဆွဲသော တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးကို ဦးစားပေးစဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ထောက်ပြကြသည်။
“ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတော်ရဲ့ တက္ကသိုလ်ဝင်ခွင့်မူဝါဒကို ပြောင်းလဲဖို့လိုသလို လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး လုပ်ပေးရမှာပါ။ ကျောင်းအာဏာပိုင်တွေအနေနဲ့ ကျောင်းသားတွေကို ဆက်ဆံရာမှာ လုံခြုံရေးအမြင်နဲ့ ဆက်ဆံမယ့်အစား နိုင်ငံအတွက် အင်အားဆိုတာကို သဘောထားပြီး ကျောင်းသားတွေရဲ့အမြင်နဲ့ ခံစားမှုကို နားလည်တဲ့ အုပ်ချုပ်ရေးမျိုးလုပ်ရမှာပါ”ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောသည်။
လက်ရှိ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပုံမှန်ဘွဲ့ကြိုသင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက်သည် တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး အဝေးသင်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူဦးရေ သုံးသိန်းတစ်သောင်းကျော်ရှိသည်။
အချိန်ပြည့်တက်ရောက်ရသော ဘွဲ့သင်တန်းတက်ရောက်သူဦးရေနှင့် အချိန်ပိုင်းတက်ရောက်ရသော အဝေးသင်တက်ရောက်သူဦးရေ ကွာခြားမှုမြင့်မားနေခြင်း၏ အဓိကအချက်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုတို့ကြောင့်ဖြစ်သည်။
“ကျောင်းသွားဖို့ သားကို မနည်းရိုက်နေရတယ်။ ကျောင်းကလည်း ဘာမှပျော်စရာမရှိဘူးလေ။ ကျွန်တော် ဂျပန်မှာတက်တုန်းက တက္ကသိုလ်က မြို့နဲ့ မိုင် ၅၀ ဝေးတယ်။ ဒါပေမဲ့ လူနေစရာ၊ ပန်းခြံ၊ ခရီးသွားဝန်ဆောင်မှုတွေပြီးမှ ကျောင်းဖွင့်တယ်။ အဲဒီတော့ မြို့နဲ့ နီးခြင်း၊ ဝေးခြင်းက ပြဿနာမရှိတော့ဘူး”ဟု နည်းပညာတက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသော ကျောင်းသားဖခင်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်၏ အုပ်ချုပ်မှုကြောင့် လုံးဝနီးပါးပျက်စီးခဲ့ပြီး တက္ကသိုလ်နယ်မြေတွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်မှု မရှိတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်မေလတွင် ဗြိတိန်နိုင်ငံ၌ ကျင်းပသော မြန်မာ့ပညာရေးမူဝါဒဆွေးနွေးပွဲသို့ ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင် ဝေဖန်ထားသည်။
အစိုးရသစ်သည် အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးခြင်း၊ တက္ကသိုလ်အချို့အား အဆင့်မြင့်စင်တာများအဖြစ် သတ်မှတ်ခြင်း၊ ပညာသင်နှစ်တိုးမြှင့်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
“စာအုပ်ထဲမှာပဲ ပြောင်းနေတာပါ။ တကယ်မပြောင်းဘူး။ ဘတ်ဂျက်တော့ပြောင်းတယ်။ အရင်ကမရဖူးတဲ့ အသုံးစရိတ်ရတယ်။ ပညာရေးက အစကတည်းက ထိန်းချုပ်လို့ရအောင် ခွဲထုတ်ထားတော့ ပြန်စုစည်းဖို့မလွယ်ကူး။ အချိန်ယူရမယ်။ ကျွန်တော့်ကျောင်းမှာကတော့ ကျောင်းသားတွေ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ”ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းကပြောသည်။
သမ္မတဦးသိန်းစိန်သည် ၎င်းလက်ထက်၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှစ်ဦးအား အပြောင်းအလဲပြုလုပ်ထားသလို ပြည်ထောင်စုဝန်ကြီးအား အပြောင်းအလဲပြုလုပ်ရန် သတင်းများထွက်ပေါ်နေပြီး လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်စေလျက်ရှိသည်။
ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသော ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR)၏ အဆင့်မြင့်ပညာရေးအား လေ့လာဆန်းစစ်ခြင်းအပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စနစ်၊ တက္ကသိုလ်သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ၊ အရည်အသွေးအာမခံခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ ပညာရပ်ဆိုင်ရာ ပစ္စည်းကိရိယာများလိုအပ်ချက်၊ သုတေသနဆောင်ရွက်နိုင်မှု၊ နည်းပြအရာရှိများ ခန့်ထားမှု၊ အသိအမှတ်ပြုမှု၊ လစာ၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့ရအလုပ်သမားများဆိုင်ရာ အချက်အလက်၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စသည့်အချက်များကို လေ့လာဆန်းစစ်၍ ထောက်ခံအကြံပြုချက်များ တင်ပြထားသည်ကို တွေ့ရသည်။
သို့သော် အဆင့်မြင့်ပညာရေးတွင် အဓိကအကျုံးဝင်သူများဖြစ်သော ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်နှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေမည့် လိုအပ်ချက်များ လေ့လာဆန်းစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။
“ကိုယ့်သားသမီးတွေ ကျောင်းသွားတဲ့အခါမှာ ပြုံးပြုံးလေးသွားပြီး ကျောင်းပြန်လာတဲ့အခါမှာ ပြုံးပြုံးလေးပြန်လာတာ တွေ့ချင်မြင်ချင်ကြမယ်လို့ ကျွန်တော် နားလည်၊ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ရှည်ရှည်ဝေးဝေး မျှော်လင့်ရမှာတွေရှိပါတယ်။ လက်တွေ့ကျကျ ကိုယ့်သားသမီး ကျောင်းသွားရဲတာ ပြုံးပြုံးလေးပြန်လာတာ၊ အဲဒီလို အနီးစပ်ဆုံးဖြစ်လာအောင် ပြုပြင်ရမှာတွေ
ရှိနေပါတယ်”ဟု မကြာသေးမီက ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသော ဒေါက်တာစန်းလွင်က ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ်များအားပြောသည်။
တက္ကသိုလ်တွင် ဘွဲ့ရရှိရန် နှစ်နှင့်ချီနေ၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဘွဲ့လက်မှတ်ရရှိရေး ကြိုးပမ်းနေရသော ပညာရေးမှသည် တက္ကသိုလ်များ သီးခြားလွတ်လပ်၍ အသက်ဝင်လာပြီး တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေး ဦးတည်သော ပညာရေးသို့ အလျင်အမြန် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ။
ရေးသားသူ- နေလင်းထွန်း၊ခိုင်ခိုင်စိုး - 7Day News Journal

No comments:

Post a Comment