Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

ဟိန္ဒူရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ မယ်တော် အဓိဋ္ဌာန် ပူဇော်ပွဲကျင်းပ


Monday, October 7, 2013


ဟိန္ဒူလူမျိုးတို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သော မယ်တော်အဓိဋ္ဌာန်
ပူဇော်ပွဲ(၉ ရက်) အား သီပေါမြို့တွင် (၅.၁၀.၂၀၁၃)ရက်နေ့မှ စတင်ကာ သီပေါမြို့၊ အနောက်ရပ် ဂေါ်ရခါးဟိန္ဒူ ဘုရားကျောင်းတွင် စတင်ကျင်းပ
လျက်ရှိသည်က တွေ့ရသည်။

“အဓိဋ္ဌာန်ကတော့ (၉)ရက် လုပ်မှာပါ (၉)ရက် ပြည့်တာနဲ့ ပူဇော်ထားတဲ့ မယ်တော်ရုပ်ထုကို ရေမျှောပူဇော်မှာ ဖြစ်ပါတယ်” ဟု သီပေါမြို့ ဒေသခံ
ဂေါ်ရခါးလူမျိုး တစ်ဦးက ရှင်းပြသည်။

ယခုကဲ့သို့ မယ်တော်အဓိဋ္ဌာန်ပွဲအား နှစ်စဉ် နှစ်တိုင်း ကျင်းပနေကြဖြစ်ပြီး
မြန်မာနိုင်ငံအတွင်းရှိ ဂေါ်ရခါးဟိန္ဒူလူမျိုးများ နေထိုင်ရာ မြို့နယ်အသီး
သီးတို့တွင် အောက်တိုဘာလ (၅)ရက်မှ စတင်ကာ (၉)ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

အဓိဋ္ဌာန်ဝင်သူများအနေဖြင့် သတ်သတ်လွတ်နှင့် ထမင်းတစ်နပ်သာစားခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်းဖြင့်(၉)ရက်တိုင်တိုင် အဓိဋ္ဌာန်ဝင်ကြ
မည်ဖြစ်ကြောင်း သီပေါမြို့ ဘုရားပွဲ ကျင်းပရာ ဒေသခံများထံမှ သိရှိရသည်။

“ဒီပွဲကိုလာတဲ့ လူတိုင်းကို ထမင်းကျွေးပါတယ်။ ဒီပွဲက တစ်နိုင်ငံလုံးလုပ်
ကြတာ။ တချို့ဒေသတွေမှာ မယ်တော်ရုပ်ထု မတတ်နိုင်တဲ့ လူတွေက ဘုရားကျောင်းမှာဘဲ ဒီအတိုင်းဥပုသ်စောင့်ကြတာပေါ့”ဟု မယ်တော်
ပွဲလာ ဒေသခံတစ်ဦးမှ ရှင်းပြသည်။

ယင်းကဲ့သို့ အဓိဋ္ဌာန်ပွဲကျင်းပသဖြင့် ဒေသအတွင်းနှင့် မိမိတို့၏ မိသားစု
အကြားမှာ ဖြစ်ပေါ်နေသော လူမှုရေး၊ စီးပွားရေး၊ အခက်အခဲ အကျပ်
အတည်းများ အဆင်ပြေ အောင်မြင်နိုင်သည်ဟု အယူရှိကြကြောင်း မြို့ရွာအတွက် သီးသန့် ဥပုသ်ယူပေးရသော လူတစ်ဦးအားသီးသန့် ထားရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါအဓိဋ္ဌာန်ပွဲမှာ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး ပြီးဆုံးသည့်နေ့၌ ဂေါ်ရခါးလူမျိုးများ၏ အထင်ကရ ပွဲတစ်ခုဖြစ်သော (ဓဆရာ) ပွဲတော် ကျရောက်မည် ဖြစ်ကြောင်း ဒေသခံ ဂေါ်ရခါးလူမျိုးများ
ထံမှ သိရှိရသည်။

စိုင်းကံသာ(လားရှိုး)

The Myanma Age

No comments:

Post a Comment