Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

တာ့ဂ်ျမဟာရှေ့ အပြုအမူများအတွက် မယ်စကြာဝဠာ တောင်းပန်


အိုလီဗီရာသည် မယ်စကြာဝဠာများ တာဝန်ယူရသည့် အစဉ်အလာအတိုင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလှည့် သွားလာရင်း ဒေလီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တာ့ဂ်ျမဟာ အဆောက်အအုံကြီးရှေ့ ကန့်သတ်နေရာတွင် ခွင့်ပြုချက် မရှိဘဲ ကြော်ငြာဓာတ်ပုံ ရိုက်ခဲ့ရာ၌ စော်ကား လိုသည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါကြောင်း မယ်စကြာဝဠာဆုရှင် အိုလီဗီရာ ကူလ်ပိုက ပြန်လည် တောင်းပန်ခဲ့သည်။ အမေရိကန် နိုင်ငံကို ကိုယ်စားပြုပြီး (၂၀၁၂)ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲ၏ သရဖူကို ဆောင်းနိုင်ခဲ့သည့် အသက်(၂၁)နှစ်အရွယ် အလှမယ်သည် အိန္ဒိယသို့ သွားရောက်လည်ပတ်ရင်း တာ့ဂ်ျမဟာရှေ့ တွင် မယ်စကြာဝဠာ အဖွဲ့အစည်းအတွက် ကြော်ငြာ ဓာတ်ပုံများ အရိုက်ခံခဲ့သည်။ အိုလီဗီရာသည် မယ်စကြာဝဠာများ တာဝန်ယူရသည့် အစဉ်အလာအတိုင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလှည့် သွားလာရင်း ဒေလီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ UNESCOက ကမ္ဘာ့ အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် တာ့ဂ်ျမဟာ ဂူဗိမာန်ကြီး ရှေ့ဘက်ရှိ ခုံတန်းတွင် အိုလီဗီရာက ဖိနပ်ကြော်ငြာ တစ်ခုအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပြီး ယင်းနေရာကို အခွင့်မရှိဘဲ ဓာတ်ပုံမရိုက်ရန် ကန့်သတ်ထားသည်။

ထိုခုံသည် (၁၉၉၂)ခုနှစ်က ဗြိတိသျှ အိမ်ရှေ့စံမင်းသား ချားလ်စ်ကို လက်ထပ်ခဲ့ရသည့်အတွက် စိတ်ပျက်ဝမ်းနည်းမှုကို လှစ်ဟပြသည့် အနေဖြင့် မင်းသမီး ဒိုင်ယာနာ တာ့ဂ်ျမဟာသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးသည့် နေရာလည်း ဖြစ်သည်။ ဒိုင်ယာနာ ထိုင်ခုံဟု အမည်ပေးထားသော နေရာတွင် ဓာတ်ပုံရိုက်ရန်အတွက် အိန္ဒိယ ရှေးဟောင်း သုတေသန ဌာန၏ ခွင့်ပြုချက် လိုအပ်သော်လည်း ယင်းကို မျက်ကွယ်ပြုခဲ့ခြင်းသည် စော်ကားမှု တစ်ခုဟု အိန္ဒိယ မီဒီယာများက ရေးသားခဲ့သည်။ ဒေလီ ရဲတပ်ဖွဲ့ကလည်း မိမိတို့သည် အဆိုပါ ဖြစ်စဉ်အပေါ် အလေးအနက် စုံစမ်းနေကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယနွယ်ဖွား တစ်ဦးဖြစ်ပြီး Jonas Brothers အဖွဲ့နှင့်အတူ AIDS တိုက်ဖျက်ရေး (၁၀)ရက်ကြာ ခရီးစဉ်အဖြစ် ဒေလီသို့ ရောက်ရှိခဲ့သည့် အိုလီဗီရာက ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး "ကျွန်မအနေနဲ့ စော်ကားချင်တဲ့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့တာကို လူတွေ နားလည်ကြပါစေလို့ မျှော်လင့်ပါတယ်။ ကျွန်မ ဆိုလိုချင်တာက ခုချိန်မှာ ကျွန်မဟာ မယ်စကြာဝဠာ အဖွဲ့အစည်းရဲ့ ဝန်ထမ်း တစ်ဦးသာ ဖြစ်ပါတယ်။ ကျွန်မကို ရည်ညွှန်းပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရပါတယ်။ အိန္ဒိယကို ကိုယ်စားပြုဖို့ဆိုရင် တာ့ဂ်ျမဟာထက် ပိုကောင်းတဲ့ ပြယုဂ် မရှိနိုင်ဘူးလို့ အဖွဲ့အစည်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ လုပ်ရပ်က ကြီးမားတဲ့ စော်ကားမှုလို ဖြစ်သွားတယ် ဆိုရင်တော့ ကံမကောင်းလို့ပါပဲ။ ရိုးရိုးသားသား ပြောရရင်တော့ ကျွန်မလုပ်ရပ်က ရည်ရွယ်ချက် လုံးဝ မပါခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။

မယ်စကြာဝဠာ အဖွဲ့အစည်းကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ တာ့ဂ်ျမဟာမှ ကြော်ငြာဓာတ်ပုံ ကဏ္ဍသည် စီးပွားရေးအတွက် အသုံးပြုရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် မရိုမသေပြုမှု မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။ "အဖွဲ့အစည်းအနေနဲ့ ရည်ရွယ်ချက် မပါခဲ့ပေမယ့် ထိခိုက်မှု တစ်ခုခု ခံစားရသူတိုင်းကို လေးလေးနက်နက် တောင်းပန်ချင်ပါတယ်"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အစောပိုင်းက အိန္ဒိယ မီဒီယာများက စည်းမျဉ်းချိုးဖောက်မှုကြောင့် တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားပါက အိုလီဗီရာ အနေဖြင့် ထောင်ဒဏ်(၂)နှစ်ထိ ဖြစ်စေ၊ ရူပီးငွေ (၁)သိန်းထိဖြစ်စေ ကျခံရနိုင်ကြောင်း ရေးသားခဲ့ကြသည်။ အိုလီဗီရာသည် Jonas Brothers အဖွဲ့မှ နစ်ခ်ဂျိုနက်စ်နှင့် ချစ်သူများ ဖြစ်နေပြီး ဒေလီသို့ မလာရောက်မီ နစ်ခ်၏ မွေးနေ့ကို လာ့စ်ဗီးဂက်စ်တွင် အတူတကွ ဆင်နွှဲခဲ့ကြသည်။

From:Planet Myanmar Network

No comments:

Post a Comment