Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 22, 2013

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းရှိ တမူးမြို့နယ်တွင် ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ တရားမ၀င် သယ်ဆောင်လာသည့် နံ့သာနီချောင်းများ ဖမ်းဆီးရမိ



မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ တမူးမြို့နယ်တွင် ခန့်မှန်းတန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ တရားမ၀င် သယ်ဆောင်လာသည့် နံ့သာနီချောင်းများကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ပထမပတ် အတွင်းက တမူးမြို့နယ် ပန်းသာရွာ အနီးတွင် အကောက်ခွန် ဦးစီးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယာဉ်တစ်စီးအား စစ်ဆေးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၁၀၀ ခန့်ရှိ နံ့သာနီချောင်း ၂၂၆ ချောင်း၊ အလေးချိန် ၃၅၃၀ ဒသမ ၆ ပိဿာအား တရားဝင် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ သယ်ဆောင်လာသဖြင့် ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ တီးတိန်မြို့နယ် ရိဒ်စစ်ဆေးရေး စခန်းတွင်လည်း စက်တင်ဘာ ပထမပတ် အတွင်းကပင် ခရီးသည်တင် ယာဉ်တစ်စီးပေါ်ရှိ ခရီးဆောင် အိတ်များကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိတ်နှစ်လုံးအတွင်းမှ တားမြစ်ပိတ်ပင်ထားသော သင်းခွေချပ် အခွံခြောက် ဆိုက်စုံ ၁၅ ကီလို (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့်) အား တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်လည်း သြဂုတ်လကုန်ပိုင်းက နောက်ချေးများဖြင့် ဖုံးအုပ်သိုဝှက် သယ်ဆောင်လာသည့် အလေးချိန် နှစ်တန်ခန့်ရှိ ပိတောက်သား သစ်ခွဲခြမ်း လေးတုံး (ခန့်မှန်းတန်ဖိုး ကျပ် ၂၅ သိန်းခန့်) အား တရားဝင် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ သယ်ဆောင်လာသဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာရေးနှစ် ဧပြီမှ သြဂုတ်လအထိ ငါးလတာ ကာလအတွင်း ရန်ကုန်လေဆေိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၆၀၀ ကျော်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီးနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရန်ကုန်လေဆိပ်နှင့် ရေဆိပ်များတွင် ဖမ်းဆီးရမိမှု အနေဖြင့် အမှုတွဲ ၁၅၁ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၇၈၅၁ ဒသမ ၁ သိန်းရှိပြီး နယ်စပ်ဝင်ပေါက်များမှ စုစုပေါင်း အမှုတွဲ ၁၁၄ မှု ခန့်မှန်းတန်ဖိုး ကျပ် ၈၄၇၃ ဒသမ ၅ သိန်း ရှိသဖြင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၆၃၂၄ ဒသမ ၆ သိန်း(ကျပ်သန်း ၁၆၀၀ ကျော်) ရှိကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်သယ်ဆောင်မှုများကို အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ (Mobile Team) များကလည်း ကုန်သွယ်ရေး လမ်းကြောင်းများ၊ ရန်ကုန်တိုင်း ဒေသကြီးရှိ ကမ်းရိုးတန်း ဆိပ်ကမ်းများတွင် တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန် ပညာပေး အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

(ဖမ်းဆီးရမိသည့် နံ့သာနီချောင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန် ဦးစီးဌာန))

Eleven Media Group

No comments:

Post a Comment