Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 14, 2013

သင်္ဃန်းကျွန်း စက္ကူစက်ရုံ မီးလောင်မှုဖြစ်ပွား



အေးလှိုင်၊ ထိုက်သူဇော်၊
ရန်ကုန်၊ စက်တင်ဘာ-၁၄

သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်း (က)ရပ်ကွက် အောင်တံခွန်လမ်းနှင့် စကားဝါလမ်းထောင့်ရှိ နိုဘယ်လ်ဝင်း စက္ကူစက်ရုံ၌ စက်တင်ဘာ ၁၄ ရက်
ည ၇ နာရီ၁၅ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုကို ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ၇ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း နှင်းဆီကုန်း(က) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က စံတော်ချိန်သို့ ပြောကြားသည်။
'ကျွန်တော် သိသိချင်း အဲဒီနေရာကို ရောက်သွားတော့ မီးသတ်ကားတွေ မီးငြှိမ်းသတ်နေတာ တွေ့ရတယ်။ ပိုင်ရှင်က စိုးရိမ်စိတ်နဲ့ သူရဲ့စက် ရုံဝင်းတံခါးကို မဖွင့်ပေးဘူးလို့ သိရတယ်။ ရပ်ကွက်နေသူတွေက ကျော်လွှားပြီး မီးငြှိမ်းသတ်ခဲ့ရတယ်' ဟု ၎င်းက ဆိုသည်။ မီးလောင်ခဲ့သည့် နိုဘယ်လ်ဝင်း စက္ကူစက်ရုံသည် လူနေအိမ်များနှင့် အရမ်း နီးကပ်နေပြီး လုပ်ငန်းကို ဖျက်သိမ်းဖို့ ပြောဆိုထားကြောင်း၊ အဆိုပါ စက္ကူစက်ရုံပိုင်ရှင်မှာ ဦးဝင်းတင်ရွှေ ဖြစ်ပြီး အဆိုပါ စက္ကူလုပ်ငန်းကို လုပ်ကိုင်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
'စက်ရုံမီးစလောင်တာက စက္ကူပျော့ဖတ်အခြောက်လှန်းတဲ့ အခန်းက မီးစလောင်တယ်လို့ သိရတယ်။ တာဝန် ရှိသူတွေရဲ့ သုံးသပ်ချက်ကိုတော့ အတိအကျ မသိရသေးဘူး။ ၀ါယာရှော့ခ်ကြောင့်လား။ ဆေးလိပ်မီးပွားကလား ဆိုတာ စုံစမ်းနေတုန်းပါ'ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ စက္ကူစက်ရုံ၌ မီးလန့်မှု ဖြစ်ပွားသည်မှာ တစ်ကြိမ်ထက်မနည်းတော့ကြောင်း၊ ဖြစ်သည့်အခါတိုင်း ပိုင်ရှင်က တံခါးမဖွင့်ပေးဘဲ ကျိတ်၍ ငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် ရပ်ကွက်နေပြည်သူများက မီးဘေး အန္တရာယ်စိုးရိမ်နေရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

|စံတော်ချိန်သတင်းစာ၊ အတွဲ(၁)၊ အမှတ်(၁၅၅)
၊တနင်္ဂနွေနေ့(၁၅-၉-၂၀၁၃)|

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment