Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

တွေးရခက်သော အင်္ဂလိပ်ဝေါဟာရများ 4 - တက္ကသိုလ်ထင်ကြီး


At a pinch ဟူသောအင်္ဂလိပ်သုံးရိုးစကား၌ pinch မှာ “နာမ်” ဖြစ်၍ ၁။ (လက်မနှင့် လက်ညှိုးဖြင့်) ညှပ်ခြင်း၊ ညှပ်ကိုင်ခြင်း ၂။ လက်တစ်ဆိတ်စာဟူသော အနက်များပေးသည်။ သို့ဖြစ်၍ ထိုစကားစုကို အဖြောင့်အနက်ပြန်မည်ဆိုပါက  (လက်မနှင့်လက်ညှိုးဖြင့်) ညှပ်ခြင်း၊ ညှပ်ကိုင်ခြင်းပြုသောအခါ “လက်တစ် ဆိတ်စာမျှရှိသောအခါ”  ဟူ၍ နားလည်ရမည်ဖြစ်ပြီး အဓိပ္ပာယ်ရှင်းမည် မဟုတ်ချေ။
စကားလုံး၏ တိုးချဲ့ အဓိပ္ပာယ်ကိုတွေး၍ “အညှပ်ခံရလျှင် စိတ်ဆင်းရဲသည်၊ အကျပ်အတည်းဖြစ် သည်” ဟူသော အနက်အထိ ဆွဲဆန့်မှသာ ထိုသုံးရိုးစကား၏ အဓိပ္ပာယ်မှန်ဖြစ်သည့် “အကျပ်အတည်းဖြစ် နေပါက၊ မလွှဲမရှောင်နိုင်ပါက” ဟူသော အနက်ကို ရပေမည်။
We can get six people round the table at a pinch.
(မလွှဲမရှောင်သာက စားပွဲတွင် လူခြောက်ယောက် ထားနိုင်သည်။)
ဖော်ပြခဲ့သော အသုံးအနှုန်း at a pinch မှာ ဗြိတိသျှအသုံးအနှုန်းဖြစ်၍ အမေရိကန်သုံးရိုးမှာ in a pinch ဖြစ်ပြီး အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်။
In a pinch a new doctor will do.
(မလွှဲသာလျှင် ဆရာဝန်အသစ်ကို သုံးရမှာပဲ။)
အပေါ်ယံအားဖြင့် moment of truth ဟူသော သုံးရိုးစကားကို အဓိပ္ပာယ်ဖော်မည်ဆိုပါက truth မှာ “မှန်ကန်ခြင်း” “အမှန်” ဖြစ်သောကြောင့် ထိုစကားစုကို “မှန်ရာမှန်ကြောင်း ဖြစ်ပေါ်လာသည့် အခြေအ နေ” ဟူ၍ဖြစ်စေ၊ စကားတန်ဆာဆင်၍ အဓိပ္ပာယ်ပေးပါက “သစ္စာတရားပေါ်ထွန်းသည့်အချိန်အခါ” ဟူ၍ ဖြစ်စေ ဆိုရပေလိမ့်မည်။ သို့သော် ထိုသုံးရိုးစကား၏ ဆိုလိုရင်းမှာ “အရေးကြီးသည့်အချိန်” “အမြန်အဆုံး အဖြတ်ပေးရမည့်အခါ” ဟူ၍ ဖြစ်သည်။
When he was graduated it was a moment of truth for him whether to join the Tatmadaw or go into business.
(သူ ဘွဲ့ရသောအခါ တပ်မတော်ထဲ ဝင်ရမလား၊ စီးပွားရေးလုပ်ရမလားဟူသည့် အရေးကြီးသော ဆုံးဖြတ်ချက်ချရန် အချိန်ရောက်လာသည်။)
Under one's belt ဟူသော သုံးရိုး၏ အဓိပ္ပာယ်ကို အဖြောင့်တွေး၍ မရပေ။ အဖြောင့်ဘာသာပြန် ရလျှင် “သူ တစ်ဦးဦး၏ ခါးပတ်အောက်တွင်”  ဟူ၍ ဖြစ်သည်။ ထိုစကားရပ်၏ ဆိုလိုရင်းမှာ “အတွေ့အကြုံ ရှိခဲ့သည်” ဟူ၏။
Marcos had two decades of uninterrupted autocratic rule under his belt. (Time)
“ဖိလစ်ပိုင်သမ္မတဟောင်း” မာ့ကို့စ်သည် အနှစ်နှစ်ဆယ်မျှ တောက်လျှောက် သူ့သဘောအတိုင်း အုပ်ချုပ်ခဲ့သည့် အတွေ့အကြုံရှိသည်။
မြန်မာများသည် သခွားသီး၊ ပဲသီးတောင့်၊ သံပရာရွက်၊ ဥသျှစ်ရွက် စသည့် ဟင်းသီးဟင်းရွက်များ ကို ငါးပိရည်ဖြင့် စားသုံးလေ့ရှိသည်။ အနောက်နိုင်ငံ၌လည်း ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ သခွားသီး စသည် တို့ကို ရှလကာရည် သို့မဟုတ် သံပရာရည်ဆမ်းကာ အစိမ်းလိုက် ဟင်းတစ်မည်အဖြစ် ဖြစ်စေ၊ အသား ဟင်းဖြင့် ဖက်၍ဖြစ်စေ စားသုံးကြသည်။ ထိုဟင်းကို salad ဟု ခေါ်သည်။
အင်္ဂလိပ်အသုံးအနှုန်း၌ salad days ဟူ၍ ရှိ၏။ days ဖြင့်တွဲ၍သုံးသော ဝေါဟာရများမှာ အသား ဟင်းမစားသောနေ့ meatless days၊ အလုပ်တက်ရသောနေ့များ working days၊ သမိုင်းဝင်သောနေ့များ historic days ဟူ၍ ရှိရာ salad days ကို “ဟင်းသီးဟင်းရွက်များနေ့” ဟု အဓိပ္ပာယ် ကောက်ရမလို ဖြစ် သည်။
သို့သော် ထိုသုံးရိုးစကား၏ အဓိပ္ပာယ်မှာ “မလိမ်မိုး မလိမ္မာသောအရွယ်၊ ကာလ” ဟူ၏။
We made a lot of mistakes in our salad days.
ကျွန်ုပ်တို့သည် မလိမ်မိုး မလိမ္မာသောအရွယ်က အမှားများစွာ ပြုလုပ်ခဲ့ကြသည်။
Plug ဆိုသည်မှာ “ဘူးဆို့” ဟူ၍ လည်းကောင်း၊ လျှပ်စစ်ဓာတ်ဆက်သွယ်ရာ၌ ထိုးသွင်းရသည့် သတ္တုချောင်းကလေးနှစ်ခုပါသည့် လျှပ်စစ်ပစ္စည်း “ပလပ်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ပေးသည်။
သို့ဖြစ်ရာ to pull the plug on ဆိုသော စကားအသုံးအနှုန်း၌ လျှပ်စစ်ဓာတ်ဆက်သွယ်သည့် ပလပ်ကို ဖြုတ်လိုက်သောအခါ တစ်နည်းဆိုလျှင် “အားပေးခြင်းကိုဖြတ်လျှင်၊ အဆက်အသွယ်ကို ဖြတ် လျှင်” ဟူသော အဓိပ္ပာယ်ကို ပေးသည်။
The U.S. will be worse off, both diplomatically and militarily, if it pulls the plug on the treaty. (Time)
အကယ်၍ ထိုစာချုပ်ကို ရပ်စဲလိုက်လျှင် အမေရိကန်သည် သံတမန်ရေးရာအရလည်းကောင်း၊ စစ် ရေးရာအရလည်းကောင်း အကျိုးပိုမို၍ ပျက်စီးရပေမည်။
အောင်မြင်သည်ဟု မျှော်လင့်တကြီးဖြင့် ကြိုးစားသော်လည်း မအောင်မြင်ပါက “ပက်လက်လန် သွားတာပဲ” ဟု ဆောက်တည်ရာမရဖြစ်သည်ကို မြန်မာတို့က ပြောလေ့သုံးနှုန်းလေ့ရှိသည်။ အင်္ဂလိပ် ဝေါ ဟာရ၌လည်း go belly up ဟူ၍ တိုက်ရိုက်ဘာသာပြန်ရသော် ပက်လက်လန်သွားသည်ဆိုသော စကားရှိ ၏။ သို့သော် အဓိပ္ပာယ်မှာ မြန်မာအနက်ကဲ့သို့ ဆောက်တည်ရာမရဖြစ်သည်အထိ မရောက်။ “ဒေဝါလီခံရ သည်” အထိသာ အနက်ပေးသည်။ ဒေဝါလီခံရပြီးနောက် ဆောက်တည်ရာမရဖြစ်သည်အထိ မရောက်ပေ။
Tetra Pak can teach news-comers a thing or two about going belly up in Japan. (Newseek)
ဂျပန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းလုပ်ရာ၌ ဒေဝါလီခံရပုံကို စီးပွားရေးလာလုပ်သူ လူသစ်များအား တက်ထရာပတ်သည် သြဝါဒ တစ်ခုနှစ်ခု ပေးနိုင်သည်။
ဗြိတိသျှတို့က ဓာတ်ဆီကို petrol ဟုခေါ်၍ အမေရိကန်တို့က gas (gasoline ၏ အတိုကောက်) ဟု ခေါ်သည်။
Step on the gas ဟူသော အသုံးအနှုန်းမှာမူ လူမျိုးနှစ်မျိုးစလုံးသုံးသည်။ သာမန် အဓိပ္ပာယ်အား ဖြင့် “ဓာတ်ဆီကို နင်းပါ” ဟု ဖြစ်သော်လည်း ဆိုလိုသည်မှာ “အရှိန်ပေးခြေနင်းကို နာနာနင်းပါ” ဟူ၏။ မြန် မာကားမောင်းသူတို့၏ ဝေါဟာရဖြင့် ပြောရလျှင် “လီဗာနင်းပါ”  ဟု ဆိုလိုသည်။
He warned me not to step on the gas when I am on a busy road.
အသွားအလာရှုပ်သော လမ်းပေါ်၌ ကားကို မြန်မြန်မမောင်းရန် ကျွန်တော့အား သူ သတိပေး သည်။
တက္ကသိုလ်ထင်ကြီး
The Melting Pot 4 U - Learning English

No comments:

Post a Comment