Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 17, 2013

ရွှေကူတွင် သက်တမ်းနှစ် ၂၀၀ ကျော်ရှိ ရှေးဟောင်းဂူဘုရားတစ်ဆူ ပြိုကျ



  • Sunday, August 18, 2013

    ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အမှတ်(၄) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်း နဖူးပေါ်တွင် တည်ထားသော သက်တမ်းနှစ် ၂၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည့် ရှေးဟောင်း ဂူဘုရားတစ်ဆူမှာ မြစ်ရေ တိုက်စားမှုကြောင့် သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်ခန့်တွင် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီက The Voice သို့ ပြောကြားသည်။

    ပြိုကျ ပျက်စီးသွားခဲ့သော ဂူဘုရားမှာ ဉာဏ်တော်အားဖြင့် ၁၈ တောင် အမြင့် ရှိပြီး အမည်အားဖြင့် မသိရှိရသေးကြောင်း၊ အဆိုပါဂူဘုရားကို အင်္ဂတေမပါဘဲ အလျား ၁၈ လက်မ၊ အနံ ခြောက်လက်မနှင့် ထု သုံးလက်မ ရှိသော ရှေးဟောင်းအုတ်ချပ်များကို စီထားသည့် နည်းပညာဖြင့် တည်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းဂူဘုရားကို ညောင်ပင်ကြီးတစ်ပင်က မျိုထားသည်မှာ အနှစ် ၄၀ ခန့်ရှိပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက ရှင်းပြသည်။

    “ဒီက သက်ကြီးဝါကြီး ဆရာတော်တွေနဲ့ ဒေသခံတွေ ပြောတာကတော့ လက်ရှိမြဝတီဘုန်းကြီးကျောင်းမှာရှိတဲ့ ရန်ပြေမာန်ပြေ စေတီတော်နဲ့ ညီနောင်ဘုရားလို့ သိရတယ်။ ပြိုကျသွားတဲ့ ဘုရားသမိုင်း အတိအကျ သိဖို့တော့ ရှာဖွေနေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

    လက်ရှိမြဝတီ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ရန်ပြေမာန်ပြေ စေတီတော်ကို မြန်မာသက္ကရာဇ် ၁၀၅၉ ခုနှစ် တော်သလင်းလတွင် ရွှေကူမြို့စား ဦးရပ်စောက်နှင့် မြို့စားကတော် မညိုတို့က ညောင်ရမ်းမင်း အဆက်အနွှယ် ဖြစ်သော ဝမ်းဘဲအင်းစံမင်း လက်ထက်တွင် ဘုရင့်ထံမှ ရရှိသည့် ဌာပနာတော်များဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ မပြိုမပျက်ဘဲ သက်တမ်းအားဖြင့် ၂၂၆ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ဒေသခံ ဆရာတော်များ၏ အဆိုအရ သိရသည်။

    ပြိုကျသွားသည့် ဘုရားအုတ်ပုံကို ရှင်းလင်းခဲ့ရာတွင် မြေအောက် ၁၅ ပေခန့် အနက်ရှိ ဌာပနာတိုက်အတွင်းမှ ဗုဒ္ဓဆင်းတုတော် ငါးဆူနှင့် ဗုဒ္ဓဝင်ပုံတော် ၁၄ ဆူခန့်ကိုသာ တွေ့ရှိရပြီး အခြားမည်သည့် ဌာပနာကိုမှ မတွေ့ရှိရကြောင်း၊ တူးဖော်ရရှိထားသော ဌာပနာတော်များကို မြို့နယ် သံဃာ့နာယက ဆရာတော်များ၏ လမ်းညွန်မှုဖြင့် အမှတ်(၄) ရပ်ကွက်ရှိ ပတ္တမြားမင်းကျောင်းတွင် ထိန်းသိမ်းထားရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက ဖြည့်ဆွက်ပြောကြားသည်။

    “ဒီဘုရားပြိုလို့ အိမ်မှာရှိတဲ့နို့စို့ ကလေးတောင် ပစ်ထားပြီး သွားကြည့်တယ်။ရွှေတွေအများကြီး ဌာပနာထည့်ထားတယ်ဆိုပြီး အဆိုရှိတယ်” ဟု အသက် ၄၀ ခန့်ရှိ ဒေသခံအမျိုးသမီတစ်ဦးက ဆိုသည်။

    ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ် လယ်ရှိ ဇေယျာဘုမ္မိ ရွှေပေါ်ကျွန်းတွင် အသောကမင်းကြီး တည်ထားသော ဘုရားစေတီများရှိပြီး မြို့နှင့် အနီးတဝိုက်တွင်လည်း သမိုင်းဝင် စေတီပုထိုးများ၊ ရှေးဟောင်းဘုရားများ အများအပြား ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

    The Voice Weekly

No comments:

Post a Comment