Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 22, 2013

မွေးရာပါ တင်ပါးဆုံ အဖုအကျိတ်ရှိ ကလေးငယ် ခွဲစိတ်ရန် အသက်အန္တရာယ်ရှိဟုဆို

မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် တက်ရောက် ကုသနေသည့် ကလေးငယ်၏ ခန္ဓာကိုယ် အပြင်ဘက်ရှိ မွေးရာပါ တင်ပါးဆုံ အဖုအကျိတ်ကို ခွဲစိတ်ရန်အတွက် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် လတ်တလော ခွဲစိတ်ရန် မဖြစ်နိုင်သေးကြောင်း အဆိုပါ ကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစိန်ဟန်က The Voice သို့ ပြောကြားသည်။

အဆိုပါ ကလေးငယ်၏ မွေးရာပါ တင်ပါးဆုံ အဖုအကျိတ်ကို ခွဲစိတ် ဖြတ်တောက်ပါက ကင်ဆာပိုး ပျံ့နှံ့နိုင်ပြီး သွေးထွက်လွန်ခြင်း၊ အသားဝါခြင်းနှင့် အဖျားဝင်ကာ သေဆုံးသွားနိုင်ခြင်းကြောင့် ဖြစ် ကြောင်း ဆရာဝန်ကြီးက သုံးသပ် ပြောကြားသည်။

ယင်းကဲ့သို့ ခွဲစိတ်နိုင်ရေးအတွက် တင်ပါးဆုံ အဖုအကျိတ် ကျုံ့သွားစေရန်အတွက် ဆေးသွင်း ကုသနေပြီး အသက် အန္တရာယ် မရှိစေဘဲ ခွဲစိတ် ကုသရေးကို ဒုတိယအဆင့်အဖြစ် ကုသသွားမည် ဖြစ်ကြောင်း ဒေါက်တာစိန်ဟန်က ထပ်မံ ပြောကြားသည်။

“တချို့က အခု ခွဲစိတ်မပေးတာ ငွေကြေး မတတ်နိုင်ဘူးလို့ ထင်နေကြတာ။ ကျွန်တော်တို့ ဆေးရုံမှာ ဆေးရော၊ လူအင်အားရော အကုန် ရှိပါတယ်။ Facebook ကနေ တစ်ဆင့် လာလှူကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့က အလှူ မခံပါဘူး။ လှူချင်ရင် လူနာရှင်ဆီကို တိုက်ရိုက် သွားလှူနိုင်ပါ တယ်။ ငွေတွေကိုတော့ ဘဏ်မှာ လူနာနာမည်နဲ့ ငွေစာရင်းဖွင့်ပြီး အပ်ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် လက်ပံပင် ကျေးရွာဇာတိ အဆိုပါ ကလေးငယ်မှာ မန္တလေး ကလေး ဆေးရုံကြီးသို့ သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ တက်ရောက် ကုသလျက်ရှိရာ ယင်းကလေးကို အင်တာနက် စာမျက်နှာမှ တစ်ဆင့် သိရပြီး မန္တလေးမြို့ပေါ်နှင့် အခြား မြို့နယ်များရှိ အလှူရှင်များက မန္တလေး ခုတင် ၅၅၀ ဆံ့ ဆေးရုံသို့ လူနာရှင်နှင့် တိုက်ရိုက် တွေ့ဆုံ၍ ဆေးကုသစရိတ်များ လာရောက် လှူဒါန်းလျက် ရှိကြောင်း၊ အဆိုပါ ကလေးငယ်ကို ဇူလိုင်လကုန်တွင် ရွာငံ ဆေးရုံ၌ မွေးဖွားခဲ့ကြောင်း ဆေးရုံအုပ်ကြီးက ထပ်မံ ပြောကြားသည်။

“ကလေးက မွေးရာပါပါ။ ရှမ်းပြည်တောင်ပိုင်းကနေ လာကုတာပါ။ အဆင်ပြေပါတယ်။ လာရောက် လှူဒါန်းတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာဝန်တွေကတော့ ခွဲစိတ်ရမယ်လို့တော့ ပြောပါ တယ်” ဟု ကလေး၏ ဖခင်ဖြစ်သူ ဦးမြင့်သန်းက ဆိုသည်။

ယင်း ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တင်ချင်းဆက် ယောက်ျားလေး အမြွှာကို ပထမဆုံးအကြိမ် ခွဲစိတ် အောင်မြင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment