Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 1, 2013

ဆီကြေး (ဂျီး) နံ့ ပြယ်လာသည့် ကားဝပ်ရှော့များ

(ရဲဇွန်အောင်)

မြောက်ဥက္ကလာ သုဓမ္မာ လမ်းမပေါ်ရှိ သူတို့ ဝပ်ရှော့လေးသည် များစွာ ပြောင်းလဲသွားလေပြီ။ ပြီးခဲ့သည့်နှစ်က မော်ဒယ်လ်မြင့် ယာဉ်များ လာရောက် ပြင်ဆင်စဉ် မလုပ်တတ် မကိုင်တတ် အနေအထားကို သူတို့ကဲ့သို့ ကားဝပ်ရှော့ စက်ပြင်ဆရာတို့ တဖြည်းဖြည်း ကျော်လွှားနေပြီ ဖြစ်သည်။

ဝပ်ရှော့လေးတင်မက ဝပ်ရှော့မှ စက်ပြင်ဆရာ ကိုကျော်ကျော်သည်လည်း ပြောင်းလဲလာပြီ။

“မနှစ်က နှစ်လယ်လောက်က မှတ်မှတ်ရရ ကျွန်တော်တို့ရဲ့ ဝပ်ရှော့မှာ မော်ဒယ်လ်မြင့် ကားတစ်စီး လာအပ်တယ်။ ကားက မော်ဒယ်လ် အသစ်၊ ပြဿနာက ကားချက် မီးလင်းနေတာ။ ဒါပေမဲ့ ဘာလုပ် ရမှန်း မသိဘူး” ဟု ကိုကျော်ကျော် (အမည်လွှဲ) က ၎င်း၏ မော်တော်ယာဉ် ပြုပြင်မှု အတွေ့အကြုံ တစ်ခုကို ပြန်ပြောပြသည်။

“ချက် မီးလင်းတယ်ဆိုတာ ကွန်ပျူတာ ဘောက်စ်ကနေ Error ပြလိုက်တာ။ ဒါပေမဲ့ အဲဒီအချိန်တုန်း က သိမှ မသိတာ။ အဲဒီတော့ ဘာလုပ်လိုက်လဲဆိုတော့ အဲဒီ မီးနဲ့ ဆိုင်တဲ့ ကြိုးကို လိုက်ရှာတယ်။ ပြီးတော့ ဖြတ်လိုက်တယ်။ ပိုဆိုးသွားရော။ ကောင်းချင်လို့ ပြင်မှ ပိုဆိုးသွားပါလေရော” ဟု သူက ဆက် ပြောပြသည်။

၂၀၁၂ ခုနှစ်အတွင်း အစိုးရက မော်တော်ယာဉ် တင်သွင်းသည့် မူဝါဒကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာထုတ် မော်ဒယ်လ်မြင့် ကားများ ဝင်ရောက် လာခဲ့သည်။

ယင်းနောက်ပိုင်းတွင် မော်ဒယ်လ်မြင့် ကားများ ပြုပြင်ရာတွင် ကိုကျော်ကျော်တို့ ကဲ့သို့သော စက်ပြင်ဆရာများမှာ အခက်အခဲများ မကြာခဏ ဖြစ်ပေါ်ခဲ့ကြသည်။ အဓိက ပြဿနာမှာ ကွန်ပျူတာ ထိန်းချုပ်စနစ် ပါဝင်သော အဆင့်မြင့် မော်ဒယ်လ်ကားများကို ကျွမ်းကျင်စွာ ပြုပြင်နိုင်သော ဝပ်ရှော့များ မရှိခြင်း ဖြစ်သည်။

မော်တော်ယာဉ် အရောင်းပြခန်းများ အပြိုင်အဆိုင် ဖွင့်လှစ်လာကြပြီး အရစ်ကျ စနစ်ဖြင့်ပါ ရောင်းချ လာကြခြင်းကြောင့် ယခင်က အများစု လက်လှမ်း မမီသော ကားအမျိုးအစားများ ရန်ကုန် လမ်းမများ ပေါ်တွင် ပြည့်ကျပ်လာကြတော့သည်။

ယင်းအခြေအနေ၏ နောက်ဆက်တွဲအဖြစ် မော်တော်ယာဉ် ပြုပြင်သည့် အလုပ်ရုံများလည်း ခေတ်ပြောင်း ကြရလေပြီ။

ယခုနောက်ပိုင်း ဝင်ရောက်လာသော ကားအမျိုးအစားများတွင် OBD (On-Board Diagnostics) ဟု အလွယ် ခေါ်ဆိုသော ကွန်ပျူတာ ဘောက်စ်များ ပါဝင်လာခဲ့ပြီး ယခင် မိရိုးဖလာ ကားပြင်ရုံများမှာ ကွန်ပျူတာ ထိန်းချုပ်စနစ် ပါဝင်သော ကားများကို ပြုပြင်ရန် အခက်အခဲများ ဖြစ်စေသည်။

“ကား တစ်စီးလုံး ကိုယ့်ရှေ့မှာ ရှိနေလျက်နဲ့ တောင်မှ ဘာလုပ်ရမှန်း မသိဘူး” ဟု တာမွေမြို့နယ်ရှိ ကားဝပ်ရှော့ တစ်ခုမှ လုပ်ငန်းရှင် ဦးမင်းညွန့်က ဆိုသည်။

Computerized စနစ်ဖြင့် မော်ဒယ်လ်မြင့် မော်တော်ယာဉ်များ ပြုပြင်နိုင်ရန် အလုပ်သမားများ သာမက ကိုယ်တိုင် သင်တန်း တက်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ဒါပေမဲ့ ခေတ်ကို လိုက်ပြီး ပြောင်းလဲရတာပေါ။ မပြောင်းလဲနိုင်ရင် ကိုယ်ပဲ ကျန်ခဲ့မှာကိုး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

OBD စနစ်သည် မော်တော်ယာဉ် တစ်စီးလုံး၏ ချို့ယွင်းချက်၊ အားနည်းချက်များကို အမြန်ဆုံးနှင့် အလွယ်ကူဆုံး ရှာဖွေ ပြုပြင်နိုင်ရန် တီထွင် တပ်ဆင်ထားသော စနစ်ဖြစ်ပြီး ယခုအခါ စမတ်ဖုန်း၊ တက်ဘလက်တို့ဖြင့်ပါ ချိတ်ဆက် လုပ်ကိုင်နိုင်နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် OBD စနစ်သည် အသစ် တင်သွင်းလာသော မော်တော်ယာဉ် အားလုံးနီးပါးတွင် ပါဝင်နေပြီ ဖြစ်ပြီး ပို၍ အဆင့်မြင့်သော မျိုးဆက် OBD II စနစ်ကိုပါ သုံးစွဲနေကြပြီး ဖြစ်သည်။

“ကျွန်တော်တို့ဆီ လာတာတွေက ဂျပန်ကားတွေ။ ဒီမှာပါလာတဲ့ အချက်အလက်တွေက တချို့ဟာ တွေက ဂျပန်စာတွေနဲ့ Owner Manual ဆိုတာတွေကအစ ဂျပန်စာတွေနဲ့ဆိုတော့ တော်တော်များများက Service Manual တွေ ဘာတွေ လိုက်ရှာတာကအစ ဒုက္ခ ရောက်ကြတယ်။ မတွေ့ကြဘူး” ဟု ဦးမင်းညွန့်က အစပိုင်းကာလ အခက်အခဲများကို ပြောပြသည်။

ယင်းအပြောင်းအလဲနှင့်အတူ မော်ဒယ်လ်မြင့် ကားများ ပြုပြင်ခြင်းကို သီးသန့် သင်ကြားပေးသော သင်တန်းများ ပေါ်ပေါက်လာကာ ကားဝပ်ရှော့ အချို့က ဝန်ထမ်းများကို သင်တန်း တက်ရောက်စေ ခြင်းများ ရှိလာကြသည်။

“ကျွန်တော်တို့ သင်တန်းစဖွင့်တဲ့ အချိန်တုန်းက မော်ဒယ်လ်ကားတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတက ဒီမှာ သိပ်မရှိကြသေးဘူး။ တစ်ခုခုဖြစ်တယ်ဆိုရင် ဝပ်ရှော့သွားတယ်။ အဆင်မပြေကြဘူးလို့ ပြောကြ တယ်” ဟု ၂၀၁၂ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သော Engine Doctor Engineering သင်တန်းကျောင်းမှ နည်းပြ ဦးကျော်သူမင်းက ဆိုသည်။

မော်တော်ယာဉ် ပြုပြင်ရေး လုပ်ငန်းများကလည်း မိမိတို့ အလုပ်သမားများကို မော်ဒယ်လ်မြင့် ကားပြုပြင်ရေး သင်တန်းများ တက်စေခြင်း များပြားလာကြောင်း အဆိုပါ သင်တန်းများမှ တာဝန်ရှိသူ များက ဆိုသည်။

“သူဌေး (လုပ်ငန်းရှင်) က ကွန်ပျူတာနဲ့ ကားပြင်တဲ့ သင်တန်း တက်ရမယ်လို့ ပြောတယ်။ အင်္ဂလိပ် စာတွေ ဘာတွေ ပြန်ကြည့်ထားဆိုလို့ အခု ပြန်လေ့လာ နေရတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ကျော်ကြား ကား ဝပ်ရှော့မှ ဝန်ထမ်း ကိုနေလင်းအောင်က ဆိုသည်။

နောက်ပိုင်းတွင် ဝပ်ရှော့ ဆရာများနှင့် ဝပ်ရှော့ အလုပ်သမားများသာမက စိတ်ပါဝင်စားသော လူငယ် များပါ မော်ဒယ်လ်မြင့် ကားပြုပြင်ရေး သင်တန်းများကို တက်ရောက်လာကြပြီး အလုပ်အကိုင် အခွင့်အလမ်း တစ်ခု ဖြစ်လာခဲ့သည်။

“ရိုးရိုး ကားပြင် သင်တန်းလည်း တက်ထားတယ်။ အခု ဒီကွန်ပျူတာ ဘောက်စ် သင်တန်းတက်ပြီးရင် ဆားဗစ် စင်တာတွေမှာ ဝင်လုပ်မယ်လို့ စဉ်းစားထားတယ်။ စင်တာတွေကလည်း သင်တန်းကို လာခေါ်တာမျိုး ရှိတယ်” ဟု လက်ရှိ မော်ဒယ်လ်မြင့် မော်တော်ယာဉ် ပြုပြင်ရေး သင်တန်း တက်ရောက်နေသူ တစ်ဦးဖြစ်သည့် ကိုဇော်ဇော်အောင်က ဆိုသည်။

“အများစုကတော့ ဝပ်ရှော့လုပ်ငန်း လုပ်ဖို့ တက်ကြတာ များတယ်။ တချို့တွေက မေးတယ် ဒီက သင်တန်းဆင်းရင် အလုပ် အဆင်ပြေမလား ဆိုတာမျိုးပေါ့” ဟု ဦးကျော်သူမင်းက ဆိုသည်။

လက်ရှိတွင် မော်ဒယ်လ်မြင့် မော်တော်ယာဉ်များကို ကားဝပ်ရှော့ အတော်များများတွင် ပြုပြင်နိုင်ပြီ ဖြစ်သော်လည်း ယခင်အတိုင်း မပြောင်းလဲဘဲ ပုံမှန် မော်တော်ယာဉ် ပြုပြင်ရေး စနစ်အတိုင်း ပြုပြင်ပေးနေသော လုပ်ငန်းများလည်း ရန်ကုန်တွင် အများအပြား ရှိနေသေးသည်။

“ကျွန်တော်တို့ကတော့ အရင်အတိုင်းပဲ ဆက်လုပ်နေရ ဦးမှာပဲ” ဟု တာမွေမြို့နယ် ၁၅၇ လမ်းရှိ ကားဝပ်ရှော့ တစ်ခုမှ အလုပ်သမား ကိုဇေဟိန်း (အမည်လွှဲ) က ပြောသည်။

ယခင် မော်ဒယ်နိမ့် ကားများလည်း ပြည်တွင်းတွင် အမြောက်အမြား ကျန်ရှိနေသေးသောကြောင့် မိရိုးဖလာ ကားဝပ်ရှော့ လုပ်ငန်းများလည်း ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပ မြို့နယ်မှ ကားဝပ်ရှော့ဆရာ ဦးကျော်မြင့်က ဆိုသည်။

“အခုသွင်းလာတဲ့ ယာဉ်တွေမှာ ကွန်ပျူတာစနစ်တွေ ပါလာတယ် ဆိုပေမယ့် ဒီမှာ အရင် ကားဟောင်းတွေက အများကြီး ရှိနေသေးတာပဲ။ လူတိုင်း ကားသစ် ပြောင်းစီးနိုင်တာ မဟုတ်ဘူး။ အရင်တုန်းက ကားစုတ်လေးကိုပဲ ဖက်တွယ်ထားတဲ့သူတွေ အများကြီးပါဗျာ” ဟု သူ၏ အမြင်ကို ပြောပြသည်။

ကွန်ပျူတာဘောက်စ် ပါဝင်သော မော်တော်ယာဉ် အသစ်များကို ပြုပြင်ရာတွင် ရန်ကုန်တွင် အဆင်ပြေသော်လည်း နယ်ဘက်တွင် အခက်အခဲများ ရှိနေသေးကြောင်း ရန်ကုန်တွင် ကွန်ပျူတာ ဘောက်စ် ကားပြုပြင်ရေး သင်တန်း လာတက်သော တောင်ငူမြို့မှ ကားပြုပြင်သူ ဦးသန်းညိမ်းက ဆိုသည်။

“ရန်ကုန်မှာက သင်တန်းတွေလည်း ရှိတယ်။ ဝပ်ရှော့တွေလည်း ပေါလာပြီ။ နယ်ဘက်မှာကျတော့ အဲဒါနဲ့ ပြောင်းပြန် ဖြစ်နေတယ်။ အခုက နယ်ဘက်မှာ ကားအမြင့်တွေ နည်းနေသေးတဲ့အတွက် ပြဿနာ သိပ်မကြီးသေးပေမယ့် နောက်ပိုင်း တစ်နိုင်ငံလုံး ဒီကားတွေပဲ ဖြစ်လာမှာ။ ဒါကြောင့် ဒီမှာ သင်တန်းလာတက်ပြီး ကြိုပြင်ထားတာ” ဟု ၎င်းက ပြောပြသည်။

ယခုကဲ့သို့ ဝပ်ရှော့များတွင် နည်းပညာပိုင်း လျင်လျင်မြန်မြန် ပြောင်းလဲလာခြင်းအပေါ် အမြင်အမျိုးမျိုး ရှိကြသော်လည်း ကားပြင်ဆရာ အများစုကမူ ယခု အပြောင်းအလဲကို သဘောကျကြောင်း ဆိုကြသည်။

“အဓိကကတော့ လူ သက်သာသွားတယ်ဗျာ။ ဒီကားတွေ ပြင်မယ်ဆိုရင် Code ဖတ်နည်းက အဓိကပဲ။ ပြီးရင် ဒီ Code ကို Software ထဲကို သွားပြီးတော့ကြည့်။ ဒီ Code ဆိုရင်တော့ ဘယ်နားမှာဖြစ်တယ်၊ ဘာဖြစ်တယ်ပေါ့။ ပြီးတော့ Error ဖြစ်တဲ့ အစိတ်အပိုင်းကို ဖြုတ်ပြီးလဲ။ လူအများကြီး သက်သာသွား တယ်။ အရင်ကလို တစ်စီးလုံး တစ်စစီ ဖြုတ်နေစရာ မလိုတော့ဘူး” ဟု ဦးမင်းညွန့်က ဆိုသည်။

သို့သော် နည်းပညာ၏ သဘော သဘာဝအရ Error များကို အမြဲတမ်း ပုံသေ သတ်မှတ်ထား၍ မရကြောင်း ၎င်းက ဆိုသည်။

“တချို့အပိုင်းကျတော့ ကုတ်ကို ပြန်ဖျောက်လိုက်တာနဲ့ ရတယ်။ တချို့အပိုင်းကျတော့ Physically အရ ပြန်စစ်ရတာတွေလည်း ရှိတယ်။ မော်တော်ယာဉ်ရဲ့ System ပိုင်းကို နားလည်ရင်တော့ ပိုပြီး ကောင်းတာပေါ့” ဟု သူက ဆက်ရှင်းပြသည်။

ယင်းသို့ နည်းပညာမြင့် ကားများ တင်သွင်းမှု များပြားလာပြီး နောက်ပိုင်းတွင် မော်တော်ယာဉ် ထုတ်လုပ်သည့် Mitsubishi၊ Nissan၊ Toyota အစရှိသော နိုင်ငံတကာမှ မော်တော်ယာဉ် ကုမ္ပဏီ များကလည်း မော်တော်ယာဉ် ဆားဗစ် စင်တာများ ပြည်တွင်းတွင် ဝင်ရောက် ဖွင့်လှစ်လာကြသည်။

ထို့အပြင် နိုင်ငံတကာတွင် သွားရောက် အလုပ် လုပ်ကိုင်ပြီး ပြန်လာသော မြန်မာများ ဖွင့်လှစ်သည့် ဂျပန်၊ ဥရောပနှင့် အမေရိကထုတ် ကားများကို သီးသန့် ပြုပြင်သော အဆင့်မြင့် မော်တော်ယာဉ် ဆားဗစ် စင်တာများလည်း ဖွင့်လှစ်လာကြသည်။

“နိုင်ငံခြား Service Centre တွေမှာ အားသာနိုင်တာ တစ်ခုက သူတို့ ကိုယ်တိုင် လာတယ်။ သူတို့ ထုတ်တဲ့ ကားပဲ။ စက်တွေက သူတို့ဆီမှာ အကုန်လုံး ရှိပြီးသား။ ဒါသူတို့ရဲ့ အားသာချက်ပေါ့။ ကျွန်တော်တို့က ဘေးကနေ ဝင်ရတာဆိုတော့ အခက်အခဲတွေတော့ ရှိတာပေါ့” ဟု ဦးမင်းညွန့်က ဆိုသည်။

ယခင်က မော်တော်ယာဉ်များ၏ System ပိုင်းသည် ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိလှပေ။ ဒီကုမ္ပဏီက ထုတ်ပါက ဒီပုံစံသာ လာမည် ဖြစ်သည်။ ခန့်မှန်း၍ ရသည်။ ယခုအခါ ယင်းကဲ့သို့ မဟုတ်တော့ပေ။

၁၉၉၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တွင် လေထု ညစ်ညမ်းမှုကို ကာကွယ်ရန် ဥပဒေ ထုတ်ခြင်းမှ စတင်ခဲ့သော ကွန်ပျူတာဘောက်စ် နည်းပညာသည် ယခုအခါ ကမ္ဘာပေါ်ရှိ ကား အမျိုးအစား များစွာတွင် တပ်ဆင် သုံးစွဲနေကြပြီ ဖြစ်သည်။

မော်တော်ယာဉ် သစ်တွေလည်း ထပ်ဝင်နေဦးမှာပဲ။ ပြီးတော့ ပြည်ပ မော်တော်ယာဉ် ကုမ္ပဏီတွေ လည်း ဒီမှာ ဒေသနဲ့ ကိုက်ညီတဲ့ ကားတွေ ထုတ်လုပ်လာကြမယ်ဆိုရင် နောက်ပိုင်းမှာ ကွန်ပျူတာ ဘောက်စ် ကားပြုပြင်ရေးက အဓိက ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း တစ်ခု ဖြစ်လာမယ် ထင်တယ်” ဟု ဦးမင်းညွန့်က မှတ်ချက်ပေးသည်။

ကားဝပ်ရှော့များသည်လည်း အပြောင်းအလဲ ရေစီးကြောင်းတွင် ကျန်ရစ် မနေရေး လုံ့လ ထုတ်နေရ ဦးမည်။

ယခင်က မည်းညစ် ပေကြံနေသော ကိုကျော်ကျော်တို့ ကားဝပ်ရှော့ ကြမ်းပြင်သည် ယခုအခါ သပ်ရပ် သန့်ရှင်းလာသည်။ အလုပ်ပါးလျှင် သူတို့ ထိုင်ကစားကြသေးသည်။ ယခင်က မည်းတူးသော၊ စက်ဆီ များ ပေကျံနေသော စက်ကိရိယာများအစား ကွန်ပျူတာ တစ်စုံနှင့် သပ်ရပ် သန့်ရှင်းသော စက်ပစ္စည်း များ အစားဝင်လာသည်။

မြောက်ဥက္ကလာ သုဓမ္မာလမ်းမပေါ်ရှိ သူတို့ ဝပ်ရှော့လေးသည် များစွာ ပြောင်းလဲသွားလေပြီ။

No comments:

Post a Comment