Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 25, 2013

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ကျောင်းသားများကို ဂျပန် သင်တန်းပေးမည်


ရန်ကုန်၊ သြဂုတ် ၂၅

ဂျပန်နိုင်ငံအခြေစိုက် ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်သည့် ကျိုတို တက္ကသိုလ်က ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် နှစ်ခုမှ ကျောင်းသားများကို သင်တန်း ပို့ချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမည့် အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် ပညာရေး ဖော်ဆောင်ရေး စီမံကိန်း၏ ကနဦး ခြေလှမ်းအဖြစ် ယင်းသင်တန်းကို ပို့ချခြင်း ဖြစ်ပြီး နည်းပညာ တက္ကသိုလ်များ၏ မြို့ပြ အင်ဂျင်နီယာ ကျောင်းသားများကို ပထမဦးဆုံး နွေရာသီ သင်တန်းအဖြစ် ပို့ချသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံ အခြေစိုက် ကျိုတို၊ ချီဘာ၊ နီဂါတာ၊ ကန်နဇဝါ၊ အိုကာယာမာ၊ နာဂါ စာကီနှင့် ကူမာမိုတို တက္ကသိုလ်များက JICA မှ တစ်ဆင့် အကူအညီများ ပေးအပ်သွားမည် ဖြစ်ပြီး စီမံကိန်း ကာလမှာ ၂၀၁၃ အောက်တိုဘာလမှ ၂၀၁၈ အောက်တိုဘာလအထိ ကြာမြင့်မည် ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ စီမံကိန်းမှ တစ်ဆင့် မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာ အဆင့် မြှင့်တင်နိုင်ရန်၊ လက်တွေ့ ဗဟိုပြု သင်ရိုးများ ချမှတ်နိုင်ရန်နှင့် တက္ကသိုလ်ဌာန သင်ကြားရေး တာဝန်ရှိသူများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ သုတေသန စွမ်းအား မြှင့်တင်ရန် ရည်ရွယ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

စီမံကိန်းတွင် ပါဝင်သော အစီအစဉ်များမှာ သတ်မှတ်ထားသော ဂျပန် တက္ကသိုလ် ခုနစ်ခုမှ ပညာရှင် များ မြန်မာနိုင်ငံတွင် သင်တန်းများ ပို့ချရန်၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်း များ ဖြည့်ဆည်းပေးရန်၊ ဂျပန် တက္ကသိုလ်များနှင့် တွဲဖက် သုတေသန စင်တာများ ဖွင့်လှစ်ရန်၊ တက္ကသိုလ်များရှိ သင်ရိုးညွှန်းတမ်းများ အဆင့် မြှင့်တင်ရန်၊ လက်တွေ့ သင်ကြားနည်းစနစ်များ အားကောင်းလာစေရန်နှင့် မြန်မာနိုင်ငံမှ ကျောင်းသားများကို ပါရဂူဘွဲ့အထိ သင်ကြားနိုင်ရေး စီစဉ်ပေးရန်တို့ ပါဝင်သည်။

ဂျပန်အစိုးရက JICA မှတစ်ဆင့် ပညာရေး ကဏ္ဍတွင် ကျောင်းသား ဗဟိုပြု ပညာရေးစနစ် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လေ့ကျင့် သင်ကြားရေး ဌာနနှင့် ပူးပေါင်း၍ ယန်း ၃၈၆ သန်း အကုန်အကျခံကာ မြို့နယ်ပေါင်း ၆၀ ကျော်တွင် ယင်း စီမံကိန်းကို အဆင့် နှစ်ဆင့် ခွဲ၍ ဆောင်ရွက် ပေးခဲ့သည်။

ထို့အပြင် ဂျပန်အစိုးရက မကွေးတိုင်းဒေသကြီးတွင် ယန်း ၁ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု ဌာနများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။

No comments:

Post a Comment